Home
အနုပညာ
“လွတ်လပ်ခါမှ အမျှဝေမယ်” ရုပ်ရှင် ရန်ပုံငွေများကို ကရင်နီအပါအဝင် တိုင်းနဲ့ ပြည်နယ်များသို့ ခွဲဝေပေးမည်
DVB
·
February 16, 2023

နွေဦးတော်လှန်ရေးအတွင်း ကရင်နီ ဒေသတနေရာမှာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ “လွတ်လပ်ခါမှ အမျှဝေမယ်” ဇာတ်လမ်းက ရရှိလာတဲ့ ရန်ပုံငွေတွေကို အဓိကအားဖြင့် ကရင်နီ၊ မကွေး၊ စစ်ကိုင်း၊ ကရင် ဒေသတွေကို ပံ့ပိုးပေးသွားမယ်လို့ ဒါရိုက်တာ ကိုအောင်သော်က ပြောပါတယ်။

“ကျနော်တို့က ဒီဇာတ်ကားကို စရိုက်တဲ့အချိန်မှာ ကျနော်တို့မှာ အဓိက ကရင်နီဒေသကို support လုပ်မယ်ပေါ့နော်။ မကွေး၊ စစ်ကိုင်း၊ ကရင်၊ နောက် ချင်း အဲဒီနေရာကို ကျနော်တို့ Support လုပ်နိုင်အောင်လို့ ဒီကားကို စရိုက်ဖြစ်တာပေါ့နော်။”

ရရှိလာတဲ့ရန်ပုံငွေအားလုံးကို အန်ယူဂျီအစိုးရရဲ့ MOD (ကာကွယ်ရေးဝန်ကြီးဌာန) ကနေဆင့် အဲဒီကဆုံးဖြတ်ချက်နဲ့ ပြန်လည်ခွဲဝေပေးသွားမယ်လို့ဆိုပါတယ်။

နွေဦးတော်လှန်ရေး ရဲဘော်တွေ ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဒီဇာတ်လမ်းကိုတော့ နိုင်ငံရေး သရော်ပြက်လုံးတွေနဲ့ ထင်ရှားတဲ့ သီးလေးသီးအဖွဲ့ဝင် စိန်သီး၊ အောင်သော်တို့က ဒါရိုက်တာနဲ့ ထုတ်လုပ်သူအဖြစ် တာဝန်ယူ ရိုက်ကူးထားတာ ဖြစ်ပြီး ဒီရုပ်ရှင်နဲ့ ပတ်သက်လို့ ဆွေးနွေးရှင်းလင်းပွဲကို ဒီကနေ့ အွန်လိုင်းကနေ ကျင်းပရာမှာ ဒါရိုက်တာတွေက ပြောဆိုသွားခဲ့တာပါ။

ဒီဇာတ်လမ်းဟာ ကရင်နီဒေသတစ်ခုမှာ အမှန်တကယ် ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှန်စကားကို ပြန်လည်ရိုက်ကူးခဲ့တာဖြစ်ပြီး  ဒီဇာတ်ကားမှာ ရွာတွေကို ဗုံးကြဲခံရတာ၊ မိခင်နဲ့သားအကြား ခံစားချက်ကို အဓိက ပုံဖော်ရိုက်ကူးထားတာလို့  ဒါရိုက်တာ ကိုစိန်သီးက ပြောပါတယ်။

“ကျနော်တို့ အနုပညာဟာ တိုင်းပြည်အတွက် တထောင့်တနေရာကနေ ရပ်တည်နေတာပါ။ ဒီဇာတ်ကားလေးမှာ ဒီဇာတ်ကားလေးမှာ ကျနော်တို့က ရွာတွေကို ဗုံးတွေလာကြဲတယ်၊ ပြီးတော့ မိခင်ရဲ့ သားနဲ့အမေနဲ့ခံစားချက်၊ မိခင်တိုင်းမိခင်တိုင်း ရင်ထဲက ခံစားချက် လူငယ်တိုင်း၊ လူငယ်တိုင်း ရင်ထဲကခံစားချက်၊ တိုင်းပြည်အပေါ်ထားတဲ့ သစ္စာတရား၊ ပြီးတော့ တဖက်ကနေ ပြီးတော့ ဘာသာ သာသနာ ဒါလေးတွေကို ကျနော်တို့က ကျနော်တို့ရဲ့ ဒီ ၃၉ မိနစ်အတောအတွင်းမှာ ကျနော်တို့ ဒါလေးကို နည်းနည်းစီ ရတဲ့အချိန်လေးမှာ ကျနော်တို့ စုစည်းပြီးတော့ ဒါလေးကို ကျနော်တို့ ထည့်ပေးထားတာ။”

ဒီဇာတ်လမ်းကို MFDMC (မြန်မာ့ဒီမိုကရေစီ အောင်နိုင်ရေးအဖွဲ့ချုပ်)က ထောက်ပံ့ကူညီထားပြီး၊ ရရှိလာတဲ့ အမြတ်ငွေတွေကို NUG အမျိုးသားညီညွှတ်ရေး အစိုးရအဖွဲ့၊ ကာကွယ်ရေးဝန်ကြီးဌာနနဲ့ CDM အနုပညာရှင်တွေကို ကူညီ ထောက်ပံ့ပေးဖို့ ရှိကြောင်းလည်း ဆိုပါတယ်။

ဒါ့အပြင် ဒီတော်လှန်ရေးကြီးအောင်မြင်ဖို့ သူတို့အနေနဲ့ အနုပညာကဏ္ဍကနေ တတ်စွမ်းသလောက် ပါဝင်သလိုပဲ ကျန်တဲ့ပြည်သူတွေအနေနဲ့လည်း ကျရာကဏ္ဍကနေ ပါဝင်ဖို့လည်း အနုပညာရှင် ကိုစိန်သီးက တိုက်တွန်းထားပါတယ်။

“ဒီတိုင်းသား ကျနော်တို့ ဆက်သွားနေမယ်ဆိုရင် နောင်လာမယ့် နှစ် ၂၀ လည်း ပြီးမှာမဟုတ်ပါဘူး။ စစ်ဖိနပ်အောက်က ကျနော်တို့ ဘယ်တော့မှ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ စိတ်အားထက်သန်စွာနဲ့ ပါဝင်ဖို့ ကျနော်တို့အနေနဲ့ ဘေးနားကနေ လက်ခုပ်ထိုင်တီးရုံနဲ့မရဘူး။ ကိုယ်တိုင်တက်က ဆိုရင် ကရမယ်။ ကျနော်တို့က အနုပညာသမားဆိုတော့ ဇာတ်ခုံအနေနဲ့ ကျနော် ပြောပါ့မယ်။ မီးထိုးသင့်တဲ့သူက မီးထိုးပေးပါ။ လိုက်ကာဆွဲနိုင်သူက ဆွဲပေးပါ။ ဇာတ်ဝင်ခန်းခုံတို့၊ စားပွဲတို့ ချပေးသင့်သူတွေက ချပေးပါ။ နောက်ကနေပြီး အင်္ကျီအဝတ်အစား ဝတ်ပေးသူက ဝတ်ပေးပါ။ အကုန်လုံးစည်းစည်းလုံးလုံးနဲ့ အသံဆိုရင်လည်း အသံဘက်ကနေပြီးတော့ အသံချဲ့စက်ကိုင်သူလည်း ဝိုင်းဝန်းကိုင်ပေးပါ။ အဲဒါမှ ကျနော်တို့က စည်းစည်းလုံးလုံးနဲ့ ကျနော်တို့ မလိုချင်တဲ့၊ ကျနော်တို့ မခံစားချင်တဲ့ စကစကို ကျနော်တို့ အောင်မြင်စွာနိုင်မှာ။”

ဒီဇာတ်လမ်းကို လတ်တလောအထိ ကိုရီးယား၊ ဂျပန်၊ မလေးရှား၊ ထိုင်း၊ ကနေဒါ၊ အမေရိကန်၊ အင်္ဂလန်နဲ့ ပြင်သစ်စတဲ့ ၈ နိုင်ငံမှာ ပြသသွားဖြစ်ပြီး ကိုးရီယားမှာ‌တော့ မြို့ ၂ မြို့မှာ ပြသခဲ့ပြီးပြီလို့ ဒါရိုက်တာ ကိုအောင်သော်က ပြောပါတယ်။ မတ်လဆန်းမှာလည်း ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ ပြသဖို့ရှိနေပါတယ်။

“လွတ်လပ်ခါမှ အမျှဝေမယ်” ဇာတ်လမ်းလို အလားတူ  နောက်ထပ် ဇာတ်လမ်းတပုဒ်ကိုလည်း  ရိုက်ကူးသွားဖို့ရှိတယ်လို့ ကိုစိန်သီးက ပြောပါတယ်။

“ကျနော်တို့ နောက်ထပ် တနာရီခွဲစာ ဇာတ်ကားကို ကျနော်တို့ အဖက်ဖက်မှာ ဖြစ်နေတဲ့၊ လက်ရှိဖြစ်နေတဲ့ အောက်ခြေလူတန်းစားတွေ ခံစားနေရတဲ့ဥစ္စာ၊ အောက်ခြေလူတန်းစားတွေ မသိသေးတဲ့အရာတွေ၊ အဲဒါတွေ အကုန်လုံးကို ကျနော်တို့က တင်ပြသွားမှာ။ ပြီးတော့ အောက်ခြေ လူတန်းစားကလူတွေကိုကျနော်တို့ ဒီတော်လှန်ရေးကြီးကို မပါဝင်နိုင်အောင်၊ မဆင်နွှဲနိုင်အောင် ဖိနှိပ်ထားတဲ့ ဖိနှိပ်မှုတွေအကုန်လုံး ကျနော်တို့ဒီဇာတ်ကားထဲမှာပါဝင်ပါမယ်။ ပြီးတော့ အသက်ပေးသွားတဲ့ ကျောင်းသားပြည်သူ၊ ရှင်လူရဟန်းအဲဒါတွေလည်းကျနော်တို့ပါပါမယ်။ တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေ စည်းစည်းလုံးလုံးနဲ့ တိုက်ပွဲဝင်သူပါဝင်တဲ့ အခုဖြစ်ပျက်နေတဲ့အရာတွေအကုန်လုံးကို ကျနော်တို့ကနေပြီး ဒါတွေကို စုစည်းပြီး တင်ပြသွား မှာပါ။”

နိုင်ငံတော်အာဏာကို စစ်တပ်က တရားမဝင်သိမ်းယူလိုက်ပြီးနောက် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်ခဲ့ကြတဲ့ နာမည်ကျော်အနုပညာရှင်တွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တာကြောင့် အနုပညာရှင်တွေများစွာ ထွက်ပြေးတိမ်းရှောင်နေကြရတာဖြစ်ပြီး ရောက်ရာနေရာ ရှိတဲ့အခြေအနေမှာ အနုပညာ ဖန်တီးမှုတွေ ဆက်လုပ်ဆောင်ပြီး နွေဦးတော်လှန်ရေးကို ကူညီပံ့ပိုးပေးနေကြတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024