DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူနှင့်အရာတော်တွင် စစ်တပ်က လူငယ် ၂ ဦးအားသတ်ဖြတ်ပြီး လယ်တီရပ်ကွက်ကိုမီးရှို့
DVB
·
February 18, 2023
ကန့်ဘလူနှင့်အရာတော်တွင်  စစ်တပ်က လူငယ် ၂ ဦးအားသတ်ဖြတ်ပြီး လယ်တီရပ်ကွက်ကိုမီးရှို့
Donate to DVB

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ဘက်ခြမ်း  သိန်ရင်ဆည်အနီးဒေသတွေကို စစ်ကြောင်း ထိုးနေတဲ့ စစ်တပ်က ရှမ်းတပ်ရွာနားမှာ ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းက ကင်းလာထောက်တဲ့ လူငယ် ၂ ယောက်ကို ဖမ်းဆီး သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

အဲဒီဒေသတွေကို ခမရ ၃၆၈၊ ခမရ ၃၆၉နဲ့ ပျူစောထီးတွေ ပူးပေါင်းပြီး အင်အား ၂၀၀ လောက်နဲ့ ဖေဖော်ဝါရီ ၁၄ ရက်ကစပြီး စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

ကန့်ဘလူဒေသခံက “၁၇ ရက် မနက်ပိုင်းမှာ  ရှမ်းတပ်ကျေးရွာဘက်ကို ထပ်ပြီး စစ်ကြောင်း ထိုးတယ်။ သူတို့လာတာကို ကင်းထောက်တဲ့ ကာကွယ်ရေအဖွဲ့ဝင် ၂ ဦး ကို ဖမ်းဆီးသတ်ဖြတ်ပြီး ထွန်စက်ပေါ်တင်ကာ မီးရှို့သတ်ဖြတ်ထားခဲ့ကြတယ်။ အသက်အရွယ်တွေကတော့ တယောက်က ၂၀ ကျော်၊ တယောက်က ၃၀ ဝန်းကျင်လောက်ရှိမယ်။ နာမည်ကတော့ သူတို့မိသားစုဝင်တွေရဲ့ လုံခြုံရေးအရ ပြောမပြတော့ပါဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် အင်းလယ်ကြီးရွာက စစ်ဘေးရှောင် အသက် ၂၀ ဝန်းကျင်အရွယ် ယောကျ်ားလေးနဲ့ မိန်းကလေး နှစ်ယောက်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်က စစ်‌‌ရှောင်အမျိုးသား ၂ ယောက်ကို ဖေဖော်ဝါရီ ၁၇ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေက မီးရှို့သတ်ဖြတ်ပြီး အသက်မပြည့်သေးတဲ့ ၁၅ နှစ်အရွယ် ကလေး ၁ ဦးနဲ့ အသက် ၂၀ ကျော်အရွယ် အမျိုးသမီး ၁ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုး‌နေတဲ့ ကန့်ဘလူတောင်ခြမ်းက ထန်းကုန်းနဲ့ ဇီးကုန်းတိုက်နယ်က အင်းလယ်ကြီး၊ သရက်တာ၊ အင်္ဂါထောင့်၊ ကိုင်းရိုး၊ မဲသည်၊ ပေလည်၊ ဆူးပုတ်ကုန်း၊ ညောင်ပင်ရွာမ၊ ရွာသစ်၊ ဉာဏ်အင်း၊ ထိန်တော၊ သပြေသာ၊ ဗိုလ်ကုန်း၊ ရှမ်းတပ်၊ မန်ကျီးကုန်း၊ ဆူးတပ်၊ ဆင်နင်းနဲ့ ဖုတ်ကုန်းရွာဒေသခံ ၂ ထောင်ကျော်ဟာ ဒီနေ့အထိ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အစားအသောက်နဲ့ ဆေးဝါးနဲ့ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ ကန်ဘလူမြိုနယ် ပကဖတာဝန်ရှိသူတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၇ ရက် ညနေ ၅ နာရီခွဲလောက်မှာလည်း အရာတော်မြို့ပေါ်က လယ်တီရပ်ကွက်ကို အမှတ် ၁၀ လေ့ကျင့်ရေးတပ်က စစ်ကား ၇ စီးနဲ့ သေနတ်ပစ် ဝင်ရောက်လာပြီး  ရပ်ကွက် အတွင်း နေအိမ်တွေထဲက ပစ္စည်းတွေကို သယ်ဆောင်ကာ မီးရှို့ခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း လယ်တီရပ်ကွက်နားက ငါးထောင့်လေး တင့်ကားစစ်တပ်က ထွက်လာတဲ့ စစ်ယာဉ်တန်းကို လယ်တီရပ်ကွက်နဲ့ တပ်မ ၅၀၀၄ ကြားမှာ ကာကွယ်ရေးအဖွဲ့‌တွေက မိုင်းဆွဲ ခဲ့သလို အရာတော်မြို့ တပ်ရင်း ၁၀ ကို ၈၀ မမ တွေနဲ့ ပစ်ခတ်တာကြောင့် အခုလို မီးရှို့တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “အင်အား ၂၀၀ လောက်ရှိမယ် ထင်တယ်။ သူတို့ ရောက်လာတော့ ရပ်ကွက်ထဲကလူတွေ ထွက်ပြေးကြတယ်။ မပြေးတဲ့သူတွေကို ဖမ်းပြီး စာသင်ကျောင်းထဲ ခေါ်သွားတယ်။ ကိုယ်လည်း အလွတ်ရုန်းပြေးလာရတာဆိုတော့ ဖမ်းခံရသူအရေအတွက်ကတော့ အတိကျမသိဘူး။ နောက်ပြီး ခြေရာတော်ဘုရား‌တောင်ကျောင်းမှာ  လက်သမားလုပ်နေတဲ့ အလုပ်သမားတွေလည်း ဖမ်းသွားတယ်။ မီးရှို့တာကတော့ ရွာတောင်ပိုင်းကနေ စပြီးရှို့တာ” လို့ ပြောပါတယ်။

စစ်ကောင်စီက ရပ်ကွက်အတွင်းကနေ မထွက်ခွာသေးတာကြောင့် မီးလောင်ပျက်စီးမှု အသေးစိတ်စာရင်းကို သီးခြားအတည်မပြုနိုင်သေးပါဘူး။

အိမ်ခြေ ၂၀၀ လောက်ရှိတဲ့ လယ်တီရပ်ကွက်က ဒေသခံ ၅၀ ကိုလည်း  ရပ်ကွက်စာသင်ကျောင်းမှာ ဖမ်းဆီးထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013