
ရုရှားမြို့တော် မော်စကိုက ကားဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ရုရှား စုံစမ်းစစ်ဆေးရေးမှူးတွေက သံသယရှိသူ ၂ ယောက်ထက်မနည်းကို ဖမ်းဆီးခဲ့တယ်လို့ ဇွန် ၁၀ ရက်မှာ ပြောပါတယ်။
ဗုံးထောင်ဖို့ ကြံစည်သူတွေလို့ ပြည်တွင်းလုံခြုံရေးဌာနက ယုံကြည်ရတဲ့ ဆယ်ကျော်သက်တွေကို ဖမ်းဆီးခဲ့တာလို့လည်း ပြောပါတယ်။
အင်္ဂါနေ့က မော်စကိုမြို့တော်မှာ ကားဗုံးပေါက်ကွဲမှု ၂ ခု ဖြစ်ခဲ့တာပါ။ မော်စကိုမြို့ အရှေ့ဘက်က ဘာလာရှီခါမြို့မှာ မနက်ပိုင်းက ပေါက်ကွဲခဲ့ပြီး မော်စကို အနောက်တောင်ပိုင်းက ဗုံးတလုံးကိုတော့ လုံခြုံရေးဌာနတွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။
မော်စကို အနောက်တောင်ပိုင်းက သိပ္ပံနည်းကျထုတ်လုပ်မှု လုပ်ငန်းတခုရဲ့ ဝန်ထမ်းတယောက်ကို ပစ်မှတ်ထားတဲ့ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး ရာဇဝတ်မှုဆိုင်ရာအမှုတခု ဖွင့်ထားတယ်လို့ ရုရှားအစိုးရ စုံစမ်းစစ်ဆေးရေးကော်မတီက ပြောပါတယ်။
အဲဒီပစ္စည်းက ဘယ်လိုပေါက်ကွဲခဲ့သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
စုံစမ်းစစ်ဆေးမှုအရ အမည်မသိလူတွေက ဗုံးကိုယူပြီး ဆယ်ကျော်သက် ယောက်ျားလေး တယောက်ဆီ ပေးဖို့ ဆယ်ကျော်သက် မိန်းကလေးတယောက်ကို ပြောခဲ့တယ်၊ အဲဒီယောက်ျားလေးက GPS ခြေရာခံကိရိယာ တပ်ဆင်ထားတဲ့ ကားပေါ်မှာ ဗုံးကို တင်ထားခဲ့တယ်လို့ ကော်မတီက ပြောပါတယ်။
ဒီဖြစ်ရပ်မှာ ထိခိုက်ဒဏ်ရာရသူ မရှိဘဲ သံသယရှိသူတွေကို တရားစွဲဆိုထားပါတယ်။
မော်စကို အရှေ့ပိုင်းက သီးခြားကားဗုံးပေါက်ကွဲမှုတရပ်မှာ ယာဉ်မောင်းတယောက် သေဆုံးခဲ့တယ်လို့ ကွန်မားဆန့် သတင်းစာက ဖော်ပြပါတယ်။ သေဆုံးသူရဲ့ နာမည်ကိုတော့ မဖော်ပြထားပါဘူး။
ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပေမဲ့ စုံစမ်းစစ်ဆေးနေချိန်မှာ အသေးစိတ် အချက်အလက်တွေကို ထုတ်ပြောလို့ မရဘူးလို့ ရုရှားသမ္မတနန်းတော် ကရင်မလင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ပြောပါတယ်။
ဒုတိယဗုံးနဲ့ ပတ်သက်ပြီး ဖမ်းဆီးမှုတွေ ရှိ၊ မရှိ မသေချာသေးပါဘူး။
၂၀၂၂ ခုနှစ်မှာ ရုရှား-ယူကရိန်းစစ်ပွဲ စကတည်းက ယူကရိန်း စစ်ဘက်ထောက်လှမ်းရေးက ရုရှားအရာရှိကြီးတွေကို လုပ်ကြံသတ်ဖြတ်မှုအတွက် တာဝန်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။
Source: Reuters










