DVB Logo
Home
မြန်မာသတင်း
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) မှတ်ပုံပြန်မတင်ရန် ဆုံးဖြတ်
DVB
·
February 27, 2023
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD) မှတ်ပုံပြန်မတင်ရန် ဆုံးဖြတ်
Donate to DVB

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)အနေနဲ့ စစ်ကောင်စီရဲ့ ဩဇာခံရွေးကောက်ပွဲကော်မရှင်ထံမှာ မှတ်ပုံတင်သွားမှာမဟုတ်ဘူးလို့ ဖေဖော်ဝါရီ ၂၅ ရက်က ကျောက်ဖြူမြို့မှာ ကျင်းပတဲ့ ပါတီဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

စစ်အာဏာရှင်နဲ့ ပူးပေါင်းဆောင်ရွက်လိုခြင်းမရှိတာကြောင့် စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ပြိုင်မှာမဟုတ်သလို ပါတီမှတ်ပုံတင်မှာမဟုတ်ဘူးလို့ ဗဟိုကော်မတီဝင်တွေ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(ALD)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြတ်ထွန်းက ပြောပါတယ်။

"ကျနော်တို့ပါတီက ဟိုအရင်တုန်းကတည်းကလည်း ဘယ်စစ်အာဏာရှင်နဲ့မှ မပူးပေါင်းဘူး မဆောင်ရွက်ဘူးဆိုပြီးတော့ ပြောကြားထားတာတွေရှိပါတယ်။ အခုလည်း တက်ရောက်လာတဲ့ မြို့နယ်အသီးသီးက CC၊ CEC တွေနဲ့ ဒီဟာတွေကို ဆွေးနွေးကြတဲ့အခါ ပါတီဟာ အခုလာမယ့် စစ်ကောင်စီက ကျင်းပမယ့်ရွေးကောက်ပွဲကို ဝင်ရောက်မယှဉ်ပြိုင်ဘူးဆိုပြီးတော့ အဲလို ဆွေးနွေးကြပါတယ်။ နောက်တခါ မှတ်ပုံတင်ခြင်း မတင်ခြင်းနဲ့ပတ်သတ်လို့ ကတော့ မှတ်ပုံမတင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်" လို့ပြောပါတယ်။

ပါတီဗဟိုကော်မတီ အစည်းအဝေးကို မြို့နယ် ၁၀ မြို့နယ်က  ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်(CEC)တွေ၊ ဗဟိုကော်မတီဝင်(CC)တွေနဲ့ မြို့နယ်ကော်မတီဝင် စုစုပေါင်း ၃၁ ဦးတက်ရောက်ခဲ့ကြပါတယ်။

ဒါအပြင် ရခိုင်အမျိုးသားပါတီ(ANP)အနေနဲ့လည်း ပါတီမှတ်ပုံတင်မတင်နဲ့ ပတ်သက်ပြီး ပါတီတွင်း အစည်းခေါ်ယူပြီး ဆုံးဖြတ်သွားဖို့ ရှိတယ်လို့ ပါတီတာဝန်ရှိသူတွေကပြောပါတယ်။

လက်ရှိ ရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်ချက်နဲ့ ကာလုံရဲ့ ဆုံးဖြတ်ချက်က ပြောင်းပြန်ဖြစ်နေတယ်လို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဦးသာထွန်းလှ ကပြောပါတယ်။

"လောလောဆယ်ထုတ်ပြန်ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ပြောရမယ်ဆိုရင် ဒီဥပဒေက နိုင်ငံရေးပါတီတွေကို ပြန်ပြီးတော့ မှတ်ပုံတင်ရမယ်ဆိုပြီး ဥပဒေနဲ့ ထွက်လာတယ်။ ပြီးရင် နိုင်ငံတော်မှာ ကာလုံကတခါ နိုင်ငံတော်က သာမန်အခြေအနေမှာ မဟုတ်ဘူးလို့ သုံးသပ်တယ်။ အဲတာကြောင့် ဒီဥပဒေထုတ်ပြန်တာနဲ့ ကာလုံဆုံးဖြတ်ချက်က ပြောင်းပြန် ဖြစ်နေတယ်လို့ ကျနော်ပြောလိုတယ်။ နိုင်ငံတစ်နိုင်ငံက သာမန်အခြေအနေမဟုတ်တဲ့ အချိန်မှာ အဲဒီလိုအခြေအနေမဟုတ်ဘူးဆိုတဲ့ အကြောင်းကို တင်ပြမယ့် အဖွဲ့အစည်းက ဘာကြောင့်ဒီဥပဒေကို ထုတ်ပြန်ခဲ့လည်းဆိုတာကို မေးခွန်းပြန်ထုတ်စရာရှိတယ်။ အဲဒါကြောင့် ဒီဥပဒေထုတ်ပြန်ခဲ့တဲ့ အချိန်နဲ့ နိုင်ငံအခြေအနေကို သုံးသပ်တဲ့ ကာလုံက ဆုံးဖြတ်တဲ့အချိန်နဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီဥပဒေက ဒီအချိန်မှာ မထုတ်သင့်တဲ့ ဥပဒေတရပ်လို့ ကျနော့်အမြင်ကိုပြောလိုတယ်" လို့ပြောပါတယ်။

ဒါအပြင် အခုစစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေဟာ ရခိုင်အမျိုးသားပါတီကို တနိုင်ငံလုံးစည်းရုံးမှုလုပ်ဖို့အတွက် ကန့်သတ်လိုက်တဲ့ ဥပဒေလိုဖြစ်နေပြီ အဲတာကြောင့် မှတ်ပုံတင်၊ မတင်ဆိုတာကို ပါတီတွင်း မြို့နယ်ကော်မတီတွေရဲ့ သဘောထားကို တောင်းခံနေတာတွေရှိတယ်လို့လည်း ပြောပါတယ်။

ဒေါက်တာအေးမောင်ရဲ့ ရခိုင့်ဦးဆောင်ပါတီ(AFP) ကတော့ စစ်ကောင်စီကျင်းပတဲ့ ရွေးကောက်ပွဲကို ပြိုင်ရောက်ယှဥ်ပြိုင်သွားမယ်လို့ ပြောဆိုထားပေမဲ့ လက်ရှိအချိန်အထိ ပါတီမှတ်ပုံတင်ထားတာတော့  မရှိသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013