DVB Logo
Home
Lead Story
နွေဦးနှင့် သတင်းတမန်တွေ
DVB
·
February 21, 2023
နွေဦးနှင့် သတင်းတမန်တွေ
Donate to DVB

၁၉၈၈ မှသည် နွေဦးတော်လှန်ရေးအထိ ဖြစ်ရပ်မှန် ပြည်သူကိုချပြဖို့ ကမ္ဘာကို အသိပေးဖို့ဆိုတာ သတင်းမီဒီယာအပိုင်းရဲ့ အရေးကြီးပုံက မြန်မာပြည်မှာ ဘယ်လိုမှ မငြင်းသာပါ။ ဦးသန်းရွှေအစိုးရလက်ထက် BBC, VOA နားထောင်ဖို့တောင် ခိုးပြီးနားထောင်နေရတဲ့ဘဝ။ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းမှာ အယ်လ်ဂျာဇီးယားနဲ့ မြန်မာ့ရုပ်သံ DVB တို့ရဲ့ အခန်းကဏ္ဍက ဟိုအရင် အရေးတော်ပုံတွေအဆက်ဆက်ထက် မကြာတဲ့အချိန်အတွင်းမှာ မြန်မာပြည်အနှံ့အပြား ကမ္ဘာကိုပါ ချပြနိုင်ခဲ့ပါတယ်။

စစ်အာဏာရှင် အသွင်ကူးပြောင်းရေးကာလ ဦးသိန်းစိန် အစိုးရလက်ထက် ကြားဖြတ်ရွေးကောက်ပွဲအပြီး ၂၀၁၂ နောက်ပိုင်းမှာ မီဒီယာလုပ်ပိုင်ခွင့် ရောင်နီ သန်းလာခဲ့တယ်။

ပြည်ပအခြေစိုက် သတင်းမီဒီယာအကြီးပိုင်းတွေကအစ မြန်မာပြည်ထဲ ရုံးတွေ၊ ရုံးခွဲတွေ ဖွင့်လာနိုင်ခဲ့တယ်။ တဖက်သတ် ရေးဆွဲထားတဲ့ ၂၀၀၈ ခြေဥရဲ့ ဥပဒေတွေကြောင့် သတင်းမီဒီယာတွေအကြား အဖုအထစ်လေးတွေ ရှိခဲ့ပေမဲ့ နှစ်ပေါင်း ၆၀ ကျော် အာဏာရှင်စနစ်ဆိုးအောက်မှာ နေလာခဲ့ရတော့ ဒီလိုပဲ တဦးနဲ့တဦး သည်းခံပြီး ဖြတ်သန်းလာကြတယ်။

ဒီလိုနဲ့ သိပ်မကြာပါဘူး။ မြန်မာပြည် လွတ်လပ်ရေးရပြီးတည်းက မက်လိုက်ရတဲ့ အိပ်မက်ဆိုး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ထပ်ကြုံခဲ့ရပြန်တယ်။ ဖမ်းဆီးလိုက်တာများ ၂၀၁၂ မှ ၂၀၂၀ အထိ အညှိုးထားလေသလား။ သတင်းမီဒီယာတွေ အတော်လေး အဖမ်းခံရတယ်။ ပြည်ပအခြေစိုက် သတင်းမီဒီယာကြီးတွေရော သတင်းထောက်တွေပါ ရွှေပြည်တော်ကနေ မမျှော်တမျှော် သောင်ရင်းမြစ်တဖက်ကမ်း ကူးခဲ့ကြရတယ်။ ပြည်ပနိုင်ငံသား ခံယူထားသူတွေကလည်း မိခင်တပ်ရင်း ပြန်ဆုတ်ခဲ့ကြတယ်။

ဆန္ဒပြမှုတွေကနေ ယနေ့ လက်နက်ကိုင် နွေဦးတော်လှန်ရေး ဆင်နွှဲလာခဲ့တာ မတ်လဆို နှစ်နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ ဒီအချိန် မြန်မာ့အရေးက ဒုတိယကမ္ဘာစစ်လို၊ အာရပ်နွေဦးလို စစ်သတင်းတွေ ဆက်တိုက် သတင်းမီဒီယာတွေမှာ ပါလာခဲ့ရတယ်။

ရုတ်တရက်အပြောင်း ပုံမှန်သတင်းယူရာကနေ စစ်သတင်းတွေ ယူလာကြရတယ်။ စစ်သည်ကျင့်ဝတ်ဆိုတာ ကျနော်တို့ PDF သင်တန်းတွေတက်နေရင်းနဲ့ သိခဲ့ရသလို သတင်းထုတ်ပြန်မှု သတင်းဖော်ပြမှုတွေကလည်း စစ်ရေးမှာ သိပ်ကိုအရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာခဲ့တယ်။

၂၀၀၂ ခုနှစ်လောက်က ရန်ကုန် သာကေတမြို့နယ် NLD  နာယကကြီးတဦးက “တိုင်းတပါးနဲ့မဟုတ်ဘဲ စစ်အာဏာရှင်ဖြစ်လင့်ကစား ကိုယ့်လူမျိုးအချင်းချင်း ပြန်တော်လှန်ရတာ၊ ဒီမိုကရေစီ ပြန်တောင်းဆိုရတာက သာ၍ ခက်ခဲနက်နဲတယ်” လို့ ပြောဖူးတယ်။

ဒါကြောင့် နွေဦးတော်လှန်ရေး စစ်သတင်းများ ဖော်ပြတဲ့အခါ စစ်အာအာရှင် မင်းအောင်လှိုင်ရဲ့ တပ်တွေအတွက် အထောက်အကူဖြစ်သွားစေတဲ့ သတင်းမျိုး မဖြစ်အောင် ကိုယ့်ဘက်က ပြုလုပ်နိုင်မှသာ သေနတ်တွေကိုင်ရင်း ကင်မရာတွေကိုင်ရင်း စစ်ကောင်စီကို အတူတော်လှန်မှု တခု ဖြစ်လာမှာပါ။

၂၀၂၁ ခုနှစ် နှစ်အလယ်လောက်မှာ လက်နက်ကိုင်တော်လှန်ရေးတွေ စလုပ်ကြတော့ ပြည်ပအခြေစိုက် မြန်မာပိုင်း သတင်းမီဒီယာကြီးက UG လုပ်နေတဲ့ ရဲဘော်ကို အင်တာဗျူးတဲ့အခါ ဒီဘက်ကလည်း ပုံမှန်မေး၊ ဟိုဘက် ဖြေသူကလည်း ကိုယ့် mission ကို အိတ်သွန်ဖာမှောက် အကုန်ပြောတယ်။ တော်လှန်ရေးအနေနဲ့ကြည့်ရင် စစ်ကောင်စီကို ဘာတွေလုပ်ခဲ့တယ်၊ ကျနော်တို့ ဘာတွေလုပ်ဦးမှာကအစ သတင်းပေါက်ကြားမှု သတင်းပေးသလို ဖြစ်သွားတယ်။ နွေဦးအစဆိုတော့ ဖြစ်တတ်ကြပေမဲ့ ဒီနေ့ တော်လှန်ရေးအရှိန် မြင့်တက်လာချိန်မှာတော့ စစ်ကောင်စီ သတင်းလက်ဦးစေမယ့် ကိုယ့်ကို ပြန်ထိခိုက်စေမယ့် သတင်းမျိုးကိုတော့ ရှောင်ရှားရပါ့မယ်။

KNU နယ်မြေထဲမှာဆို တပ်မဟာအလိုက် သတင်းထုတ်ပြန်မှု မတူကြဘူး။ တချို့က ကိုယ့်တပ်မဟာအလိုက် သတင်းထုတ်ကြသလို တချို့က ဗဟိုကနေပဲ သတင်းထုတ်ပြန်တယ်။ အဲဒီနေရာမှာ အထူးသတိထားရမှာက UG တွေ၊ ပြောက်ကျားတွေနဲ့ အထက်အညာဘက်ပါပဲ။ ဘာလို့လဲဆိုတော့ UG သတင်းပေါက်ပြီဆို မီးခိုးကြွက်လျှောက်လိုက်ရင် အထဲမှာ လုပ်ပေးနေသူတွေအတွက် အထိနာတာပါပဲ။ သူတို့အထိနာပြီဆို UG တွေ အတော်လေး အခက်တွေ့သလို စစ်ကောင်စီ ဝမ်းသာရမယ့် အကွက်တွေပါပဲ။

ထို့အတူ မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တိုင်းရင်းသားအားလုံးကိုကြည့်ရင် သူတို့ နေထိုင် စိုးမိုးအခြေစိုက်သမျှက ပြည်ပနိုင်ငံတွေရဲ့ နယ်စပ်ချင်း အနီးအနားမှာပါ။ ဒီနေရာမှာ မကွေး၊ စစ်ကိုင်းတို့ရဲ့ အခြေအနေက ဒီနေ့ရပ်တည်မှု နှစ်နှစ်အတွင်း ပြည်ပအခြေစိုက်ကို လက်လှမ်းမီဦးမည်မဟုတ်။ ဥပမာ ကရင် KNU သည် ထိုင်းမှာ အခြေစိုက် အသိအမှတ်တခု ရှိနေတယ်။ ကချင်၊ ရှမ်းလည်း တရုတ်နယ်စပ်မှာ ထို့အတူတူပဲ။

ဒါကြောင့်  ဘယ်တိုင်းရင်းသားလက်နက်ကိုင် နောက်ခံမရှိဘဲ နွေဦးမှာ သူရဲကောင်းတွေ အရမ်းထွက်တဲ့၊ လက်စွမ်းထက်မြက်တဲ့ အထက်မြန်မာပြည် အညာဒေသကို ကျနော်တို့ အားလည်းကိုးတယ်။ အင်တာနက်၊ ဖုန်း အမြဲမရတော့ စစ်သတင်းကို ရသလို လှမ်းပြောပြီး သတင်းမီဒီယာနဲ့ ချိတ်ရပြန်တယ်။ ဒီနေရာမှာ အလွဲလေးတွေကနေ စစ်ကောင်စီ သတင်းပေးသလို ဖြစ်သွားတဲ့ သတင်းဖော်ပြမှုလေးတွေ ဖြစ်သွားတယ်။

ဥပမာ PDF တပ်ခွဲတခု အောင်မြင်စွာ တနေရာကို ဆုတ်ခွာပြီးချိန် တပ်ရင်းနေရာမှာ လိုင်းမမိလို့ ရတဲ့နေရာကနေ ကျနော်တို့ စစ်ကောင်စီက သေနတ်ဘယ်လောက်ရခဲ့တယ်၊ ခွေးတွေ ဘယ်လောက်သေတယ်၊ မိမိတို့ဘက်က အကျအဆုံးမရှိ ဆုတ်ခွာခဲ့တာ ဘယ်ရောက်နေပြီလို့ မီဒီယာကို ဖုန်းရတဲ့အချိန်လေး ဖြေကြားခဲ့တယ်။ သတင်းထောက်တွေကလည်း တဖက်ဖြေကြားသည့်အတိုင်း ရေးတယ်။ အယ်ဒီတာကြီးတွေဘက်ကလည်း သတင်းကို အချိန်နဲ့တပြေးညီဖော်လည်းပြပြီးရော ဒီကောင်တွေ ဘယ်ကနေဆုတ်လာပြီဆို ဘယ်အဖွဲ့ ဘယ်ကဝင်တိုက်ဆိုပြီး စစ်ကောင်စီက ကောင်းကောင်းအသုံးချကာ နှစ်ဖက်ထိတွေ့မှုတွေ ဆက်ဖြစ်ကြတဲ့ ဖြစ်စဥ်တွေ မကွေး၊ စစ်ကိုင်းဘက်မှာ တွေ့မြင်လာကြရတော့ စိတ်မကောင်းတွေ ဖြစ်ရတယ်။ ကျနော်တို့ စစ်ကောင်စီစခန်း၊ တံတား၊ ရဲစခန်းကို တိုက်ပြီး ပြန်လာချိန် စစ်ကြောင်းနဲ့တိုးတယ်၊ ကင်းပုန်းနဲ့တိုးတယ် ဆိုတာ ဖြစ်လေ့ဖြစ်ထရှိပေမဲ့ သတင်းမီဒီယာဆိုရှယ်မီဒီယာ ဖော်ပြမှုကြောင့် မဖြစ်ရအောင် နွေဦးမှာ လက်တွဲအတူ တော်လှန်ကြရမယ်။

PDF ရဲဘော်တွေက လက်နက်ကိုင်တိုက်ပွဲ ဖြစ်တဲ့အတွက် မိမိတို့ အန္တရာယ်ကင်းနေရာရောက်မှသာ သတင်းဖြေ၊ သတင်းမေး လုပ်စေချင်တယ်။ နွေဦးရဲဘော်လေးတွေက ရှေ့တန်းကနေ ​ပြည်တွင်းကပြည်သူတွေ၊ ပြည်ပရောက် ထောက်ပို့အဖွဲ့တွေကို အားတွေရအောင် အချိန်တခုစောင့်ပေးပါ၊ တော်လှန်ရေး မကြာတော့ပါဘူး၊ အားတင်းထားရအောင်၊ ကျနော်တို့ အသက်တွေစွန့်ပြီး အောင်ပွဲတွေနဲ့အတူ တိုက်ပွဲတွေဝင်နေပါတယ် သတင်းတွေ အလျင်းသင့်သလို ပြောပေးနေကြပေမဲ့ သူတို့ရဲ့ သတင်းအဖြေက စစ်ကောင်စီအတွက် ဖြစ်သွားမလား၊ အမြင်သဘောတရားကြည့်ပြီး သက်ဆိုင်တဲ့ သတင်းမီဒီယာတွေကနေ စဥ်းစားဆုံးဖြတ်ကြပေးဖို့နဲ့ သက်ဆိုင်ရာ ပြည်နယ်၊ တပ်ရင်း PDF တာဝန်ခံကြီးတွေကလည်း မိမိတို့ page မှာ သတင်းတင်ပြီးရင် သတင်းမီဒီယာတွေနဲ့ အမေးအဖြေလေးတွေ လုပ်ပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါတယ်။

နွေဦးမှာ လက်တွဲညီမှ တိုက်ပွဲအောင်မယ်။ အရေးတော်ပုံ အောင်ရမည်။

ရွှေနွယ်မောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013