DVB Logo
Home
မြန်မာသတင်း
ထားဝယ်တွင် PDF တပ်များ ဗထူးစစ်ကြောင်းဖွဲ့၊ ခမောက်ကြီးရွာသားနှင့် ခရီးသည်များကို စစ်တပ် ဖမ်းဆီး၊ သထုံမြို့၌ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ
DVB
·
February 21, 2023
ထားဝယ်တွင် PDF တပ်များ ဗထူးစစ်ကြောင်းဖွဲ့၊ ခမောက်ကြီးရွာသားနှင့် ခရီးသည်များကို စစ်တပ် ဖမ်းဆီး၊ သထုံမြို့၌ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရ
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်အခြေစိုက် PDF တပ်ဖွဲ့တွေ ပူးပေါင်းကာ ဗထူးစစ်ကြောင်းအဖြစ် စုစည်းပြီး စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတယ်လို့ ဖေဖော်ဝါရီ ၂၀ ရက်က အသိပေး ထုတ်ပြန်ပါတယ်။

ထားဝယ်ပကဖ (DGRF)၊ လောင်းလုံးပကဖ (LLPDF)၊ ရေဖြူပကဖနဲ့ Local PDF နှစ်ဖွဲ့ဖြစ်တဲ့ YPPDF(DYMINE) နဲ့ TPDF တို့ ပူးပေါင်းကာ ဗထူးစစ်ကြောင်း ဖွဲ့စည်းလိုက်တာဖြစ်ပြီး အဖွင့်တိုက်ပွဲအနေနဲ့ ဖေဖော်ဝါရီ ၆ ရက်က ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ရေနက်ဆိပ်ကမ်း ရဲစခန်းကို ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ပွဲမှာ ဗထူးစစ်ကြောင်းဝင် တပ်ဖွဲ့ ၅ ခုအပြင် ကျားသစ်နက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က မဟာမိတ် ပူးပေါင်းတပ်ဖွဲ့အနေနဲ့ လာရောက်ကူညီခဲ့ပြီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း ၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

နဘုလယ်ရေနက်ဆိပ်ကမ်း ရဲစခန်းမှာ ဘန်ကာလာဆောက်တဲ့အဖွဲ့ကို လုံခြုံရေးလာယူတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ၁ နာရီနီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး ရဲစခန်းအတွင်းရှိ ရန်သူအဆောက်အဦ ၂ လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဗထူးစစ်ကြောင်းအနေနဲ့ စစ်ကောင်စီကို ဘုံရန်သူအဖြစ်သတ်မှတ်ကာ ချေမှုန်းရေးလုပ်ငန်းကို ဆက်လက်ဆောက်ရွက်မှာ ဖြစ်တာကြောင့် ရည်မှန်းချက်တူတဲ့ တော်လှန်အင်အားစုတွေကို ပူးပေါင်းဆောက်ရွက်တိုက်ပွဲဝင်ကြဖို့ ဗထူးစစ်ကြောင်းက ဖိတ်ခေါ်ထားပါတယ်။

ဗထူးစစ်ကြောင်းမှာပါဝင်တဲ့ တပ်ဖွဲ့ ၅ ခုဟာ ရေး-ထားဝယ် ကားလမ်းမပေါ်မှာ စစ်ကောင်စီယာဉ်တန်းတွေကို မိုင်းဆွဲတိုက်ခိုက်တဲ့ စစ်ဆင်ရေးတွေအပြင် ထားဝယ်၊ ရေဖြူ၊ လောင်းလုံး စတဲ့ မြို့နယ် ၃ ခုမှာ အဓိကထားကာ စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်ခဲ့ကြပြီး ထားဝယ်ခရိုင်အတွင်းက မြို့နယ်လေးခုမှာ ပူးပေါင်း ရွေ့လျားစစ်ကြောင်းအဖြစ် ဆောက်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

စစ်ကြောင်းစုဖွဲ့အနေနဲ့ ထားဝယ်ခရိုင်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စုစည်းမှုနဲ့ ၂၀၂၂ ခုနှစ် ဇူလိုင် ၃၁ ရက်က ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်း စုစည်းနိုင်ခဲ့ပြီး ၂၀၂၂ ခုနှစ် အောက်တိုဘာလကလည်း ဥသြစစ်ကြောင်း (ထားဝယ်မြို့နယ်) ကို စုစည်းနိုင်ခဲ့ပါတယ်။

ကော့သောင်းခရိုင်မှာတော့ ခမောက်ကြီးမြို့မှာရှိတဲ့ ကျေးရွာတချို့က ဒေသခံတွေနဲ့ ခရီးသည်တွေကို စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးခဲ့ပြီး ဒီနေ့အချိန်ထိ ပြန်မလွတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၄ ရက်နဲ့ ၁၅ ရက်တွေက ကျေးရွာတချို့ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ကျေးရွာသုံးခုက ရွာသား ၇ ယောက်နဲ့ ခရီးသည်တင်ယာဥ်ပေါ်က ခရီးသည် ၉ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ ကျေးရွာတွေထဲကို ဝင်တဲ့အချိန်မှာ နေအိမ်တွေထဲကို အတင်းဝင်‌ရောက်ရှာဖွေတာ၊ ဒေသခံတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ဆေးတာအပြင် အရင်က NLD ပါတီဝင်တွေနဲ့ ထောက်ခံသူတွေကို အဓိက ပစ်မှတ်ထား စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၂၀၀ လောက်က ရှမ်းကိုးရွာဒေသ အေးမြသာယာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားပြီး ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းကစလို့ ဝိုင်ဒင်းကျေးရွာဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။

စစ်တပ်က ပစ်လိုက်တဲ့ လက်နက်ကြီးတွေက ကျေးရွာအနားက တောင်ကုန်းပေါ်ကို ကျလို့ ဒေသခံတွေ ထိခိုက်မှု မရှိပေမဲ့ တချို့ကတော့ စိုးရိမ်ပြီး ဘေးလွတ်ရာကို ထွက်ပြေးနေတယ်လို့လည်း သိရပါတယ်။

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းမပေါ် သထုံကနေ ဘီးလင်းကို မောင်းလာတဲ့ စစ်တပ်ယာဉ်တန်းကို ဖေဖော်ဝါရီ ၁၉ ရက် ည ၇ နာရီခွဲကျော်က ကမာစိုင်ရွာသစ်အနီးမှာ HRS ပူးပေါင်းတပ်ဖွဲ့က မိုင်း ၃ လုံးဆွဲကာ ၄၀ မမ ဗုံးသီး ၅ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ HRS က သတင်းထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၇ ဦး သေဆုံးကာ ၄ ဦး ပြင်းထန်ဒဏ်ရာရပြီး ကား ၃ စီး ပျက်စီးခဲ့ပါတယ်။ သေဆုံးသူတွေနဲ့ ဒဏ်ရာရသူတွေကို လူနာတင်ယာဉ် ၄ စီးနဲ့ ညချင်းတွင်း လာရောက်သယ်ဆောင်သွားပြီး ဘီးလင်းမြို့ဘက်ကို မောင်းနှင်သွားခဲ့တယ်လို့ HRS ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်ပျက်စီးတဲ့ ကား ၃ စီးအနက် ၁ စီးကို ညချင်းတွင်း လာရောက်ဆွဲယူသွားပြီး ကျန် ၂ စီးမှာ ဆွဲယူလို့မရအောင် ပျက်စီးသွားတဲ့အတွက် တိုက်ခိုက်မှုဖြစ်ပွားရာ နေရာမှာပဲ ကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုဖြစ်ပွားတဲ့နေရာကို ဖေဖော်ဝါရီ ၂၀ ရက် မနက် ၉ နာရီလောက်က နယ်မြေရှင်းလင်းဖို့နဲ့ ပျက်စီးကျန်ရစ်တဲ့ ကား ၂ စီးကို ယူဖို့လာတဲ့ စစ်ကောင်စီတပ်ကို ဒရုန်း၊ ၆၀ မမ ဗုံးသီး ၈ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးတဲ့ အခြေအနေကိုတော့ အတည်မပြုနိုင်သေးသလို စစ်ကောင်စီတပ်သားတွေဘက်ကလည်း လက်နက်ငယ်တွေနဲ့ ပစ်လို့ အရပ်သားကား ၁ စီး ထိမှန်ခဲ့တယ်လို့ HRS က သတင်းထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013