DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံထုတ် လျှပ်စစ်စွမ်းအင်သုံး(EV)ကားများ မြန်မာပြည်အခြေအနေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ စောင့်ကြည့်ရဦးမည်ဟု ကားဝယ်ရောင်းများပြော
DVB
·
February 16, 2023
တရုတ်နိုင်ငံထုတ် လျှပ်စစ်စွမ်းအင်သုံး(EV)ကားများ မြန်မာပြည်အခြေအနေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ စောင့်ကြည့်ရဦးမည်ဟု ကားဝယ်ရောင်းများပြော
Donate to DVB

ရန်ကုန် ကားဝယ်ရောင်းဈေးကွက်မှာ တရုတ်နိုင်ငံထုတ် လျှပ်စစ်စွမ်းအင်သုံး(EV)ကားသစ်တွေ ဝင်ရောက်လာပေမဲ့ မြန်မာပြည်အခြေအနေနဲ့ ကိုက်ညီမှု ရှိ၊ မရှိ မသိသေးတာကြောင့် လူကြိုက်မများသေးတဲ့အကြောင်း ဝယ်ရောင်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ပြည်တွင်းမှာ နှစ်စဉ် တင်သွင်းနေရတဲ့ စက်သုံးဆီပမာဏကို လျှော့ကျစေဖို့ရည်ရွယ်ပြီး ကားတင်သွင်းခွင့် ပါမစ်ကို ကန့်သတ်ထားပါတယ်။

ဒါပေမဲ့ လျှပ်စစ်စွမ်းအင်သုံး(Electric Vehicle)အိမ်စီးကားတွေကိုတော့ တင်သွင်းခွင့် ပေးထားတဲ့အပြင် ပြည်တွင်းမှာ SKD စနစ်နဲ့ လာရောက်ထုတ်လုပ်နိုင်တဲ့အကြောင်း ဖိတ်ခေါ်ထားပါတယ်။

ဒီ့အတွက်ကြောင့် ပြည်တွင်းမှာ လျှပ်စစ်စွမ်းအင်သုံးကားတွေ တင်သွင်းထုတ်လုပ်ဖို့ ကုမ္ပဏီပေါင်း ၂၀ ကျော်က ကမ်းလှမ်းထားတဲ့အထဲက လက်ရှိမှာတော့ တရုတ်နိုင်ငံအခြေစိုက် BYD Auto ကုမ္ပဏီက ထုတ်လုပ်တဲ့ လျှပ်စစ်စွမ်းအင်သုံး (EV)ကားသစ်တွေ မြန်မာပြည်ဈေးကွက်ထဲ ဝင်ရောက်လာပြီ ဖြစ်ပေမဲ့ မြန်မာပြည်အခြေအနေနဲ့ ကိုက်ညီမှု ရှိ မရှိ မသိသေး တာကြောင့် ရန်ကုန်ကားဝယ်ရောင်းဈေးကွက်မှာ လူကြိုက်မများသေးဘူးလို့ ဝယ်ရောင်းသမားတွေက ဆိုပါတယ်။

“လက်ရှိအနေအထားမှာ EV နဲ့ ပတ်သတ်တဲ့ ကားအကြောင်းကို ကျနော်တို့လည်း သေသေချာချာ မသိသေးဘူး။ ဆိုတော့ စမ်းသုံးကြည့်မယ်။ လက်ခံနိုင်တဲ့ အခြေအနေဆိုရင် ယူမှာပေါ့။ ဟုတ်တယ်မလား။ ထုံးစံအတိုင်း မြန်မာပြည်မှာ ရေထဲ ဖြတ်မောင်းကြည့်မယ်။ ဘယ်လောက်မြုပ်တဲ့အထိ ခံနိုင်လဲ စမ်းကြည့်မယ်ဗျာ။ ပြီးတော့ အဲ့ကားကို ယူပြီး ဖားကန့်လို နေရာမျိုး မောင်းကြည့်မယ်။ မောင်းကြည့်လို့ လက်ခံနိုင်တယ် ဆိုရင် ရပြီလေ။ အခုချိန်မှာတော့  EV ကားကို ကျနော်လဲ risk ယူပြီး မဝယ်ရဲဘူး။ ဘာကြောင့်လဲဆိုတော့ အခုဟာက ဈေးကွက်မှာ အများလက်ခံထားတာ  ဂျပန် Used ကားလေ။ ကျနော်တို့ကိုယ်တိုင်ကလဲ အများလက်ခံတဲ့ ကားကိုပဲ အရောင်းအဝယ် လုပ်လို့ ရမှာပေါ့။ အဲ့လိုမဟုတ်ပဲ ကိုယ်ကြိုက်လို့ ကိုယ်ဝယ်ထားတယ်ဗျာ။ ဒါတွေကတော့ ပိုကောင်းတယ်လို့ လာပြောလို့ မရဘူး။ မင်းဟာမင်း ကောင်းချင်ရာကောင်း၊ သူများက ကောင်းတယ်မထင်ရင် ဘယ်သူမှ ဝယ်မှာ မဟုတ်ဘူးလေ” လို့ ပြောပါတယ်။

ပြည်တွင်းကားဈေးကွက်ထဲ ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံထုတ် လျှပ်စစ်စွမ်းအင်သုံး(EV)ကားသစ် တစီးရဲ့ တန်ဖိုးက ကျပ် သိန်း ၆၀၀ အနည်းဆုံး ရှိပါတယ်။ ဒီပမာဏဟာ ဈေးကွက်ထဲမှာရှိတဲ့ ဂျပန် Used ကားကောင်း ကားသန့် တစီးကို ဝယ်စီး နိုင်တဲ့ အခြေအနေမှာ ရှိတာကြောင့် EV ကားသစ်တွေအနေနဲ့ ဈေးကွက်မှာ နေရာ ရလာဖို့က စိန်ခေါ်မှု တခုအနေနဲ့ ရှိနေပါတယ်။

ကားအရောင်းစင်တာဖွင့်လှစ်ထားတဲ့လုပ်ငန်းရှင်တဦးက “မြန်မာငွေ သိန်း ၆၀၀ ဆိုရင်  Alphard တို့လို ကားကောင်း ကောင်း စီးလို့ရနေပြီ။ ပြီးတော့ ဒီကားတွေက မြန်မာပြည် ဈေးကွက်မှာ လူကြိုက်များတဲ့စာရင်းမှာ ပါပြီးသား။ ကားတခုခု ဖြစ်လို့ ရှိရင်လဲ ကြိုက်တဲ့ဝပ်ရှော့၊ ကြိုက်တဲ့နေရာမှာ ပြင်လို့ ရတယ်။ အဲ့တော့ ဒီအခြေအနေမှာ ဒါကိုပဲ ဦးစားပေးကြည့်ကြမှာ။ ဒီတော့ လက်ရှိအခြေအနေမှာ ယှဉ်ရောင်းမယ်ဆိုရင်တော့ Customer တွေအနေနဲ့က EV ကားကို မရွေးပဲ ဂျပန် Used ကိုပဲ ရွေးမယ်လို့ ထင်တယ်။ EV ကားတွေအနေနဲ့ ဈေးကွက်မှာ နေရာ ရလာဖို့က အချိန် တခုတော့ အစမ်းသပ်ခံ ဖြတ်သန်းရဦးမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီကတော့ ရန်ကုန်လေဆိပ်နဲ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းစျေးမှာ လျှပ်စစ်ကားတွေအတွက်  EV Charger (60 KW Charging Station) ဘက်ထရီအားသွင်းနေရာတွေ တည်ဆောက်နေပါတယ်။ 

တရုတ်နိုင်ငံမှ တင်သွင်းလာတဲ့ EV Charger 60KW ငါးစုံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဖေဖော်ဝါရီ ၁၁ ရက်က ဒုတိယအသုတ် ရောက်ရှိလာရာမှာ အကောက်ခွန် ကင်းလွတ်ခွင့်နဲ့ နေ့ချင်းပြီး ထုတ်ယူခွင့်ပြုပေးခဲ့တယ်လို့ စစ်ကောင်စီပြန်ကြားရေးက သတင်ထုတ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013