ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်နဲ့ ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဇီယာတိုတို့ စကားပြောနေတဲ့ အသံမှတ်တမ်းအသစ်တွေ ထွက်ပေါ်လာတာကို တုံ့ပြန်တဲ့အနေနဲ့ သတင်းအချက်အလက်တွေကို ထုတ်ဖော်တာကို ခွင့်မပြုနိုင်ကြောင်း ဥရောပကော်မရှင်က ဇီယာတိုကို သတိပေးထားပြီးပြီလို့ ဥရောပကော်မရှင် နိုင်ငံခြားရေးပြောခွင့်ရ အန်နစ်တာ ဟစ်ပါကို ကိုးကားပြီး မီဒီယာတွေက ဖော်ပြပါတယ်။
စုံစမ်းစစ်ဆေးရေး သတင်းဌာနတခုက ဟန်ဂေရီ နိုင်ငံခြားရေးဝန်ကြီး ဇီယာတိုနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးတို့ EU ရဲ့ ရုရှားအပေါ် ပိတ်ဆို့မှုတွေကို ဆွေးနွေးနေတယ်လို့ စွပ်စွဲထားတဲ့ အသံဖိုင်ကို ထုတ်ပြန်ခဲ့တာပါ။
အဲဒီနောက် ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး ပီတာဇီယာတိုက ဖုန်းကို ကြားဖြတ်နားထောင်တာဟာ “ကြီးမားတဲ့ အရှုပ်တော်ပုံ” တခုလို့ ခေါ်ဆိုခဲ့ပါတယ်။
ဇီယာတိုက လာ့ဗရော့ဗ်နဲ့ ဖုန်းပြောခဲ့တာကို မငြင်းဘဲ ရွေးကောက်ပွဲမတိုင်မီ ရက်အနည်းငယ် အလိုမှာ ဟန်ဂေရီက ရုရှားအစိုးရကို ထောက်ခံတဲ့ လမ်းကြောင်းပေါ်မှာ ဆက်ပြီး ရှိ၊ မရှိ ဆုံးဖြတ်နိုင်တဲ့ စကားပြောဆိုတာတွေကို ကြားဖြတ်ခံခဲ့ရတယ်လို့ ဖေ့စ်ဘွတ်ခ် ဗီဒီယိုမှာ ဝန်ခံခဲ့ပါတယ်။
“နိုင်ငံခြားလျှို့ဝှက်တပ်ဖွဲ့တွေက ကျနော့်ရဲ့ ဖုန်းခေါ်ဆိုမှုတွေကို အဆက်မပြတ် ကြားဖြတ်နားထောင်နေပြီး သူတို့က ဟန်ဂေရီပါလီမန် ရွေးကောက်ပွဲမတိုင်မီ တပတ်ခွဲအလိုက ဖုန်းခေါ်ဆိုမှုတွေကို အများပြည်သူသိအောင် လုပ်ခဲ့တာဟာ အလွန်ကြီးမားတဲ့ အရှုပ်တော်ပုံတခု ဖြစ်တယ်” လို့ ဇီယာတိုက ပြောခဲ့ပါတယ်။
EU ပိတ်ဆို့မှုစာရင်းကနေ တစုံတယောက်ကို ဖယ်ရှားဖို့ အဖွဲ့ဝင် ၂၇ နိုင်ငံလုံးရဲ့ သဘောတူညီချက် လိုအပ်တယ်လို့ ဆလိုဗက်ကီးယားဝန်ကြီးချုပ် ရောဘတ် ဖီကိုက သတင်းစာရှင်းလင်းပွဲတခုမှာ ပြောခဲ့ပါတယ်။
Source: Reuters











