DVB Logo
Home
Lead Story
အမျိုးသားရေးစိတ်ဓာတ်လှုံ့ဆော်ရန် စပိုင်လေပူဖောင်းကို တရုတ်အသုံးချနေသလား
DVB
·
February 19, 2023
အမျိုးသားရေးစိတ်ဓာတ်လှုံ့ဆော်ရန် စပိုင်လေပူဖောင်းကို တရုတ်အသုံးချနေသလား
Donate to DVB

အမေရိကန်လေတပ်ရဲ့ ပစ်ချမခံရခင် မြောက်အမေရိကကို‌ ဖြတ်ကျော်ကာ ကောင်းကင်ယံထက် အမြင့်ပိုင်းကနေ ပျံသန်းခဲ့တဲ့ မိုးပျံလေပူဖောင်းကိစ္စနဲ့ ပတ်သက်လို့ တရုတ်နဲ့ အမေရိကန်နိုင်ငံတို့အကြား သံတမန်ရေးတင်းမာနေချိန်မှာပဲ တရုတ်နိုင်ငံကတော့ သူ့နိုင်ငံသားတွေကြားမှာ အမျိုးသားရေးစိတ်ဓာတ်တွေ ထက်သံ အားပေးထောက်ခံမှုရလာအောင် အခွင့်အလမ်းကို အသုံးချလျက်ရှိနေပြီး ဒီနည်းဗျူဟာကလည်း ကောင်းကောင်းအလုပ်ဖြစ်နေပါတယ်။

ဒီလေပူဖောင်းဖြစ်ရပ်ပြဿနာဟာ  တရုတ်သမ္မတ ရှီကျင်းပင်နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်တို့ကြား ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ထိပ်သီးဆွေးနွေးပွဲမှာ အလွယ်တကူမဟုတ်ဘဲရရှိခဲ့တဲ့ ငြိမ်းချမ်းရေးကို ၃ လ အကြာမှာပဲ  ကျိုးပျက်သွားစေခဲ့ပါတယ်။ အဲဒီအချိန်ကာလ အတောအတွင်းမှာတော့ ရန်လိုမှုနဲ့ အမျိုးသားရေး အစွန်းရောက် ပြောဆိုမှုတွေကို ဖယ်ခွာထားမှုဟာ တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ သံတမန်ရေးဟန် ဝိသေသလက္ခဏာတရပ် ဖြစ်လာခဲ့တာကြောင့် ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံ အကြား မတည်ငြိမ်တဲ့ ဆက်ဆံရေးမှာ ပြေငြိမ်းမှုတစ်ခု ဖြစ်လာနိုင်တယ်လို့ မျှော်လင့်ချက်တွေ ရှိခဲ့ကြပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့သီတင်းပတ် အမေရိကန်လေပိုင်နက်ထဲကို  တရုတ်လေပူဖောင်း ဖြတ်သန်း ဝင်ရောက်ခဲ့တဲ့ဖြစ်ရပ် ဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာတော့ အဲဒီမျှော်လင့်ချက်တွေဟာ အလျှင်အမြန် ပျောက်ကွယ်သွားခဲ့ရပါတယ်။

တရုတ်နိုင်ငံကတော့ ဒီလေပူဖောင်းကို အရပ်ဘက်ဆိုင်ရာ ရည်ရွယ်ချက်တွေအတွက် အသုံးပြုခဲ့တာ ဖြစ်တယ်လို့ ဖြေရှင်းချက်ပေးခဲ့ပြီး စိတ်မကောင်းဖြစ်မိကြောင်း ကနဦးမှာ ဖော်ပြခဲ့ပေမဲ့ အမေရိကန်ဘက်က အဲဒီဖြေရှင်းချက်ကို ပယ်ချခဲ့ကာ လေပူဖောင်းကို ပစ်ချခဲ့ပြီးတဲ့နောက်မှာတော့ တရုတ်နိုင်ငံဟာ ရန်လိုတဲ့စကားလုံးတွေ ပြောင်းလဲ သုံးနှုန်းလာခဲ့ပြန်ပါတယ်။ 

မျက်စိဒေါက်ထောက်ကာ ဝေဖန်ထောက်ပြတတ်ပြီး အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ တရုတ်နိုင်ငံပိုင်  Global Times သတင်းစာကတော့ အမေရိကန်ရဲ့ ဆောက်တည်ရာမရ အလွန်အကျွံတုံ့ပြန်မှုက နှစ်နိုင်ငံကြား တင်းမာမှုကို ပိုမိုမြင့်တက်စေခဲ့တယ်လို့  ပြစ်တင်ပါတယ်။ ဒါ့အပြင် အမေရိကန်အနေနဲ့ သူ့ရဲ့ ကိုယ်ပိုင်စစ်ရေးနဲ့ နျူကလီးယားအင်အားကို မြှင့်တင်နိုင်ဖို့အတွက် တရုတ်အန္တရာယ် သဘောထား အယူအဆနဲ့ တရုတ်နိုင်ငံရဲ့ တိုက်ချင်းပစ်ဒုံးကျည်အရေအတွက်ကို လိုတာထက်ပိုပြီး ချဲ့ကားပြောဆို နေတယ်လို့လည်း စွပ်စွဲ ပြောကြားခဲ့ပါတယ်။ နောက်ပြီး ဒီဖြစ်ရပ်ဟာ ခေတ်သစ်စစ်အေးကာလ အန္တရာယ်ရှိစေတဲ့ အခြေအနေကို  ပိုမိုကျယ်ပြန့်စေခဲ့တယ်လို့လည်း တရုတ်သတင်းစာက ရေးသားဖော်ပြပါတယ်။

တရုတ်နိုင်ငံအတွင်း စီးပွားရေးအကျပ်အတည်းနဲ့ ၃ နှစ်ကြာ ကိုဗစ်ဆိုင်ရာ အသွားအလာ ကန့်သတ် ချက်တွေအပေါ်  ပြည်သူတွေရဲ့ မကျေနပ်ချက်တွေ ကြီးမားလာချိန်မှာ တရုတ်အစိုးရအနေနဲ့  သူ့ရဲ့ နိုင်ငံရေး ပြိုင်ဖက်အပေါ် နိုင်ငံသားတွေရဲ့ ရန်လိုမှုကိုဆွပေးဖို့အတွက် အမျိုးသားရေးဝါဒဘက်ကို ပြန်လည် ဖော်ထုတ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာပဲ တရုတ်ကွန်မြူနစ် ပါတီရဲ့ယန္တယားတစ်ခုဖြစ်တဲ့ ကွန်မြူနစ်လူငယ်ပါတီဟာ နိုင်ငံသားတွေရဲ့ အမေရိကန်အပေါ်ထားတဲ့ အမြင်သဘောထားတွေက ပါတီရဲ့ အာဘော်နဲ့ တစ်သားတည်း ရှိတယ်ဆိုတာကို သေချာစေဖို့ အစွမ်းကုန် ကြိုးပမ်း လုပ်ဆောင်လာခဲ့ပါတယ်။

ကွန်မြူနစ်လူငယ်ပါတီဟာ လူမှုမီဒီယာတစ်ခုဖြစ်တဲ့ Sina Weibo ချန်နယ်ကို အသုံးပြုကာ အမေရိကန်အား ဆန့်ကျင်ရေးသားမှုတွေကို အလေးပေးဖော်ပြနေပြီး  အသိဉာဏဝါဒ၊ ပါတီနိုင်ငံရေးနဲ့ နိုင်ငံရေးဆိုင်ရာမှန်ကန်မှုကို ဆန့်ကျင်တဲ့ အမေရိကန်ရဲ့ နာတာရှည်ရောဂါ  သုံးခုကို ဒီအကျပ်အတည်းကနေ ဖော်ထုတ်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ 

တချို့အမေရိကန် နိုင်ငံရေးသမားတွေနဲ့ မီဒီယာတွေအနေနဲ့ အဖြစ်မှန် အခြေခံတစ်စုံတစ်ရာ မရှိဘဲ  လိုရာဆွဲ ကောက်ချက် ချလိုက်တာဟာ ပြဿနာကို မီးလောင်ရာလေပင့် ဖြစ်စေခဲ့ပါတယ်။ နောက်ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အနေနဲ့လည်း တရုတ်နိုင်ငံအပေါ် ပြင်းပြင်းထန်ထန် တုံ့ပြန်သွားဖို့အတွက် ရီပါပလစ်ကန်တွေရဲ့ နိုင်ငံရေးဖိအားတွေရှိနေပြီး ဒီလေပူဖောင်း ဖြစ်စဉ်ကို အသုံးချကာ အမေရိကန်ပါတီရဲ့ ရုန်းကန်ရမှုကို လျော့နည်းသက်သာအောင် လုပ်ဆောင်ခဲ့တယ်လို့ ကွန်မြူနစ် လူငယ်ပါတီက စွပ်စွဲ ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အမေရိကန်နိုင်ငံရေးသမားတွေဟာ နိုင်ငံရေးဆိုင်ရာ မှန်ကန်မှုအတွက် တရုတ်ခြိမ်းခြောက်မှုအန္တရာယ်နဲ့ ပတ်သက်တဲ့ အမေရိကန်ပြည်သူတွေရဲ့ အမြင်သဘောထားတွေကို အဆိပ်ခတ်နေတယ်လို့လည်း အဲဒီလူငယ်ပါတီက ပြစ်တင် ပြောကြားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လူရှေးကလည်း အမေရိကန်အနေနဲ့ တရုတ်ကို အိုးမဲသုတ်ဖို့အတွက် ဒီလေပူဖောင်းကိစ္စကို ပုံကြီးချဲ့ပြောဆိုခဲ့တာလို့ Global Times သတင်းစာကို ပြောပါတယ်။ ထိုင်ဝမ်အရေး သဘောတူညီချက် မရရှိတာ၊ စစ်ရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ ပိတ်ဆို့မှုတွေအပါအဝင် တရုတ်-အမေရိကန် နှစ်နိုင်ငံကြား သဘောထားကွဲလွဲစေခဲ့တဲ့ ဖြစ်ရပ်တွေ တသီကြီး ဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ အခုလို ပြောဆိုခဲ့တာဖြစ်ပြီး ဒီကိစ္စက နှစ်နိုင်ငံဆက်ဆံရေးမှာ ပဋိပက္ခတွေ အစပျိုးရာ  မီးစတစ်စ ဖြစ်လာနိုင်တယ်လို့လည်း သံအမတ်က သတိပေးပြောပါတယ်။

ထွစ်တာလို လူမှုကွန်ရက်ဖြစ်တဲ့ တရုတ်အစိုးရရဲ့  Sina Weibo ချန်နယ်မှာတော့ တရုတ်မျိုးချစ်ပုဂ္ဂိုလ်တွေရဲ့ အသံတွေ သောသောညံနေပြီး အမေရိကန်ခေါင်းဆောင်တွေရဲ့ အဓိက အမြင်သဘောထားတွေပါဝင်တဲ့ ဗီဒီယိုဖိုင်တွေကို တစ်ညီတစ်ညွတ်တည်း လှောင်ပြောင်ခဲ့ကြသလို တရုတ်နိုင်ငံအား အနှောင့်အယှက်ပေးနေမှုအတွက် အမေရိကန်နိုင်ငံကို ပယ်ပယ်နယ်နယ် ပြစ်တင်ဝေဖန် ရှုတ်ချခဲ့ကြပါတယ်။ 

“တရုတ်နိုင်ငံအနေနဲ့ သူ့ရဲ့ အမျက်ဒေါသကို မျိုသိပ်ထားရမှာ မဟုတ်ဘူး၊ အမေရိကန်ရဲ့ မနှစ်မြို့ဖွယ် လုပ်ရပ်တွေကို ဖော်ထုတ်သွားရမယ်။ နောက်ပြီး မျက်နှာသာ ထပ်ပေးဖို့လည်း  မလိုဘူး” လို့စတော့ ရှယ်ယာ လေ့လာသူတစ်ဦးက သူ့ရဲ့ Weibo အကောင့်မှာပြောပါတယ်။ 

မှတ်ချက်ရေးသူ တခြားတယောက်ကလည်း အရပ်ဘက်လေပူဖောင်းတလုံးဟာ နယ်ချဲ့ အမေရိကန်ရဲ့ သရုပ်သကန်ကို ထုတ်ဖော်ဖွင့်ချလိုက်တာပဲဖြစ်တယ်လို့ ပြောပါတယ်။

အင်အားကြီးနိုင်ငံတနိုင်ငံ တက်လာပြီဆိုရင် တခြားအင်အားကြီးနိုင်ငံဟာ ကျဆုံးရမှာ အသေအချာပါပဲလို့ နောက် မှတ်ချက်ပြုသူတစ်ဦးကလည်း  ပြောဆိုထားပါတယ်။

Ref: The Guardian 

(ယူကေနိုင်ငံထုတ် The Guardian သတင်းစာမှာဖော်ပြထားတဲ့ ဆောင်းပါးရှင် Verna Yu ရဲ့   “China using spy balloon drama to drum up nationalistic fervour” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဖော်ပြသည်။)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013