DVB Logo
Home
မြန်မာသတင်း
ရက် ၆၀ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ နှင့် CDF၊ CNA ရဲဘော် ၆ ဦးကျဆုံး၊ ရဟတ်ယဥ် ၂ စီး ဖျက်ဆီးနိုင်ခဲ့
DVB
·
February 27, 2023
ရက် ၆၀ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ နှင့် CDF၊ CNA ရဲဘော် ၆ ဦးကျဆုံး၊ ရဟတ်ယဥ် ၂ စီး ဖျက်ဆီးနိုင်ခဲ့
Donate to DVB

Tilim Operation စပြီး တိုက်ပွဲ ဖော်ဆောင်တဲ့ ရက်ပေါင်း ၆၀ အတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သားနဲ့ ရဲ အယောက် ၂၀ သေဆုံးပြီး ၂၅ ဦးနဲ့အထက် ထိခိုက်ဒဏ်ရာရကြတယ်လို့ CDF ထန်တလန်က သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့က စစ်ကောင်စီတပ်သားတွေအတွက် ထောက်ပို့ဖို့ ရောက်လာတဲ့ Mi 17 Transport Helicopter ရဲ့ အစိတ်အပိုင်းအချို့ကို ဖျက်ဆီးနိုင်ခဲ့သလို ဖေဖော်ဝါရီ ၂၆ ရက်နေ့မှာလည်း ထောက်ပို့ဖို့ ရောက်လာတဲ့ MI 17 Transport Helicopter ရဲ့ အစိတ်အပိုင်းအချို့ကို ထပ်မံ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း CB Bank အတွင်းက စကစ တပ်သားနဲ့ ရဲ ၆ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက် ၈ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

ဖေဖော်ဝါရီ ၉ ရက်နေ့ကလည်း စစ်တပ်နဲ့ ရဲအင်အား ၅၀ ဝန်းကျင် အခိုင်အမာ နေရာယူထားတဲ့ ထန်တလန်မြို့တွင်း ရဲစခန်းကို တိုက်ခိုက် သိမ်းယူနိုင်ခဲ့ရာ သေနတ် ၄၀ ကျော် သိမ်းဆည်း ရယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲဖော်ဆောင်တဲ့ ရက်ပေါင်း ၆၀ အတွင်း CDF (ထန်တလန်) ဘက်က ရဲဘော် ၄ ဦးနဲ့ CNA  ရဲဘော် ၂ ဦးတို့ အသက်ပေးလှူခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

Tilim Operation ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်နေ့၊ ည ၁၀ နာရီကစပြီး Chinland Defense Force (CDF) - Thantlang နဲ့ Chin National Army (CNA) တို့ ပူးပေါင်းကာ ထန်တလန်မြို့မှာ ရက်ပေါင်း ၆၀ အတွင်း တိုက်ပွဲဖော်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ 

ရင် ၆၀ အတွင်း အကြမ်းဖက်စစ်ကောင်စီက တိုက်လေယာဉ်၊ ရဟတ်ယာဉ် တို့နဲ့ အကြိမ်ပေါင်း ၉၅ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့သလို လက်နက် ခဲယမ်းက အစ အင်အားအလွန်အကျွံသုံး တိုက်ပွဲ ဖော်ဆောင်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်လာနိုင်လို့ ပြည်သူတွေ သတိပြု သွားလာနေထိုင်ကြဖို့ ချင်းပြည်ကာကွယ်ရေး တပ်ဖွဲ့ (CDF) ထန်တလန်က မနေ့က ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲက ကျေးရွာတွေကို အကြမ်းဖက် စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၃ ဦးနဲ့ Chin Defence Force-Mindat မှ ရဲဘော် ၁ ဦး ကျဆုံးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၅ ရက် ည ၇ နာရီလောက် မင်းတပ်မြို့နယ်ထဲ တပ်စွဲထားတဲ့ စစ်ကောင်စီ ခမရ ၂၇၄ တပ်ရင်းက လက်နက်ကြီးတွေနဲ့ ကျေးရွာတွေဘက်ကို ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ့နေအိမ် ၁ လုံးထိမှန်ပြီး မိသားစုဝင် ၃ ဦး သေဆုံး၊ ကလေးငယ် ၂ ဦးဒဏ်ရာရခဲ့ပြီး CDF ဗိုလ် တဦး လက်နက်ကြီးထိမှန် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

“ဗိုလ်ကြီးဘီလီထန်းက စစ်ဘေးရှောင်စာရင်းသွားကောက်ရင်းနဲ့ကျဆုံးသွားရတာ။ သူက စစ်အာဏာသိမ်းလို့ တော်လှန်ရေးထဲက ဝင်လာတာ အရင်က ဘာသာရေးခေါင်းဆောင်တဦးပါ သူကျဆုံးရတဲ့အတွက် ဝမ်းနည်းမဆုံးဖြစ်ရပါတယ်" လို့ CDF တာဝန်ရှိသူတဦးက ပြောပါတယ်။

ကျဆုံးတဲ့ ဗိုလ်ကြီးဘီလီထန်းဟာ အမှတ် ၄ တိုက်နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ဒု-အုပ်ချုပ်ရေးမှူးဖြစ်ပြီး စစ်ကောင်စီအာဏာမသိမ်းခင်က သမ္မာကျမ်းစာပညာကို မာစတာဘွဲ့ယူထားတဲ့ ခရစ်ယာန်ဘုန်းကြီးတပါး ဖြစ်တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

လက်ရှိမှာတော့ ချင်းပြည်နယ်အတွင်း စစ်ကောင်စီက ဝေဟင်နဲ့ မြေပြင်က စစ်ကြောင်းထိုး တိုက်ခိုက်တာ၊ ရိက္ခာဝယ်ယူရန်ခွင့်မပြုဘဲ ဖြတ်တောက်နေတာတွေ ပြုလုပ်နေတဲ့အတွက် ချင်းအမျိုးသားကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲမကြာခဏဖြစ်ပွားနေပြီး သောင်းနဲ့ချီတဲ့ စစ်ဘေးရှောင်တွေ နီးစပ်ရာ ရွှေ့ပြောင်းနေရတယ်လို့ စာရင်းကောက်ခံသူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013