DVB Logo
Home
Lead Story
နွေဦးရဲ့ ပဲ့တင်သံ
DVB
·
February 18, 2023
နွေဦးရဲ့ ပဲ့တင်သံ
Donate to DVB

နွေဦးတော်လှန်ရေးမှာ အားလုံးလက်နက်ကိုင်ပြီး တော်လှန်ရေးတိုက်ပွဲဝင်နေကြသလို လက်ရုံးတပ်တွေမှာ ဝင်ရောက်အားဖြည့်နေသူတွေ ရှိပါတယ်။

CDM ဝန်ထမ်းတွေကနေ တော်လှန်ရေးမှာ မိမိတို့တတ်ကျွမ်းတဲ့ လုပ်ငန်းဌာနတွေအလိုက် ပါဝင်ကြသူရှိပြီး ဆိုင်ကယ်ပြင်တတ်သူ၊ ဆံပင်ညှပ်တတ်သူအဆုံး မိမိတို့ တတ်ကျွမ်းခဲ့တဲ့ အတတ်ပညာ အသိပညာတွေနဲ့ အားဖြည့်လောင်းကြတယ်။

နေရာမှာ တခုတော့ အကြံပေးချင်တယ်။ တတ်ကျွမ်းမှုအလိုက် ဒူးနေရာဒူး တော်နေရာတော် တာဝန်ပေးထားရင် တော်လှန်ရေးအဟုန် ပိုမိုမြန်ဆန်ပြီး အရှိန်မြင့်တက်လာမှာပါ။ စစ်တုရင် ကစားသလို ပွန်း(pawn)လေးတွေ ရှေ့မှာရှိတယ်။ သက်မှတ်ချက်အတိုင်း အစီအစဥ်တကျ ပွဲကကြတယ်။ နောက်က castle တို့ bishop တို့ကလည်း နောက်က ထောက်ပံ့ကာကွယ် တိုက်နေကြတယ်။ ဒီနေရာမှာ တာဝန်အလိုက် ပေးထားကြတဲ့အခါ castle က bishop လို လျှောက်တိုက်နေလို့ မရဘူး။ ပွန်း (pawn) လေးတွေကလည်း ဘုရင်မလို သွားချင်တဲ့နေရာ တိုက်ချင်သလို လိုက်တိုက်လို့မရဘူး။ ရဲဘော်တွေရဲ့ ကျွမ်းကျင်မှုအလိုက် တာဝန်ပေးချက်အရ စိတ်ညီစွာ တိုက်ထုတ်ကြရင် စစ်အာဏာရှင် ဘယ်လောက်တောင့်ခံနိုင်မလဲ။ ဒီလိုပြောရတာလည်း ဖြစ်စဥ်တွေရဲ့ သာဓကတွေ ရှိကြတာပေါ့။

ဟိုတလောက ရဲဘော်ညီငယ်တယောက် မိုင်း error ဖြစ်ပြီး ကျဆုံးတယ်။ တော်လှန်ရေးက ဒီလိုပဲ ဖြစ်တတ်၊ ကြုံတတ်တယ်လို့ မပြောရက်ဘူး။ အမှန် နွေဦးတော်လှန်ရေး လမ်းဆုံးခါနီးမှ လက်တဖက် ကျိုးသလိုပဲ။ ရဲဘော်က ဆားကစ်ပြားတွေနိုင်တဲ့ ဟာ့ဒ်ဝဲသမားတယောက်။ သူက အဓိက မိုင်းမှာ ဆင်ပေးတဲ့ ရီမုတွေ၊ timmer တွေ လုပ်ပေးနေသူ။

ဒါတွေတင်ပဲလား မဟုတ်။  တပ်ရင်း တပ်ဖွဲ့ နေရာတွေကို သူ သိပ်မသွားတော့ဘူး။ ပြင်ခိုင်းတဲ့ ရေဒီယိုတွေ၊ ဘောက်လေးတွေ၊ TV တွေ၊ စလောင်းတွေပါ သူလာတုန်း ပြင်ရတာမို့ တပ်ရင်းနေရာတွေရောက်ရင် တပတ်လောက် နားရတယ် မရှိ။ အမှတ်တရ ရယ်စရာပြောရရင် သူ့ကို တပ်ရင်းဘက် အလည်လိုက်ဦးမလား ခေါ်ပြီဆိုတာနဲ့ သူ အဲသည့်နေ့ ဆေးခန်းသွားပြပြီ။ (ဆေးခွင့်ယူလိုက်တာ)

နောက်ပိုင်း ဒရုန်းတွေ သုံးလာတဲ့အခါ သူ ဒရုန်းဆင်တာ၊ တပ်တာ နားမလည်ပေမဲ့ အစ်ကိုရေ၊ ညီရေ ဒီဟာလေးက အပိုပစ္စည်း မပါဘူး။ လောင်သွားတယ်ဗျာ။ အေး ညီလေး ဘာကူညီပေးရမလဲ။ အစ်ကို လုပ်ပေးနိုင်တာ အကုန်လုပ်ပေးမယ်။ အမြဲတမ်း ပြုံးပြုံးလေးနဲ့ မညည်းမညူ လုပ်ပေးတတ်သူ။ ဒီဘက်ထရီက ၁၀ ဗို့ထွက်တယ်။ ဒီဘက်ကို ပါဝါပြန်ကျွေးတော့ ၅ ဗို့ပဲ ပေးရမယ်။ အိုကေ အဲဒါဆို ဘယ်ပါဝါဘန့်၊ ကတ်ဘောက်စ်အဟောင်း ရှာလာခဲ့။ အဲသည့်တွေထဲမှာ ရှိတတ်တယ်။ သူပြောသလို ရှာလိုက် ကွက်တိပါပဲ။ စပယ်ယာပစ္စည်းကသာ မှာတာနဲ့ ပို့တာက တလနီးပါးကြာမယ်။ သူ့ ပြင်ခိုင်းရင် အချိန်ပိုင်း နာရီပိုင်းပါပဲ။

လက်နက်ကိုင်တိုက်ပွဲဝင်နေကြတာ အစားဆင်းရဲ၊ အနေဆင်းရဲ လူတိုင်းမလုပ်နိုင်သလို ဒီလို နည်းပညာသမားတွေကလည်း တော်လှန်ရေးမှာ အကောင်းဆုံး သူ့တာဝန်အလိုက် ပါဝင်ခွင့်ရဖို့ လိုပါတယ်။

နည်းပညာအရာမှာ သူ့လို လူတိုင်းလိုက်မလုပ်နိုင်ပေမဲ့ ရှေ့တန်းအတွေ့အကြုံနည်းတဲ့ ရဲဘော်လေး မခန့်မသင့် အသက်ဆုံးရှုံးလိုက်ရတယ်။

ဒီလို ဆုံးရှုံးမှုတွေက တနိုင်ငံလုံး ဖြစ်တတ်ကြသော်လည်း တော်လှန်ရေးကို အသက်ပေးဆပ်ထားကြပြီး ဖြစ်တဲ့အတွက် နေရာကျွမ်းကျင်မှုအလိုက် တာဝန်ပေးအပ်မှု လုပ်ဆောင်နိုင်ကြရင် မကြာသောအချိန်မှာ ဒို့အောင်သံ ကြားရမှာပါ။ တဦးစီ လုပ်ဆောင်ချက်တွေကလည်း တဦးနဲ့တဦး နားလည်စွာနဲ့ အတူချီတက် ရုန်းကန်တော်လှန်ကြရမယ်။

ထို့အတူ တော်လှန်ရေး နေရာ​ဒေသအလိုက် လိုအပ်မှုတွေက လက်နက်ကိုင်တိုက်ပွဲ ဝင်ကြတာချင်း တူကြပေမဲ့လည်း ကာလဒေသအလိုက် လိုအပ်မှုနဲ့ စစ်ရေးက မတူကွဲပြား ဖြစ်နေတတ်ပါတယ်။ ဒီအကြောင်းအရာ ဖြစ်စဥ်အလိုက် ပြည်နယ်အလိုက် (ဒီနေရာမှာ ပြည်နယ်လို့ပဲ သုံးချင်တယ်။ ကျနော်တယောက်တည်းရဲ့ သဘောက တော်လှန်ရေးကြီးပြီးလို့ ဖက်ဒရယ်ပေါ်လာရင် တနိုင်ငံလုံးကို ပြည်နယ်တွေပဲ အမည်ပေး သတ်မှတ်စေချင်လို့ပါ။) အခန်းကဏ္ဍများ၊ လက်ရှိတော်လှန်ဖြစ်နေမှု အခြေအနေ အရပ်ရပ်ကို ခေါင်းဆောင်ပိုင်းများ အစိုးရဝန်ကြီးဌာနများကလည်း အောက်ခြေအဆင့်ထိ သိထားကြရင် အကောင်းဆုံးပါပဲ။ လက်နက်ခွဲတမ်း ထောက်ပံ့မှုများမှာလည်း ဘယ်တပ်ရင်း ဘယ်အဖွဲ့အလိုက် လက်ရှိတိုက်ပွဲ လုပ်ဆောင်ချက်များအလိုက် ထောက်ပံ့ပေးစေချင်တယ်။ တချို့ တပ်မဟာမှာ တပ်ရင်း တပ်ခွဲတွေ ရှိနေကြသော်လည်း တကယ်ထိတွေ့မှုအများဆုံး ဖြစ်နေတဲ့ တပ်ခွဲကို အလေးသာ ထောက်ပံ့ရမယ်။ ကလေးတွေ မုန့်ကျွေးသလို တပ်မဟာတခုမှာ တပ်ခွဲဘယ်နှခုရှိလဲ။ ရတဲ့ သေနတ်အရေအတွက်ပေါ် မူတည်ပြီး တပ်ခွဲအလိုက် ညီတူမျှတူ ပေးလိုက်ဆိုတာ ဖြစ်သင့်သော စစ်ဆင်ရေး မဟုတ်ပါဘူး။

အထက်ဝန်ကြီးဌာန ဦးဆောင်သူများနဲ့ မြေပြင်လက်တွေ့ ထိတွေ့မှုက ကွာဟနိုင်ပါတယ်။ ဒီအချိန် ရှေ့တန်းစစ်မြေပြင်နှင့် ဝန်ကြီးဌာနကြားက ပြည်နယ်အလိုက် တပ်မဟာအလိုက် mid level တာဝန်ရှိသူများဘက်က ပိုအရေးကြီးပါတယ်။ အွန်လိုင်းကနေ ခွေးတွေ ဘယ်လောက်သေနေပြီ သတင်းပို့ရုံနဲ့ ရော့ အင့် လက်နက်ထောက်ပံ့ရုံမရဘဲ လိုအပ်ရင် အောက်ခြေအထိ ဆင်းရမယ်။ လိုအပ်ချက်ကိုလည်း ဝန်ကြီးဌာနများမှာ အကောင်းဆုံး စစ်ဆင်ရေး ပြင်ဆင်မှုများနဲ့ တင်ပြတောင်းခံရင်ဖြင့် တော်လှန်ရေး သတ်မှတ်ချက်နှစ်ထက် အိမ်ပြန်စောကြမှာပါ။

ကျနော် လက်ရှိမြေပြင် အခြေအနေတချို့ကို အကြုံပြု တိုက်တွန်းပြောဆိုခြင်းပါ။ စစ်ခွေး ဝမ်းသာအောင် လေလည်ပြနေခြင်း သဘော၊ NUG ဝန်ကြီးဌာနများကို ဆရာလုပ်နေခြင်း သဘော မဟုတ်ပါကြောင်း ဒီနေရာမှ ပြောဆိုရေးသားလိုက်ပါရစေ။

ရွှေနွယ်မောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013