DVB Logo
Home
မြန်မာသတင်း
ဘားမားအက်ကြောင့် ဒေသတွင်းအကြမ်းဖက်မှု ပိုမိုဆိုးရွားလာရန်မရှိဟု အမေရိကန်အရာရှိပြော
DVB
·
February 18, 2023
ဘားမားအက်ကြောင့် ဒေသတွင်းအကြမ်းဖက်မှု ပိုမိုဆိုးရွားလာရန်မရှိဟု အမေရိကန်အရာရှိပြော
Donate to DVB

အမေရိကန်ရဲ့ ဘာမားအက်ဥပဒေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် သက်ရောက်မှုရှိနေတဲ့ ဒေသတွင်းက အကြမ်းဖက်မှုတွေဟာစိုးရိမ်နေကြသလို ပိုမိုများပြားလာမှာ မဟုတ်ဘူးလို့ အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက် ချောလက်က ပြောကြားလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ကို အလည်အပတ်သွားရောက်ခဲ့တဲ့ခရီးစဉ်အတွင်းမှာ အမေရိကန်အဆင့်မြင့် အရာရှိက အခုလိုပြောကြားခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အတွင်းရေးမှူး မာစွတ်ဘင်မိုမန်က ဖေဖော်ဝါရီလ ၁၅ ရက် ပြောလိုက်ပါတယ်။

ဒေသအတွင်းမှာ ဖြစ်ပွားနေတဲ့ မလိုလားအပ်တဲ့ အကြမ်းဖက်မှုတွေ ပိုမိုအားကောင်းလာအောင် သူတို့ (အမေရိကန်) က လုပ်မှာမဟုတ်ပါဘူးလို့ ဘားမားအက်ကို ရည်ညွှန်းပြီး ပြောခဲ့ပါတယ်။

မစ္စတာ မာစွတ်က“နောက်ထပ် မတည်ငြိမ်မှုတွေ ဖြစ်မလာစေရေးအတွက် ကျနော်တို့ ဖြေရှင်းရမယ့် ပြဿနာတွေရှိကြောင်း ကျနော်ပြောခဲ့ပါတယ်။ အမေရိကန်ဘက်ကလည်း မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့အတွက် သူတို့ဘက်က အားစိုက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ပြောပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

ဘာမားအက်ဥပဒေနဲ့ပတ်သက်ပြီး အမေရိကန်ဘက်က ဘင်္ဂလားဒေ့ရှ်ကို အကူအညီတောင်းခံတာမျိုးလည်း မရှိဘူးလို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် မြို့တော်ဒါကာမှာ ကျင်းပတဲ့အစည်းအဝေးမှာ ဖိတ်ခေါ်တွေ့ဆုံစဉ် လတ်တလောအမေရိကန်က ထုတ်ပြန်အတည်ပြုခဲ့တဲ့ ဥပဒေအပေါ် ဘင်္ဂလားဒေ့ရှ်ဘက်က စိုးရိမ်မေးမြန်းမှုကို ဒဲရက်ချောလက်က  ပြန်လည်ဖြည်ကြားခဲ့တာလို့လည်း ဆိုပါတယ်။ 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးတန်းအကြံပေးဖြစ်တဲ့ မစ္စတာချောလက်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် ခုနှစ်ဦးနဲ့အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပြီးခဲ့တဲ့ ရက်ပိုင်းသွားရောက်ခဲ့တာ ဖြစ်ပြီး  ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာအေကေအဗ္ဗဒူမိုမန်တို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဘာမားအက်ကြောင့် အမေရိကန်ဟာ စစ်ကောင်စီကို ပိုမိုဖိအားပေးပြီး မြန်မာနိုင်ငံသားတွေကို အကူအညီပိုပေးလာမှာကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားဆက်ဆံရေးနဲ့ လုံခြုံရေးကျွမ်းကျင်သူတချို့က စိုးရမ်နေခဲ့ကြတယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် BSS သတင်းဌာနက ရေးပါတယ်။ 

ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာတွေကို အမေရိကန်ကို ပိုမိုခေါ်ယူရေးနဲ့ ဘာရှန်ချာကျွန်းပေါ်က ရိုဟင်ဂျာတွေအတွက် လူမှုကယ်ဆယ်ရေးအကူအညီတွေ ပိုမိုပေးအပ်ဖို့ မစ္စတာ ဒဲရက်ချောလက်နဲ့ အဖွဲ့ကို ဘင်္ဂလားဒေ့ရှ်ဘက်ကနေ တောင်းဆိုခဲ့ကြောင်း မစ္စတာ မာစွတ်က ပြောပါတယ်။

သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ထိန်းသိမ်းစောင့်ရှောက်ပေးထားရတဲ့ ဘင်္ဂလားဒေ့ရှ်ကို ကူညီဖို့ အဆက်မပြတ်ကြိုးစားဆောင်ရွက်နေကြောင်းနဲ့ ဒီပြဿနာရဲ့အရင်းအမြစ်ဖြစ်တဲ့ မြန်မာနိုင်ငံက ပဋိပက္ခတွေကိုလည်း ရှာဖွေဖြေရှင်းဖို့ ကြိုးစားနေကြောင်း မစ္စတာချောလက်က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံပြီးနောက်   ပြောပါတယ်။

“ဒုက္ခသည်သန်းနဲ့ချီပြီး လက်ခံထားရတာကြောင့် ဘင်္ဂလားဒေ့ရှ်ကို ကူညီဖို့ နေ့စဉ်ရက်ဆက်ကြိုးစားဆောင်ရွက်နေသလို မြန်မာနိုင်ငံထဲမှာရှိနေတဲ့ ဒီပြဿနာတွေရဲ့ အရင်းအမြစ်ကိုလည်း ရှာဖွေဖြေရှင်းသွားဖို့ ကြိုးစားနေပါတယ်။” 

ဘားမားအက် “BURMA ACT” ဥပဒေကိုတပါတည်းထည့်ပေါင်းထားတဲ့ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသားကာကွယ်ရေးအက်ဥပဒေ (NDAA) ကို ဒီဇင်ဘာ ၂၃ ရက်နေ့မှာ  အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။

ဒီဥပဒေမှာ NUG၊ NUCC၊ CRPH နဲ့ PDF တွေကိုရော  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုကါ  ကူညီထောက်ပံ့မှုတွေ ပေးအပ်ဖို့ ပါဝင်ပါတယ်။

Photo Credit- Derek Chollet Twitter

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013