DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အတွင်း ဆိုင်ကယ်ဖမ်းဆီးဒဏ်ရိုက်ငွေ ကျပ် သိန်း ၇,၀၀၀ ခန့်ရဟု စစ်ကောင်စီ ထုတ်ပြန်
DVB
·
February 16, 2023
ရခိုင်ပြည်နယ်အတွင်း ဆိုင်ကယ်ဖမ်းဆီးဒဏ်ရိုက်ငွေ ကျပ် သိန်း ၇,၀၀၀ ခန့်ရဟု စစ်ကောင်စီ ထုတ်ပြန်
Donate to DVB

ရခိုင်ပြည်နယ်မှာ ၄ လအတွင်း လိုင်စင်မရှိဘဲ စီးနင်းနေကြတဲ့ မော်တော်ဆိုင်ကယ်တွေကို ဖမ်းဆီးဒဏ်​ရိုက်ရာ ငွေကျပ် သိန်း ၇,၀၀၀ ခန့် ရရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ ဥပဒေချုပ် ဦးလှသိန်းက “ရခိုင်ပြည်နယ်ကို တရားမဝင် နည်းလမ်းမျိုးစုံနဲ့ ရောက်ရှိလာပြီး အသုံးပြု စီးနင်းနေကြတဲ့ လိုင်စင်မဲ့ဆိုင်ကယ်တွေကို ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်ကနေ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်နေ့အထိ ၄ လအတွင်း ဆိုင်ကယ် ၅,၇၄၆ စီး ဖမ်းဆီးဒဏ်ရိုက်ခဲ့ရာကနေ သိန်း ၇,၀၀၀ ခန့် ရရှိခဲ့တာဖြစ်တယ်”လို့  ပြောပါတယ်။

ဆိုင်ကယ်တင်သွင်းတဲ့ ကုန်သည်တဦးက “စစ်အာဏာသိမ်းပြီးကတည်းက ဆိုင်ကယ်တင်သွင်းခွင့်တွေကို ရခိုင်အပါအဝင် တနိုင်ငံလုံး ပိတ်ထားခဲ့တာလေ။ အခု ရခိုင်က လိုင်စင်မဲ့ဆိုင်ကယ်တွေကို ဖမ်းပြီး ဒဏ်ရိုက်လို့ရတဲ့ငွေတွေ မဟုတ်ဘူး။ လိုင်စင်မဲ့ ဆိုင်ကယ်တွေကို စစ်တွေ ကညန အထိ လိုင်စင်လာလုပ်ခိုင်းလို့ ရလာတဲ့ငွေတွေပါ” လို့ ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ရခိုင်ပြည်နယ် အပါအဝင် မြန်မာတနိုင်ငံလုံးမှာ လက်ရှိအချိန်အထိ တရားဝင် ဆိုင်ကယ်တင်သွင်းခွင့် မရသေးဘူးလို့ ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

“၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၂ ရက်နေ့မှာ ဆိုင်ကယ်နဲ့ လျှပ်စစ်ကားတွေ တင်သွင်းခွင့်ပြုတယ် ဆိုပြီး စစ်ကောင်စီက ထုတ်ပြန်ထားတယ်ဗျ။ ဒါပေမဲ့ အခုအချိန်အထိ ဆိုင်ကယ်တစီးမှ တင်သွင်းလို့ မရသေးဘူး။ သူတို့သတ်မှတ်ထားတဲ့ အရောင်းပြခန်းက စတုရန်းပေ ၅,၀၀၀ ရှိရမယ်လို့ သတ်မှတ်ထားတယ်။ ဒေသခံအာဏာပိုင်တွေက ထောက်ခံချက်ရရမယ်။ ဘဏ်မှာ ငွေ သိန်း ၅၀၀ သွင်းထားရမယ်။ ကုမ္ပဏီက အခွန်ကင်းရှင်းရမယ်။ တင်သွင်းမယ့်နိုင်ငံရဲ့ စက်ရုံခွင့်ပြုချက် ပါရမယ်။ အဲဒါကို သက်ဆိုင်ရာနိုင်ငံ သံရုံးက ထောက်ခံပေးရမယ်လို့ စည်းကမ်းချက်တွေ သတ်မှတ်ထားတယ်။ ဘယ်သူမှ မတင်သွင်းနိုင်သေးကြဘူး။”

ရခိုင်ပြည်နယ်ကို နည်းလမ်းမျိုးစုံနဲ့ ရောက်ရှိလာပြီး တရားမဝင်သုံးစွဲနေကြတဲ့ မော်တော်ဆိုင်ကယ်တွေကို အရေးယူ ဆောင်ရွက်ရေးအတွက် လွန်ခဲ့တဲ့ ၄ လလောက်ကတည်းက ပြည်နယ်အစိုးရက အစည်းအဝေးတွေပြုလုပ်ပြီး ဒဏ်ငွေရိုက် ဒေသအတွင်း လိုင်စင်လုပ်ပေးတဲ့ လုပ်ထုံးလုပ်နည်းတွေအရ မြို့နယ်အားလုံးမှာရှိတဲ့ ထွေအုပ်၊ ရဲတပ်ဖွဲ့၊ ကညန၊ အကောက်ခွန်ဌာနတွေက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြတာ ဖြစ်တယ်လို့ ဦးလှသိန်းက ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ရခိုင်ပြည်နယ် အပါအဝင် မြန်မာတနိုင်ငံလုံးမှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အထိ တရားမဝင် ဆိုင်ကယ်တင်သွင်းမှုနဲ့ စီးနင်းမှု အနည်းအကျဉ်းသာ ရှိခဲ့ပေမဲ့ စစ်အာဏာသိမ်းပြီးနောက် ဆိုင်ကယ်တင်သွင်းခွင့် ပိတ်လိုက်တာကြောင့် ဆိုင်ကယ်ဈေး ရုတ်တရက်မြင့်တက်သွားကာ တရားမဝင်ဆိုင်ကယ်တွေ နည်းမျိုးစုံနဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

ဆိုင်ကယ်တွေ လိုင်စင်ရရှိဖို့ ခက်ခဲတာကြောင့် လိုင်စင်နဲ့ရောင်းချတဲ့ ဆိုင်ကယ်အရောင်းဆိုင်တွေ အလွန်နည်းပါးလာ​နေပြီး တပတ်ရစ် ဆိုင်ကယ်အဟောင်း တင်သွင်း ရောင်းဝယ်ဖောက်ကားမှု ရခိုင်ပြည်နယ်အတွင်း ပိုများလာတယ်လို့ ဆိုင်ကယ်ရောင်းဝယ်ရေး လုပ်ကိုင်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013