DVB Logo
Home
မြန်မာသတင်း
ကေအန်ယူ ဗဟိုကော်မတီဝင်အားလုံး နုတ်ထွက်ရန်တောင်းဆိုမှု အထွေထွေအတွင်းရေးမှူး တုံ့ပြန်
DVB
·
February 27, 2023
ကေအန်ယူ ဗဟိုကော်မတီဝင်အားလုံး နုတ်ထွက်ရန်တောင်းဆိုမှု အထွေထွေအတွင်းရေးမှူး တုံ့ပြန်
Donate to DVB

ကမ္ဘာတဝန်း ကရင်လူမှုအဖွဲ့အစည်းတွေရဲ့ အိတ်ဖွင့်ပေးစာပါ ကိစ္စရပ်တွေကို ကေအန်ယူရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းသွားဖို့လိုအပ်ကြောင်းနဲ့ အဆိုပါပေးစာနဲ့ ပတ်သက်ပြီး လိုအပ်ပါက ပွင့်လင်းရင်းနှီးစွာနဲ့ တွေ့ဆုံဆွေးနွေးဖို့အဆင်သင့်ရှိကြောင်း ကေအန်ယူအထွေထွေ အတွင်းရေးမှူး ပဒိုစောတာဒိုမူးက ထုတ်ပြန်လိုက်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ဗဟိုအလုပ်အမှုဆောင် ကော်မတီတဖွဲ့လုံးအနေနဲ့ ကရင်တမျိုးသားလုံးရဲ့ ကံကြမ္မာအတွက် စိတ်သဘောထားကြီးစွာနဲ့ ခေါင်းဆောင်တို့ရဲ့ ကျင့်ဝတ်တန်ဖိုးနဲ့အညီ စုပေါင်းတာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့စိတ်ဓာတ်တွေနဲ့ မိမိသဘောနဲ့ နုတ်ထွက်ပေးဖို့ ကမ္ဘာတဝန်းရှိ ကရင်လူမှုအဖွဲ့အစည်းတွေက ဖေဖော်ဝါရီ ၂၃ ရက် အိတ်ဖွင့်ပေးစာပေးခဲ့တဲ့အပေါ် အတွင်းရေးမှူးက တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

ကမ္ဘာတဝန်းရှိ ကရင်လူမှုအဖွဲ့အစည်းတွေရဲ့ အိတ်ဖွင့်ပေးစာမှာတော့ ကေအန်ယူ ဗဟိုကော်မတီ တဖွဲ့လုံး နုတ်ထွက်ပေးဖို့နဲ့ ကေအန်ယူခေါင်းဆေင်တချို့ကို အရေးယူပေးဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

ဒီလိုတောင်းဆိုထားတဲ့ အကြောင်းတွေထဲမှာ ကရင်ပြည်နယ်၊ မောထိုတလေးနယ်မြေမှာ ပြုလုပ်တဲ့ စီမံကိန်းဖွင့်ပွဲမှာ ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ကာကွယ်ရေးဌာနဌာနမှူး ပဒိုစောရောဂျာခင် တက်ရောက်ခဲ့တဲ့ကိစ္စ  အရေးယူဆောင်ရွက်ခဲ့တာမရှိခြင်း၊ ရွှေကုက္ကိုလ် မြို့သစ်နဲ့နီးတဲ့ ဟွမ်ယာမြို့သစ်စီမံကိန်းကို ပဒိုစောရောဂျာခင်က ခွင့်ပြုချက်ပေးခဲ့မှုကို အရေးယူဆောင်ရွက်ခဲ့မှုမရှိတာနဲ့ ကေအန်ယူရဲ့ မူဝါဒနဲ့ ဆန့်ကျင်လုပ်ဆောင်နေတဲ့ ခေါင်းဆောင်တွေကို အရေးယူမှုမရှိတဲ့အချက်တွေကို ထောက်ပြထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီကပေးတဲ့ ဂုဏ်ထူးဆောင်ချီးမြှင့်ဆုကို လက်ခံခဲ့တဲ့ ကေအန်ယူ  ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနဲ့ ကေအန်ယူ ဆုံးဖြတ်ချက်နဲ့  ညွှန်ကြားမှုကို ဆန့်ကျင်ပြီး စစ်ကောင်စီနဲ့ လက်တွဲအလုပ်လုပ်နေတဲ့  ဗဟိုအမြဲတမ်းကော်မတီဝင် ခေါင်းဆောင်တချို့ရဲ့ အပြုအမူတွေဟာ ကေအန်ယူ ဗဟိုအလုပ်မှုဆောင်ကော်မတီနဲ့ ဗဟိုအမြဲတမ်း ကော်မတီ နှစ်ရပ်လုံးရဲ့ ကျဆင်းနေတဲ့ ခေါင်းဆောင်မှုပြဿနာကို ပြသနေတာ ဖြစ်ကြောင်း အိတ်ဖွင့်ပေးစာမှာ ဖော်ပြပါတယ်။

ဒါကြောင့် ဗဟိုအလုပ်မှုဆောင်ကော်မတီ တစ်ဖွဲ့လုံး နုတ်ထွက်ပေးဖို့နဲ့ ကေအန်ယူ အုပ်ချုပ်ရေး၊ လက်နက်ကိုင်တော်လှန်ရေးနဲ့ နိုင်ငံရေးလုပ်ငန်းတွေ ကေအန်ယူရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လည်ပတ်နိုင်ရေးအတွက် ကြားကာလ စီမံခန့်ခွဲရေးအဖွဲ့ဖွဲ့စည်းပြီး စီမံခန့်ခွဲဖို့လည်း တောင်းဆိုထားပါတယ်။

အဆိုပါအဖွဲ့ဟာ ကေအန်ယူလမ်းစဉ်နဲ့ကိုက်ညီပြီး နိုင်ငံတကာက သတ်မှတ်ထားတဲ့ ဒီမိုကရေစီစနစ်အရ ရွေးကောက်ပွဲစံချိန်စံနှုန်းနဲ့ကိုက်ညီတဲ့ ကွန်ကရက်နဲ့ ရွေးကောက်ပွဲ တခုဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးရမှာ ဖြစ်ကြောင်းလည်း အိတ်ဖွင့်ပေးစာမှာ တောင်းဆိုထားပါတယ်။

ဒီလိုတောင်းဆိုချက်တွေအပေါ် ကေအန်ယူ အထွေထွေအတွင်းရေးမှူးက ကေအန်ယူအဖွဲ့ဝင်တွေ  စည်းကမ်းချိုးဖောက်မှုပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အပိုဒ် ၂၀ မှာ  ဖော်ပြထားတဲ့ အပြစ်ပေးအရေးယူခြင်း ပုဒ်မအရ အရေးယူဆောင်ရွက်ရမှာဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်မှာ ထုတ်ပြန်တဲ့ တုံ့ပြန်စာမှာ ဖော်ပြပါတယ်။

ကေအန်ယူ တော်လှန်ရေးလမ်းစဉ် လုပ်ငန်းစဉ်ကို လက်ခံယုံကြည်တဲ့ ကရင်လူမှုအဖွဲ့အစည်းတွေ အပါအဝင် ပြည်တွင်း ပြည်ပမှ လူပုဂ္ဂိုလ် အဖွဲ့အစည်းတွေ အားလုံးကို ကေအန်ယူရဲ့ အင်အားတွေအဖြစ်လည်း မှတ်ယူထားပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်နေကြောင်းလည်း အဆိုပါ ကြောင်းပြန်စာမှာ ဖော်ပြထားပါတယ်။

Photo Credit-KIC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013