DVB Logo
Home
မြန်မာသတင်း
နားမကြားသူတွေအတွက် အခမဲ့ ပညာသင်ကျောင်း
DVB
·
June 7, 2014
နားမကြားသူတွေအတွက် အခမဲ့ ပညာသင်ကျောင်း
Donate to DVB

နားမကြားသူတွေ ပညာသင်ကြားနိုင်ဖို့အတွက် အခမဲ့ အခြေခံပညာသင်ကျောင်းတခုကို ရန်ကုန်မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။

အကြားအာရုံ မသန်စွမ်းသူတွေအတွက် ဖွင့်ထားတဲ့ကျောင်းထဲ စ၀င်လိုက်ရင်ပဲ မြို့ရွာရပ်ကွက်တွေ ထဲက ကျောင်းတွေလို ကလေးတွေရဲ့ စာအံသံတွေနဲ့ ဆော့ကစားသံတွေကတော့ ကင်းမဲ့နေပါတယ်။

disableကျနော်တို့အတွက် ဒီကျောင်းနေရာကြီးဟာ တိတ်ဆိတ်ငြိမ်သက်နေပေမယ့် ကလေးငယ်တွေနဲ့ ဆရာတွေကြားမှာတော့ သူတို့ချင်းပဲ နားလည်ကြတဲ့ ဘာသာစကားတွေနဲ့ ဆူညံနေကြမယ် ထင်ပါတယ်။

ဘာလို့လဲဆိုတော့ ဒီနေ့က အကြားအာရုံ မသန်စွမ်းသူတွေအတွက် ဖွင့်လှစ်ထားတဲ့ အခြေခံပညာကျောင်း ရှိရာ အမှတ် ၃၄ (အက်ဖ်ဂျီ)၊ အိုးစု ၃ လမ်း တာမွေမြို့နယ်မှာ ပထမရက် ကျောင်းတက်နဲ့ ကျောင်းအပ် လက်ခံနေကြပြီး ဖြစ်ပါတယ်။

ကျောင်းအသစ် ဖြစ်တာကြောင့် အရာရာတိုင်းဟာ သစ်လွင်နေပြီး ကျောင်းအရှေ့မှာ နိုင်ငံတော်အလံ က တလူလူလွင့်နေတာလည်း မြင်တွေ့ရပါတယ်။

စာသင်ခန်းပေါင်း ၆ ခန်း ရှိပြီး အခြေခံပညာ သူငယ်တန်းကနေ စတုတ္ထတန်းအထိ သင်ကြားပေး နေတဲ့အပြင် နောက်ပိုင်းတွေမှာလဲ နယ်ကလာသူတွေအတွက် အဆောင်တွေ ထားပြီး အခမဲ့ သင်ကြားပေးမှာ ဖြစ်လို့ ၂ ထပ်တိုက်ခံအဖြစ် တည်ဆောက်ထားပါတယ်။

အဆောင်နေကျောင်းသားတွေအပါအ၀င် ကျောင်းသား ၁၀၀ ကျော် လက်ခံနိုင်တဲ့ကျောင်း ဖြစ်ပါတယ်။

ကျောင်းအပ် လက်ခံတဲ့ ဒီနေ့မှာပဲ ပညာလာသင်နေတဲ့ ကျောင်းသားနဲ့ ကျောင်းသူ ၂၄ ယောက် ရှိတယ်လို့ ဆရာမကြီးက ပြောပါတယ်။

ဆရာမကြီး ဒေါ်စုမြတ်နွယ် ကတော့ နားမကြားကလေးတွေဟာ သာမန်ကလေးတွေလို အတူတူပဲ ဖြစ်ပြီး ဒီလို ကျောင်းတွေ ပေါ်လာခြင်းက ကလေးတွေကို လူ့အသိုင်းအ၀ိုင်းအတွင်း အများနည်းတူ ၀င်ဆံ့လာမယ်လို့ ဆိုပါတယ်။
“နားမကြားကလေးတွေက သာမန်ကလေးတွေနဲ့ အတူတူပဲလေ။ သူတို့မှာ အတားအဆီး ဖြစ်နေတာ ဘာသာ စကားပဲလေ။ ကျမတို့လည်း အခုနေ နိုင်ငံခြားသွားလို့ တရုတ်စကား မတတ်ဘူးဆိုရင် ကျမတို့လည်း ဘာသာစကား အတားအဆီးဖြစ်နေတာ။ နားမကြားတဲ့ ကလေးတွေကလည်း ဘာသာစကား အတားအဆီး ဖြစ်နေတဲ့ ကလေးတမျိုးပဲပေါ့။ ဘာသာစကား ကိုသာ ဆက်သွယ်ပြောဆိုနိုင်မယ်ဆိုရင် လူ့အသိုင်းအ၀ိုင်းနဲ့ ကလေးတွေနဲ့ အတားအဆီး မဖြစ်တော့ဘူး။ ဒီလိုကျောင်းတွေ ပေါ်လာခြင်းအားဖြင့် အများနည်းတူ ကလေးတွေ သင်ယူနိုင်မယ်။”

မြန်မာပြည်မှာ ရှိတဲ့ လူဦးရေးရဲ့ ၂ ဒသမ ၃၂ ရာခိုင်နှုန်းဖြစ်တဲ့ ၁၃ သိန်းခန့်ဟာ မသန်စွမ်းသူတွေ ဖြစ်ပြီး မသန်စွမ်းသူတွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ဟာ နားမကြားသူတွေ ဖြစ်နေပေမယ့် ဒီလို စာသင်ကျောင်းတွေက နည်းပါးနေပါသေးတယ်။

အရင်တုန်းက မန္တလေးမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ နေရာချထားရေးဝန်ကြီးဌာနက ဖွင့်တဲ့ ကျောင်းတခုတည်းသာ ရှိရာက အခု ပညာသင်နှစ်မှာမှ စတင် ဖွင့်လှစ်လိုက်တဲ့ နားမကြားသူတွေရဲ့ အခမဲ့ ကျောင်းဟာ ဒုတိယမြောက်ကျောင်းလည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့ရဲ့ အတိုင်းအတာမှာ စာသင်ကြားဖို့အတွက် မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်း တခုတည်းနဲ့ မလုံလောက်ကြောင်း လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်မှူး ဒေါ်ယုယုဆွေက ခုလို ပြောပါတယ်။
“ရန်ကုန်မြို့ရဲ့ အတိုင်းအတာမှာ စာသင်ကြားဖို့အတွက် မေရီချက်(ပ်)မင်း နားမကြားသော ကလေးများကျောင်း တခုတည်းနဲ့ မလုံလောက်ဘူး။ နှစ်စဉ် နားမကြားသော ကလေးတွေ အများကြီး ရှိတယ်။ နယ်က လူတွေကို လက်ခံနိုင်ခြင်းမရှိဘူး။ အဲဒါကြောင့် အခု ဒီကျောင်းကို ဖွင့်မယ်။ ၂၀၁၄ - ၁၅ ပညာသင်နှစ်မှာ နေ့ကျောင်းကိုပဲ လက်ခံနိုင်မယ်။ နယ်က လူတွေအတွက် အဆောင်ကို ၂၀၁၅-၁၆ ပညာသင်နှစ်မှာ လက်ခံမယ်။”

ကြည့်မြင်တိုင်တဘက်ကမ်းမှာနေတဲ့ ဒေါ်လှနုထွန်းကတော့ အကြားအာရုံ မသန်စွမ်းသူ သမီးလေးကို တာမွေကကျောင်းအထိ လှေစီး၊ ကားစီးပြီး အကြိုအပို့ လုပ်နေရတာ ဖြစ်ပါတယ်။

သူတို့သားအမိကို ဆရာနဲ့ ဆရာမတွေကလည်း ချစ်ကြသလို ကျောပိုးအိတ်တွေလည်း ၀ယ်ပေးတယ်လို့ ဆိုပါတယ်။
ဒေါ်လှနုထွန်း က သားသမီးတွေကို ပညာတတ် ဖြစ်စေချင်တယ်လို့ နားမကြားတဲ့ သူသမီးလေးကို တချက်ကြည့်ရင်း ခုလို ပြောပါတယ်။
“ကလေးတွေကို ဖြစ်ထွန်းစေချင်တယ်။ ပညာတတ်စေချင်တဲ့ စိတ်ဆန္ဒရှိတယ်။ ဒါပေမယ့် ကျမတို့အနေနဲ့ ကလေးတွေဘက်ကို ပြန်လှည့်မကြည့်နိုင်တဲ့ အဆင့်ဖြစ်နေတယ်။ တဖက်တလမ်းက စားဝတ်နေရေးအတွက် ရှာဖွေနေရတယ်။”
သူ့မှာ သားသမီး ၅ ယောက် ရှိပြီး နားမကြားတဲ့ သမီးလေး စုလဲ့ဝင်းထွေးထက်ဆိုးတဲ့ ပိုလီယို ဖြစ်နေတဲ့ ၁၄ နှစ် အရွယ် အကြီးဆုံးသားကြီးတယောက်လည်း ရှိပါတယ်။

သူသမီးလေးအတွက် ကျောင်းတက်ဖို့ အဆင်ပြေပေမယ့် သူသားကြီးလိုမျိုးအတွက်တော့ ကျောင်းတွေကလဲ လက်မခံလို့ ဘာလုပ်ရမှန်း မသိသေးဘူးလို့ ဆိုပါတယ်။

ဒေါ်လှနုထွန်းက သူသားကြီးအတွက် တခုခုတော့ လုပ်ပေးရဦးမယ်လို့ ကျောင်းအခန်းနားက ဆရာမ တယောက်နဲ့ ပြောရင်း ကျောင်းဆင်းပြီမို့ နားမကြားတဲ့သမီးလေးကို လက်ဆွဲရင်း ထွက်သွားပါတော့တယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013