DVB Logo
Home
Lead Story
အဖြောင့်မသွား ရှေ့ဆောင်နွားကြောင့် နောက်နွားတသိုက် ယုတ်မာစွာလိုက်၏
DVB
·
February 23, 2023
အဖြောင့်မသွား ရှေ့ဆောင်နွားကြောင့် နောက်နွားတသိုက် ယုတ်မာစွာလိုက်၏
Donate to DVB

မလုပ်ရဲတာ ဘာမှမရှိဘူးလို့ လူမိုက်ဆန်ဆန် ထုတ်ဖော်ပြောကြားခဲ့တဲ့ စစ်တပ်ခေါင်းဆောင်နဲ့ တပ်မတော်သာအမိ တပ်မတော်သာအဖဆိုတဲ့ တပ်မတော်သားတွေဟာ တိုင်းပြည်ကို မောင်နှမသားချင်းလို မပြုမူမဆက်ဆံဘဲ ရက်စက်ယုတ်မာစွာနဲ့ ရွာတွေ့ရင်မီးရှို့၊ လူတွေ့ရင်သတ်ဖြတ်၊ ပြည်သူပိုင် နေအိမ်ထဲတွေကိုဝင် လက်နက်ပြ အကြမ်းဖက်လုယက် ခိုးယူဓားပြတိုက်နဲ့ ယုတ်မာချက်က ကမ်းကုန်အောင်ပြုမူခဲ့ပြီး ရှေ့ဆောင်နွားနဲ့ နောက်လိုက်နွား‌တွေ တွဲလက်ညီစွာ အကြမ်းဖက် ပြုမူခဲ့ကြတယ်။

စစ်အုပ်စုက သူတို့အဘတွေရဲ့ အမိန့်ထက် သာလွန်အောင် ရက်စက်ယုတ်မာခဲ့ကြတယ်။ ပြည်သူတွေကို သူတို့ရဲ့ အနိုင်ကျင့်စရာ ညှဉ်းပန်းနှိပ်စက်စရာလို့ သဘောထားပြီး မီးကုန်ယမ်းကုန် ရက်စက်ခဲ့ကြတယ်။ ပြီးရင် အရှက်မရှိ ဗြောင်လိမ်ဗြောင်စားငြင်းတယ်။ ရွာကိုမီးရှို့တာ PDF ပါ၊ လူစည်ကားရာနေရာတွေမှာ ဗုံးခွဲတယ်၊ ပြီးရင် သူခိုးကလူပါ ပြန်ဟစ်ပြီး တော်လှန်ရေးအဖွဲ့တွေ၊ အကြမ်းဖက်အဖွဲ့တွေက ဗုံးခွဲပါတယ်ဆိုပြီး လုပ်ကြံစွပ်စွဲကာ အလိမ်အညာ သတင်းဖြန့်ပါတယ်။ သူတို့ ဘယ်လောက်လိမ်လိမ် ပြည်သူလူထုက သူတို့ရဲ့အကျင့်စရိုက်ကို နှစ်ပေါင်းများစွာ သိမြင်ကြုံတွေ့ခဲ့ရတော့ မယုံတဲ့အပြင် လူမဆန်တဲ့လုပ်ရပ်တွေလုပ်လို့ ပိုပြီး မုန်းတီးနာကြည်းခဲ့ကြတယ်။

နေရာတိုင်းမှာ မင်းအောင်လှိုင် စစ်သားတွေနဲ့ တော်လှန်ရေးရဲဘော်တွေ၊ PDF တွေနဲ့ တိုက်ပွဲတွေ တခြိမ်းခြိမ်းဖြစ်ပြီး စစ်သားတွေသေကြ၊ ခြေပြတ် လက်ပြတ်နဲ့ ဒဏ်ရာတွေ ရနေကြတဲ့အချိန်။ ဘာပွဲ ညာပွဲ ပွဲမျိုးစုံဖန်တီး ဝတ်ကောင်းစားလှဝတ်ပြီး ဟန်ရေးပြနေခဲ့တယ်။မင်းအောင်လှိုင်နဲ့ အပေါင်းပါ စစ်အုပ်စုတို့ မကြာခင် ကံဆိုးမိုးမှောင်ကြတော့မယ်ဆိုတာ သေချာသလောက် ဖြစ်နေပါပြီ။ သူက ပြည်တွင်းမှာ ကြံဖန်ပွဲတွေတက်၊ ဂုဏ်ထူးဆောင်ဘွဲ့တွေ ဖောဖောသီသီ ဗုံးပေါလအောပေးနေချိန်၊ တဖက်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း နိုင်ငံတကာက အစိုးရအဖွဲ့တွေနဲ့ တွေ့ဆုံပွဲတွေ၊ ဖိတ်ခေါ်တဲ့ပွဲတွေ အမျိုးမျိုး လှည့်ပတ်တက်နေကြတော့ မင်းအောင်လှိုင်ကလည်း ပြည်တွင်းမှာ အားကျမခံ ပွဲတက်တယ် ထင်ပါရဲ့။ ပြည်ပပွဲကတော့ အနားတောင်မသီနိုင်တော့တဲ့ အခြေအနေ ဆိုက်‌ရောက်နေပြီ ဖြစ်ပါတယ်။

အရှက်မဲ့စွာ ဘွဲ့တွေ ဂုဏ်ထူးဆောင်တွေပေးပြီး ဟိတ်ကြီးဟန်ကြီးနဲ့ အပူရုပ်ကို ဟန်လုပ် အခမ်းအနားတွေကျင်းပ လုပ်ပွဲတွေဖန်တီး မျက်နှာကို ပေါင်ဒါရိုက်ထားပေမဲ့ ဘီလူးရုပ်က ဘီလူးရုပ်ပါပဲ။ ပြည်သူတွေက မင်းအောင်လှိုင်နဲ့ အပေါင်းပါတွေကို ကျိန်စာတိုက်တယ်။ လူယုတ်မာ မိစ္ဆာစစ်အုပ်စုကို တော်လှန်နေတဲ့ လူငယ်လူရွယ်မှန်သမျှ အိုမင်းမစွမ်းတော့တဲ့ သက်ကြီးရွယ်အို မိဘမောင်ဘွားတွေနဲ့ ပြည်သူတွေက ထောက်ခံတယ် အားပေးတယ်။ ဒီပွဲ နိုင်ကိုနိုင်ရမယ် ဆိုတဲ့စိတ်နဲ့ ပြာပုံထဲက ရုန်းကြွခဲ့ကြတယ်။ တော်လှန်ရေးရဲဘော်တွေ ထိခိုက်သေဆုံးကြောင်း သိရရင် ပြည်သူတွေ ဝမ်းနည်းပူဆွေး ငိုကြွေးကြတယ်။ မပြည့်စုံတဲ့ကြားက ကူကြလှူကြတယ်။ တော်လှန်ရေး ရဲဘော်လေးတွေ စစ်ရေးလေ့ကျင့်နေတာတွေ့ရင် ပြည်သူတွေ ကြက်သီးထအောင် ခွန်အားတွေ တိုးခဲ့ကြတယ်။ တိုက်ပွဲတိုင်းမှာနိုင်ပါစေ၊ ဘေးအန္တရာယ် ကင်းကြပါစေ ဆုတောင်းပေးကြတယ်။ တိုက်ပွဲမှာ မင်းအောင်လှိုင်စစ်သားတွေ သေတယ်ကြားရင် အားရကျေနပ်ကြတယ်။ များများသေပါစေ၊ မြန်မြန်ကျရှုံးပါစေ ကျိန်ဆဲကြတယ်။ စစ်အုပ်စုတွေ မသေခင်ကတည်းက ပြည်သူလူထုကျိန်စာ သင့်နေပါပြီ။ သူတို့ရဲ့မျက်နှာမှာ ပေါ်လွင်နေပါတယ်။

စစ်မိစ္ဆာ လူယုတ်တွေ ဦးဆောင်ပြီး ပြည်သူကို မထောက်ညှာ ကြမ်းကြုတ်လွန်းတဲ့ ရက်စက်မှုတွေကို ‌စစ်ခေါင်းဆောင်တွေ အမိန့်ပေးတာထက် ပိုပြီး လိုလိုလားလား အကြမ်းဖက်နေတဲ့ တပ်မတော် အလုံးစုံပျက်သုဉ်းရေးအတွက် အမြစ်ပြတ် တိုက်ထုတ်ကြရမှာ ဖြစ်တယ်။ ယနေ့ ခေတ်ပြောင်း စနစ်ပြောင်း တော်လှန်ရေးကို ဦးဆောင်နေသူတွေ ခေါင်းဆောင်တွေကလည်း စစ်အာဏာရှင် မလိုလားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ပြည်သူလူထုလိုလားတဲ့ ဖက်ဒရယ်တပ်မတော်ကြီး ဖြစ်ပေါ်လာရေး ကြိုးပမ်းနေကြတယ်။ အခုဆို တော်တော်ခရီးရောက်နေပြီ။ မကြာခင်မှာ ပြည်သူတွေရှေ့မှောက် အမြစ်ဖြတ်တိုက်ပွဲတွေ ဆင်နွှဲရင်း ပြည်သူတွေရှေ့က မားမားမတ်မတ် ပေါ်ထွက်လာပါလိမ့်မယ်။ ဒါကြောင့် ရှေ့ဆောင်နွားနဲ့ နောက်လိုက်နွားတွေကို စည်းလုံးညီညွတ်စွာ တိုက်ထုတ်ပြီး နွေဦးတော်လှန်ရေးအောင်ပွဲဆီ ဆက်လက်ချီတက်ကြပါစို့။

ပေကြီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013