
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့မှာရှိတဲ့ မြန်မာ-တရုတ် နယ်စပ် နမ့်ဖာဟော်ချစ်ကြည်ရေးတံတားကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၃ နှစ်လောက် ဖြတ်သန်းသွားလာခွင့်ပိတ်ထားရာက ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြန်လည်ဖွင့်လှစ် လိုက်ပါတယ်။
နှစ်နိုင်ငံဒေသခံပြည်သူတွေ အပြန်အလှန် ရောင်းဝယ်ဖောက်ကားပြီး ရင်းနှီးချစ်ကြည်မှုနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေပိုမိုကောင်းမွန်လာဖို့ ပြန်လည်ဖွင့်လှစ်ပေးခဲ့တာလို့ တရုတ်-မြန်မာ နှစ်နိုင်ငံတာဝန်ရှိသူတွေက ပြောပါတယ်။
ဖြတ်သန်းသွားလာမယ့် ချင်းရွှေဟော် ဒေသခံတွေအနေနဲ့ တနှစ်စာ နယ်စပ်ဖြတ်သန်းခွင့်ကို မြန်မာကျပ်ငွေ ၈၀၀ နဲ့ ပြုလုပ်နိုင်ပြီး မှတ်ပုံတင်မူရင်းနဲ့ မိတ္တူ၊ ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးကြောင်းလက်မှတ်၊ သန်းခေါင်စာရင်း မူရင်းနဲ့ မိတ္တူပါရှိရမယ်လို့ ဆိုပါတယ်။
ချင်းရွှေဟော်မြို့မှ တရုတ်နိုင်ငံသို့ သွားရောက်အလုပ်လုပ်မယ့်ဒေသခံတစ်ဦးက "မြို့ခံတွေက ၈၀၀ ပဲ ပေးရမယ်ဆိုတော့ ကောင်းတာပေါ့ဗျာ။ အလုပ်အကိုင်တွေလည်း ပိုအဆင်ပြေတော့ မိသားစုကို သေချာထောက်ပံ့နိုင်တာပေါ့။ တံတားပြန်ဖွင့်ပေးတဲ့အတွက် နှစ်ဘက်နိုင်ငံ လူကြီးတွေကို ကျေးဇူးအများကြီးတင်ပါတယ်"လို့ ပြောပါတယ်။
တခြားဒေသမှာနေထိုင်သူတွေအတွက်တော့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (တခါသုံး) ကို မြန်မာငွေကျပ် ၃၀၀ နဲ့ ပြုလုပ်လို့ရမှာဖြစ်ပြီး မှတ်ပုံတင်မူရင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ် ကြိမ်ထိုးပြီးကြောင်းလက်မှတ်ပါရှိရမယ်လို့ တာဝန် ရှိသူတွေက ထုတ်ပြန်ထားပါတယ်။
လတ်တလောမှာတော့ လိုင်စင်ပါရှိတဲ့ ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ အိမ်စီးကားသေး၊ ပစ်ကပ်၊ မီနီဘတ်စ်စတဲ့ လုပ်ငန်းလိုင်စင်ရှိတဲ့ ကုန်သွယ်ယာဥ်တွေကို တံတားပေါ်မှာ ဖြတ်သန်းသွားလာခွင့် ပြုမယ်လို့ သိရပါတယ်။
နမ့်ဖာဟော် ချစ်ကြည်ရေးတံတားကို ပြန်လည်ဖွင့်လှစ်လိုက်တဲ့အတွက် ရောင်းဝယ်ဖောက်ကားမှု၊ နှစ်နိုင်ငံချစ်ကြည်ရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုကောင်းမွန်လာစေနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ယာယီဖြတ်သန်းခွင့်တွေကို ၃ နှစ်ကြာ ပိတ်ထားခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ်က မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတား၊ တာချီလိတ်-မယ်ဆိုင် ချစ်ကြည်ရေးတံတားတို့ကိုလည်း အခုလအတွင်း ပြန်လည်ဖွင့်လှစ်ထားပြီ ဖြစ်ပါတယ်။