DVB Logo
Home
မြန်မာသတင်း
ပြည်တွင်း ရွှေဈေးကွက်တွင် စစ်ကောင်စီသတ်မှတ်ညွှန်ကြားထားသည့် ရွှေဈေးနှုန်းဖြင့် ရောင်းချသူမရှိဖြစ်နေ
DVB
·
February 23, 2023
ပြည်တွင်း ရွှေဈေးကွက်တွင် စစ်ကောင်စီသတ်မှတ်ညွှန်ကြားထားသည့် ရွှေဈေးနှုန်းဖြင့် ရောင်းချသူမရှိဖြစ်နေ
Donate to DVB

စစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ ပြည်တွင်းရွှေဈေးကွက်မှာ အကယ်ဒမီ(မီးလင်း)အခေါက်ရွှေ တကျပ်သားကို ၂၇ သိန်း ၉ သောင်းနှုန်းနဲ့ပဲ ရောင်းချပေးဖို့ ထုတ်ပြန်ထားပေမဲ့ အဆိုပါဈေးနှုန်းနဲ့ ဘယ်ရွှေဆိုင်ကမှ ရောင်းချပေးတာမရှိဘူးလို့ ရွှေကုန်သည်တွေက ပြောပါတယ်။

စစ်ကောင်စီက ဖွဲ့စည်းထားတဲ့ ရွှေ နှင့် ငွေကြေးဈေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း ကြပ်မတ်ရေးလုပ်ငန်းကော်မတီရဲ့ လမ်းညွှန်ချက်အရ အကယ်ဒမီ(မီးလင်း)အခေါက်ရွှေ တကျပ်သားကို ၂၇ သိန်း ၉ သောင်း ကျပ်နှုန်းနဲ့ ရွှေဆိုင်တွေ အပါအဝင် ရွှေကုန်သည်တွေ အားလုံးက တပြေးညီ ရောင်းချပေးဖို့ မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်းက သတင်းထုတ်ပြန်ထားပါတယ်။

ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အဆိုပါဈေးနှုန်းနဲ့ရောင်းချပေးဖို့ သတင်းထုတ်ပြန်ခဲ့တဲ့ ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်းက အကယ်ဒမီ(မီးလင်း)အခေါက်ရွှေဈေးဟာ အပြင်ဈေးကွက်မှာ တကျပ်သားကို ၂,၈၅၅,၀၀၀ ကျပ် နဲ့ ဈေး ပေါက်နေတာပါ။

ဒါပေမဲ့ ရန်ကုန်တိုင်းရွှေအသင်းက နေ့စဉ်သတ်မှတ်ပေးတဲ့ ရည်ညွှန်းရွှေဈေးနှုန်းဟာ တကျပ်သား ကို ၂,၁၆၆,၅၀၀ ကျပ် သာရှိတာကြောင့် ဈေးနှုန်းကွာဟချက်က တကျပ်သားကို ၆၈၈၅၀၀ ကျပ် ရှိတဲ့အတွက် ၂၄ ရာခိုင်နှုန်းကျော် ဈေးကွာနေပါတယ်။ ကမ္ဘာ့ရွှေဈေးကတော့ တအောင်စကို အမေရိကန်ဒေါ်လာ ၁၈၃၉ ဒေါ်လာ ရှိခဲ့ပါတယ်။

ဒါကြောင့် ဒီသတင်းထုတ်ပြန်ချက်နဲ့ပတ်သတ်ပြီး ဒီဗွီဘီက ဒီနေ့ဆက်သွယ်ခဲ့ရာ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း အဆင့်မြင့် ပုဂ္ဂိုလ်တဦးက ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး လောလောဆယ်မှာ သတင်းထုတ်ပြန်ဖို့ မရှိသေးကြောင်းနဲ့ အသင်းဥက္ကဋ္ဌကလည်း  လောလောဆယ်မှာ ခွင့်ယူထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာဆိုရင်လည်း ပြည်တွင်းရွှေဈေးကွက်မှာ စစ်ကောင်စီရဲ့ ညွှန်ကြားချက်နဲ့ သတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ ရွှေဆိုင်တွေ အပါအဝင် ရွှေကုန်သည်တွေအကြားမှာ ရောင်းချပေးနိုင်ခြင်း မရှိဘူးလို့ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ရွှေလုပ်ငန်းရှင်ကြီးတဦးက “သူတို့ကတော့ အခေါက်ရွှေ တကျပ်သားကို ၂,၇၉၀,၀၀၀ ကျပ်နဲ့ လုပ်ပေးပါပေါ့နော်။ ဒါပေမဲ့ ဒီဈေးနဲ့ ဘယ်သူမှ အရောင်းအဝယ် မလုပ်ကြဘူး။ ဘာလို့လဲဆို အပြင်ဈေးနဲ့က တကျပ်သားကို ခြောက်သောင်းလောက် ကွာနေတော့ ဘယ်သူက အရှုံးခံပြီး ရောင်းမှာလဲ။ မဟုတ်ဘူးလား။ ပြီးတော့ ရွှေဈေးကို ဘယ်ဈေးနဲ့ ရောင်းပေးပါ ညာဈေးနဲ့ ရောင်းပေးပါ ဆိုပြီး ညွှန်ကြားချက်တွေ တခုပြီး တခု မကြာခဏ ထုတ်နေတာကလည်း မှန်ကန်တဲ့ ဖြေရှင်းနည်း မဟုတ်ဘူးနော်။ ဘာလို့လဲဆို သူတို့က စာတွေသာ ထုတ်တာလေ၊ ဈေးက ကျသွားတာမှ မရှိတာ။ ရွှေဈေးကျစေချင်ရင် သူတို့ ပိုင်တဲ့ ရွှေတွေကို အရှုံးခံပြီး ထုတ်ရောင်းပေးလိုက်ပေါ့ဗျာ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက် ဒီနေ့လယ်ခင်းအချိန် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက နေ့စဉ်ထုတ်ပြန်ပေးနေတဲ့ ရည်ညွှန်းရွှေဈေးနှုန်းက ပြည်တွင်းအကယ်ဒမီ(မီးလင်း)အခေါက်ရွှေ တကျပ်သားကို ၂,၁၅၄,၈၀၀ ကျပ်သတ်မှတ်ပေးထားပြီး ၂,၇၉၀,၀၀၀ ကျပ်နဲ့ ရောင်းချပေးဖို့ မေတ္တာရပ်ခံထားပါတယ်။ 

ဒါပေမဲ့ အပြင်ဈေးကွက်မှာတော့ ပြည်တွင်းအကယ်ဒမီ(မီးလင်း)အခေါက်ရွှေ တကျပ်သား ဈေးနှုန်းဟာ ၂,၈၅၁,၀၀၀ ကျပ် ဈေးပေါက်တာကြောင့် စစ်ကောင်စီရဲ့သတ်မှတ်ဈေးနဲ့ယှဉ်ရင် တကျပ်သားကို ၆၁,၀၀၀ ကျပ် ဈေးကွာနေတဲ့အပြင် ရန်ကုန်တိုင်းရွှေအသင်းရဲ့ ရည်ညွှန်းဈေးနှုန်းနဲ့ယှဉ်ရင် တကျပ်သားကို ၆၉၆,၂၀၀ ကျပ် ဈေးကွာနေပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ်အချိန် ကမ္ဘာ့ရွှေဈေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁၈၂၉ ဒေါ်လာ ရှိတာကြောင့် မနေ့က ဈေးနှုန်းနဲ့ယှဉ်ရင် တအောင်စကို အမေရိကန်ဒေါ်လာ ၁၀ ဒေါ်လာ ပြန်ကျလာတာ တွေ့ရပါတယ်။

ပြည်တွင်းနိုင်ငံခြားငွေကြေးရောင်းဝယ်ရေးဈေးကွက်မှာလည်း အမေရိကန် ၁ ဒေါ်လာ တန်ဖိုးက ၂၈၆၀ ကျပ်နှုန်းဖြင့် အပြင်မှာ ဈေးပေါက်နေတာပါ။ ဗဟိုဘဏ်ရည်ညွှန်းငွေလဲနှုန်းကတော့ အမေရိကန် ၁ ဒေါ်လာကို ၂၁၀၀ ကျပ်နှုန်း သတ်မှတ်ပေးထားပေမဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေရဲ့ လုပ်ခလစာအတွက် အမေရိကန် ၁ ဒေါ်လာကို ၂၈၇၅ ကျပ်နှုန်းနဲ့ ပုဂ္ဂလိက ဘဏ်ကြီးတချို့က သတ်မှတ်ဝယ်ယူပေးနေတာ ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013