DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက်မြန်မာအလုပ်သမားများကို အလုပ်လုပ်ကိုင်ခွင့်သက်တမ်းတိုးထပ်တိုးပေး
DVB
·
February 17, 2023
ထိုင်းရောက်မြန်မာအလုပ်သမားများကို အလုပ်လုပ်ကိုင်ခွင့်သက်တမ်းတိုးထပ်တိုးပေး
1 / 3
Donate to DVB

ထိုင်းနိုင်ငံမှာ  PJ နိုင်ငံကူးလတ်မှတ်ပတ်စ်ပို့ ကိုင်ဆောင်ပြီး  အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ပတ်သက်လို့ ထိုင်းအစိုးရအဖွဲ့နဲ့ ဘန်ကောက် မြန်မာသံရုံးတို့က  ဒီနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှာ သက်တမ်းကုန်တဲ့သူတွေကို နောက်ထပ် ၃ လ ဆက်လက်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ပြုခဲ့ပြီး သက်တမ်းတိုး ကိစ္စကိုတွေကို မေလ ၁၃ ရက်နေ့အထိ ထပ်တိုးမြှင့်ပေးလိုက်ပါတယ်။

သက်တမ်း ကုန်ဆုံးတော့မယ့် အလုပ်သမားတွေဟာ ထိုင်းနိုင်ငံမှာ ဆက်လက် နေထိုင်ခွင့်နဲ့ အလုပ်လုပ်ကိုင်ခွင့်အတွက် ပန်းရောင်ကတ်တွေ ထပ်မံ ပြုလုပ်ရမယ်ဆိုရင် ငွေကြေး ကုန်ကျစရိတ်တွေ ထပ်ရှိလာမှာကိုလည်း စိုးရိမ် ပူပန်နေကြပါတယ်။

ဒါ့အပြင် သတ်မှတ်ထားတဲ့ ၃ လအတွင်း သက်တမ်းတိုးရမယ့် မြန်မာလုပ်သားတွေဟာ သိန်းနဲ့ချီပြီး ရှိတာကြောင့် ဘယ်လိုမှ အချိန်မီ ပြီးစီးမှာ မဟုတ်ဘူးလို့ ပတ်စ်ပို့အကျိုးဆောင်တွေက ခန့်မှန်းထားပါတယ်။

ဘန်ကောက်အခြေစိုက် ပတ်စ်ပို့အကျိုးဆောင်တစ်ဦးက "သက်တမ်းတိုးလို့ မမီလိုက်တဲ့သူတွေ တပုံကြီးပဲ အခုက။ ထိုင်းဘက်က ဘယ်လို လုပ်ပေးမလဲပေါ့။ သံရုံးကတော့ သူတို့ သိကြောင်း စာတင်ထားတယ်။ ရှိသမျှ မြန်မာတွေ အကုန်လုံးက တပြိုင်တည်း ကုန်တာ။ တကယ်တော့ လုံလောက်တဲ့ အချိန် ပေးရမယ်။ အွန်လိုင်းစနစ်ကို ဒီနှစ်မှာစပြောင်းတယ်။ လူကနည်းပြီး ပေးတဲ့အချိန်က နည်းတယ်။ ကုန်ခါနီးမှ ကုမ္ပဏီတွေမှာ သွားတိုးတော့ နီးမှ တင်တဲ့သူတွေက မမှီတာတွေ ရှိတယ်။ ၁၃ ရက် ၂ လ မှာ သက်တမ်းကုန်မှာကို မသိတဲ့သူတွေ တပုံကြီးပဲ။ ထိုင်းအစိုးရထုတ်ပြန်ချက်အရ မတိုးရသေးတာ ၂ သန်းကျော်ရှိတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

ပတ်စ်ပို့ သက်တမ်းတိုးတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ထိုင်းရောက် မြန်မာလုပ်သားတွေဟာ ဇန်နဝါရီ အစပိုင်းကတည်းက ဘန်ကောက်မြန်မာ သံရုံးရှေ့မှာ လူဉီးရေ ထောင်ချီကာ တန်းစီ သက်တမ်းတိုး ဆောင်ရွက်ခဲ့ကြပြီး၊ သက်တမ်းတိုးရမယ့်သူတွေ များပြား လွန်းတာကြောင့် တိုကင်ကို ညအိပ်တန်းစီ စောင့်ဆိုင်းရတဲ့ အခြေအနေတွေလည်း ရှိခဲ့ပါတယ်။

"ထိုင်းအစိုးရက အချိန်နည်းနည်းပဲ ပေးတာက Que ဈေးတက်လေ။ ပိုက်ဆံများများရလေ။ အခုက အချိန်က နည်းနည်းပဲပေးတဲ့အခါ သူ့ထက်ငါ တိုကင်တွေပေးဝယ် လုပ်ရတာကိုး။ ဈေးကွက်လို ဖြစ်နေတာ။ တို့တွေက အဲ့ကြားထဲမှာ လှိမ့်ပိတ်ပြီး ခံနေရတာ။ ထိုင်းအစိုးရဘက်က လုပ်တာ ပုံမကျတာတွေ အများကြီးပဲလေ။ မတရားဘူးလို့ ပြောလို့ရတယ်။ အလုပ်သမားတွေကို ညှာတာမှု မရှိဘူးလို့ ပြောလို့ရတယ်။ ပိုက်ဆံရတာ တခုပဲ ကြည့်တာပေါ့။ မြန်မာဘက်က ညှိနှိုင်းမပေးနိုင်တာတွေလည်း ပါတာပေါ့"လို့ ပတ်စ်ပို့အကျိုးဆောင်က ပြောပါတယ်။

အခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်မှာ ပတ်စ်ပို့သက်တမ်း ကုန်ဆုံးသွားသူတွေကို မေလ ၁၃ အထိ ထိုင်းအစိုးရဘက်က အလုပ်လုပ်ခွင့်ပါမစ် သက်တမ်းတိုးရက် တိုးမြှင့်ပေးလိုက်တဲ့အပြင် CI အထောက်အထားစာအုပ်ပြုလုပ်ရေးရုံးတွေကိုလည်း စမွတ်ဆာခွန်၊ စမွတ်ပရာကန်၊ ချွန်ဘူရီ၊ ရနောင်း စတဲ့ ခရိုင် ၄ ခုမှာ ထပ်မံ တိုးချဲ့ ဖွင့်လိုက်ပါတယ်။

CI စခန်းတွေကို ဖွင့်လိုက်တာ မှန်ပေမယ့် ထိုင်းအစိုးရနဲ့ တာဝန်န်ရှိသူတွေအနေနဲ့ သက်တမ်းတိုး မမီတဲ့ အလုပ်သမားတွေကို ဘယ်လို ဖြေလျှော့ ဆောင်ရွက်ပေးမလဲဆိုတာ လုပ်ငန်းရှင်နဲ့ အလုပ်သမားအဖွဲ့တွေက အစိုးရကို တိုက်တွန်းနေတာရှိတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ဒီဗွီဘီကို ပြောပါတယ်။

"ထိုင်းအစိုးရရဲ့ လုပ်ပုံလုပ်နည်းတွေကို ကျနော်တို့ ကိုယ်တိုင် ဘဝင် မကျတာတွေရှိတယ်။ လုံလောက်တဲ့ အတိုင်းအတာတွေ ၊ အဆင်ပြေချောမွေ့တာတွေ စီစဉ်ဆောင်ရွက် မပေးဘဲ သူတို့ ဝင်ငွေရမယ့်နည်းလမ်း နောက်ထပ် ပန်းရောင်ကတ် ရိုက်မယ့် အနေအထားတွေ ကျနော်တို့ တွေ့ရတယ်။ သူတို့အတွက်ကတော့ ဝင်ငွေ တိုးသွားမယ်။ အလုပ်သမားကတော့ သက်တမ်းတိုး မမှီလိုက်တာကို အသစ်ပြန်လျှောက်ထားရမယ့် အနေအထားတွေ တွေ့ရတယ်။ မလိုလားအပ်တဲ့ ငွေကုန်ကြေးကျမှုတွေ ထပ်မံ ပေါ်ပေါက်လာမယ်လို့ တွေ့ရတယ်"

မဟာချိုင်အခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးအောင်ကျော်က "အမှန်တကယ် ပတ်စ်ပို့စာအုပ် တအုပ်တန်ဖိုးက နိုင်ငံခြားရေးဝန်ကြီးကို တရားဝင်သွင်းရတာ ဘတ် ၈၀၀ ပါ။ ဟိုးအရင်တုန်းကလည်း အဲ့ဈေးနှုန်းနဲ့ လွယ်လင့်တကူ ရခဲ့ကြတယ်။ အဲ့လိုနဲ့ ငွေကုန်ကြေးကျ သက်သာတဲ့ နည်းလမ်းနဲ့ ရခဲ့ရာကနေ ၂၀၂၁ နောက်ပိုင်းမှာ ထိုင်းအေးဂျင့်တွေကနေ တဆင့် ရတဲ့အနေအထားမျိုးဖြစ်သွားတယ်။ ပြောမယ်ဆို ပွဲစားတွေပေါ့။ ပွဲစားကောက်တာ ဈေးနှူုန်းတမျိုး၊ ထိုင်းအေးဂျင့် ကောက်တာ ဈေးနှုန်းတမျိုးဆိုတော့ အနိမ့်ဆုံး ၄၅၀၀ ကနေ ၇၀၀၀ ကျော်ထိ ပေါက်ကုန်တာပေါ့"လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ စီအိုင်စာအုပ် (အထောက်အထား) ပြုလုပ်ဖို့ ကျန်ရှိနေတဲ့ မြန်မာလုပ်သား ဉီးရေ ၃ သိန်းခန့် ရှိပါတယ်။ ဒါ့အပြင် ၂၀၂၃ ဖေဖော်ဝါရီ ၇ ရက် ထုတ်ပြန်တဲ့ အချက်အရ သက်တမ်းတိုးအလုပ် လုပ်ကိုင်ခွင့် လက်မှတ်‌ကြေး ပေးသွင်းထားသူ ဉီးရေ ၄ သိန်းကျော်ရှိပြီး စာရင်းပေးသွင်းဖို့ ကျန်ရှိနေတဲ့ မြန်မာလုပ်သား ဉီးရေ ၂ သန်းကျော် ရှိတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ထိုင်းနိုင်ငံကို မြန်မာတွေ သိန်းနဲ့ချီ ရွှေ့ပြောင်းနေထိုင်လာကြပြီး၊ လက်ရှိ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ အလုပ်သမားပေါင်း ၅ သန်းနီးပါးရှိကာ  မြန်မာအလုပ်သမားအရေး ဆောင်ရွက်တဲ့ အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

သတင်း-ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013