DVB Logo
Home
မြန်မာသတင်း
နမ့်ခမ်းဒေသ မြေယာများ တရုတ်နယ်နိမိတ်တွင်း မပါရန် သမ္မတကို စာပို့မည်
DVB
·
June 6, 2014
နမ့်ခမ်းဒေသ မြေယာများ တရုတ်နယ်နိမိတ်တွင်း မပါရန် သမ္မတကို စာပို့မည်
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင်အနီးမှာ တရုတ်-မြန်မာ ၂ နိုင်ငံ နယ်နိမိတ် ပြန်လည်တိုင်းတာရေးတွေ ပြုလုပ်ပြီးတဲ့နောက် ဒေသခံတွေအနေနဲ့ သူတို့ပိုင်မြေတွေ တရုတ်ပိုင်နက် ရောက်သွားမှာကို စိုးရိမ်မကင်းဖြစ်နေကြပြီး နိုင်ငံတော်သမ္မတကြီးဆီ စာပေးပို့မယ်လို့ သိရပါတယ်။

[caption id="attachment_58059" align="alignright" width="300"]ဓာတ်ပုံ - သျှမ်းသံတော်ဆင့် ဓာတ်ပုံ - သျှမ်းသံတော်ဆင့်[/caption]မြန်မာနဲ့ တရုတ်အာဏာပိုင်တွေဟာ ဒီလဆန်းပိုင်းက ရွာသားပိုင်စိုက်ခင်းတွေထဲ နယ်နိမိတ်တိုင်တွေ လာရောက် စိုက်ထူသွားတဲ့အတွက် သူတို့မြေတွေ တရုတ်နိုင်ငံထဲ ပါသွားမှာ စိုးရိမ်ပြီး အစိုးရအနေနဲ့ ဘိုးဘွားပိုင်မြေကို ကာကွယ်ပေးဖို့ သမ္မတဆီ စာပေးပို့မယ်လို့ နမ့်ခမ်းမြို့နယ် ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းဆိုင်ဝမ်းက ဒီဗွီဘီကို ပြောပါတယ်။

“ကျားဖြူပါတီ တခုတည်းမဟုတ်ပါဘူး။ ကျားခေါင်းပါတီပါ ပူးပေါင်းပြီး ရွာသူရွာသားများ လိုလားတဲ့အတိုင်း ဆောင်ရွက်ပေးမှာပါ။ ဒီမြေတွေဟာ မြန်မာနိုင်ငံ ရှမ်းပြည်နယ်က မြေတွေဖြစ်ပြီး တရုတ်ဘက်ပါသွားမှာကို သဘောမတူကြောင်း၊ ကန့်ကွက်တဲ့အကြောင်းပေါ့။ နိုင်ငံတော်သမ္မတနဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဆီ စာတင်ပြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ သက်ဆိုင်ရာတွေ အားလုံး မိတ္တူပေးပို့ပါမယ်။”

အာဏာပိုင်တွေ တိုင်စိုက်သွားတဲ့နေရာဟာ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်ထဲက ဆေးခွန်၊ ကုန်းသာ၊ ဘန့်နောင် အစရှိတဲ့ ကျေးရွာအုပ်စုထဲမှာ တည်ရှိပြီး တရုတ်ဘက်ခြမ်း နယ်ခြားမှတ်တိုင် ဆိုင်းဘုတ်နဲ့ ၄-၅ ဖာလုံလောက် ကွာဝေးတယ်လို့ ဆိုပါတယ်။
မြေဧရိယာ ဧက ၂၀၀ ကျော်ရှိပြီး ဘိုးဘွားတွေလက်ထက် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀ ကျော် သားစဉ်မြေးဆက် လုပ်ကိုင်စားသောက်ခဲ့တာလို့ ရပ်မိရပ်ဖလည်းဖြစ်တဲ့ ဦးစိုင်းဆိုင်ဝမ်းက ဆက်ပြောပါတယ်။

အစိုးရတာဝန်ရှိသူတွေဟာ ခြံပိုင်ရှင်ကို အသိမပေး၊ အကြောင်းမကြားဘဲ တရုတ်နိုင်ငံဘက်က တာဝန်ရှိသူတွေခေါ်ပြီး တိုင်စိုက်သွားတာ၊ စိုက်ထားတဲ့ တိုင်ကို ပြန်နုတ်ခဲ့တဲ့ ရွာသားတွေကို အုပ်ချုပ်ရေးရုံးခေါ်ပြီး ကြိမ်းမောင်းခဲ့တာတွေဟာ မိမိနိုင်ငံသားဘက်မလိုက်ဘဲ တရုတ်ကိုဘက်ကို လိုက်ရာရောက်တယ်လို့ ဆိုပါတယ်။

နမ့်ခမ်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းကတော့ တိုင်နုတ်ပစ်တဲ့ ရွာသားတွေကို အရေးယူဖို့ မရှိပါကြောင်း၊ နယ်စပ်တိုင်းတာရေး ကိစ္စကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ နယ်နိမိတ်တိုင်းတာရေးအဖွဲ့နဲ့ နဲ့ တရုတ်အစိုးရတို့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

မူဆယ်မဲဆန္ဒနယ်မြေက ပြည်သူ့လွှတ်တော်အမတ် ဦးစိုင်းဖိုးအောင်ကလည်း အချက်အလက်တွေ ပြည့်စုံအောင် ကောက်ယူနေပြီး တည်ဆဲ ဥပဒေပုဒ်မ ၂၅ အရ လွှတ်တော်လမ်းကြောင်းကနေ လာမယ့်အပတ်တွင်း တင်ပြသွားဖို့ရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဇွန်လ ၅ ရက်နေ့ထုတ် အစိုးရပိုင်သတင်းမှာတော့ နယ်နိမိတ်ပြန်တိုင်းတာမဟုတ်ဘဲ ၂ နိုင်ငံအစိုးရရဲ့ ၁၉၆၀ နဲ့ ၁၉၉၅ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ နယ်နိမိတ်ပူးတွဲစစ်ရေးအခြေပြုစာချုပ်နဲ့ မြေပုံပေါ် အခြေခံဆောင်ရွက်ခြင်းသာဖြစ်တယ်လို့ ပြောပါတယ်။

အရင်က ရွှေလီမြစ်ထဲမှာရှိတဲ့ နယ်နိမိတ်မျဉ်းဟာ အခုကုန်းမြေဖြစ်နေတော့ နှစ်ဘက်ဒေသခံတွေက နယ်နိမိတ်ကို ရှင်းရှင်းလင်းလင်းမသိဘဲ ကျော်လွန်စိုက်ပျိုးနေလို့ အသိ ပညာပေးပြီး ပြေလည်အောင်ဖြေရှင်းသွားမယ်လို့ ဖော်ပြသွားပါတယ်။

နှစ်နိုင်ငံပူးတွဲစစ်ဆေးတိုင်းတာမှုကို သက်ဆိုင်ရာ အာဏာပိုင်တွေက ပြီးခဲ့တဲ့ မေလ ၂၇ ရက်ကနေ ၃၁ ရက်နေ့အထိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ယာယီမှတ်တိုင်တွေ စိုက်ထူခဲ့တာမှာ ရွာသားတွေက နုတ်ယူဖျက်ဆီးခဲ့ပါတယ်။

သူတို့ကို မြို့နယ်အုပ်ချုပ်ရေးမှူးက ဇွန်လ ၃ ရက်နေ့မှာ ခေါ်ယူသတိပေးပြီး ဒီကိစ္စဆန္ဒပြခွင့် မရှိကြောင်းနဲ့ နုတ်ထားတဲ့ တိုင်တွေ ပြန်စိုက်ပေးဖို့ ပြောခဲ့ကြောင်း ရှမ်းသံတော်ဆင့် သတင်းမှာ ရေးသားဖော်ပြပါတယ်။
အခုနယ်မြေတိုင်းတာရာနေရာဟာ ယခင်က မြစ်ရေပြင်ဖြစ်ခဲ့ပြီး ရေတိုက်စားတဲ့ နုန်းမြေပေါ်မှာ ရွာသားတွေက စပါး၊ ပြောင်း ၊ မြေပဲ စတဲ့သီးနှံတွေ စိုက်ပျိုး လုပ်ကိုင်နေတာ ဖြစ်ကြောင်း၊ တရုတ်ဘက်ခြမ်းက ရေတိုက်စားမှုမဖြစ်အောင် သူတို့ကမ်းစပ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ လောက်က ကျောက်တံတိုင်းတွေနဲ့ အခိုင်အမာ ကာဆီးထားတာမို့ အခုရေတိုက်စားရာနေရာဟာ မြန်မာနိုင်ငံမြေသာဖြစ်ကြောင်း ဦးစိုင်းဆိုင်ဝမ်းက ပြောပါတယ်။

ရွှေလီမြစ်ဝှမ်းဒေသဟာ မောရှမ်းလူမျိုးတွေရဲ့ ဘူမိနက်သန်ဖြစ်ပြီး နိုင်ငံနယ်နိမိတ် တိုင်းထွာသတ်မှတ်ပြီးတဲ့နောက် ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းမိသားစု ဆွေမျိုးတွေဟာ နိုင်ငံအဖြစ်ရော၊ နိုင်ငံသားအဖြစ်ပါ ခြားနားခဲ့ရတယ်လို့ မူဆယ်နမ့်ခမ်း ရပ်မိရပ်ဖ ရှေ့မီနောက်မီလူကြီးတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013