DVB Logo
Home
မြန်မာသတင်း
မြောက်ဥက္ကလာ (င) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖြင့်အပစ်ခံရ
DVB
·
February 23, 2023
မြောက်ဥက္ကလာ (င) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးဖြင့်အပစ်ခံရ
Donate to DVB

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ် င ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဒီနေ့ ညနေ သုံးနာရီကျော်က ဗုံးနဲ့အပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့တယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

“ဗုံးပေါက်တဲ့အသံက အတော်ကျယ်တာ၊ ထိခိုက်ဒဏ်ရာရတဲ့သူတွေရှိတယ်လို့ ကြားတယ်။ စစ်တပ်က ရောက်နေတော့ ဘယ်သူမှရုံးဘက်ကို မသွားကြဘူး။ အဲ့ဒီရုံးမှာ ဗုံးမကြာခဏ ပေါက်တယ်” လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲပြီးနောက် စစ်ကောက်စီတပ်သားတွေ ရောက်လာကာ ရပ်ကွက်ရုံးရှေ့နဲ့ သုဓမ္မာလမ်းမကြီးတလျှောက် စစ်ဆေးခဲ့တယ်လို့ သုဓမ္မာလမ်းနေသူတဦးက ပြောပါတယ်။

"စစ်တပ်က တခုခုဖြစ်တာနဲ့ ခွင်ပဲ။ ဗုံးပေါက်၊ ဆိုင်ကယ်ဖမ်းပြီး ပိုက်ဆံတောင်း၊ အဲ့ဒီရုံးဆို လေးကြိမ်ရှိပြီ။ ဗုံးပေါက်တာ င ရပ်ကွက်မှာ အရင်နှစ်ကဆို ပစ်ခတ်မှုတွေပါဖြစ်တာ။"

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၆ ရက်ကလည်း င ရပ်ကွက် နွယ်နီ (၁၃) လမ်းနဲ့ သန္တာ(၁၂) လမ်းကြားမှာ ကြံ့ခိုင်ရေးပါတီဝင်တဦး သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။

ဒီနေ့ င ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်မှုကို(Yan gon Underground Force - YUF) က ပြုလုပ်ခဲ့တာဖြစ်ပြီး တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက် ညနေကလည်း ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်တိုက်ခိုက်ခံရပြီး ရာအိမ်မှူးနှစ်ဦး သေဆုံးကာ ရာအိမ်မှူး သုံးဦး နဲ့ ကယ်ရီသမားတဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ရန်ကုန်က မြို့နယ်အချို့မှာ ဖေဖော်ဝါရီ ၁ ရက်မှ ၂၃ ရက်အတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် ၁၁ ဦးသေဆုံးခဲ့ပြီး ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013