
စစ်ကိုင်းနဲ့ ကချင်အစပ် ကသာမြို့ကနေထွက်လာတဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းဟာ ဧပြီ ၂၉ ရက် ညနေပိုင်းမှာ နဘားလမ်းဆုံအထိရောက်ရှိလာပြီလို့ ဒေသခံတွေနဲ့ စစ်ရေးရင်းမြစ်တွေက ပြောပါတယ်။
ကသာကနေ နဘားလမ်းဆုံအထိဟာ Google Map အတိုင်း ၁၃ မိုင်ဝန်းကျင် (ကားနဲ့ မိနစ် ၃၀) လောက်သာကွာဝေးပေမဲ့ စစ်တပ်က ၉ ရက်ကြာ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့ရတယ်လို့ ဆိုပါတယ်။
အင်းတော်ဒေသခံ တော်လှန်ရေးတပ်နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က “အခုက နဘားလမ်းဆုံ ပါသွားပြီ။ ဒီနေ့ ညနေပိုင်းမှာ။ အခုလက်ရှိ နဘားရွာထဲမှာ ထိုင်နေပြီဗျ။ သူတို့ကထွက်လာတာ ကသာကနေကျတော့ ဧပြီ ၂၁ ရက်နေ့မှာ သူတို့စထွက်ခဲ့တာပေါ့နော်။ ဒါပေမဲ့ ၂၉ ရက်နေ့မှ နဘားကိုရောက်တာပေါ့” လို့ ပြောပါတယ်။
စစ်တပ်တွေဟာ ပြီးခဲ့တဲ့လတွေထဲ တကောင်းကနေ ထီးချိုင့်ကိုဝင်ရောက်လာခဲ့တဲ့နောက်ပိုင်း ဧရာဝတီမြစ်ကြောင်းအတိုင်း ကသာမြို့ကို ကားအစီးရေ ၂၀ ကျော်နဲ့ တပ်အင်အားတွေ ဖြည့်တင်းခဲ့တာပါ။
ဒေသခံသတင်းရင်းမြစ်က “တော်လှန်ရေးဘက်ကလည်း အစွမ်းကုန်တိုက်ခိုက်ကြပါတယ်။ ဒါပေမဲ့ သူတို့က နည်းပညာမြင့် ဒရုန်းတွေသုံးတာတွေ၊ အင်အားလည်းများတွေ အဲဒီလိုကြောင့်မို့လို့ ပြန်ဆုတ်လိုက်ရတာပေါ့” လို့ ပြောပါတယ်။
ဒါအတူ ဧပြီ ၂၉ ရက် မနက်ပိုင်းအထိ နဘားလမ်းဆုံနားက ကမ်းနီရွာဝန်းကျင်မှာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး အခုချိန်ထိလည်း စစ်ရေးဆက်လက် တင်းမာနေတယ်လို့ သိရပါတယ်။
နဘားလမ်းဆုံဟာ ကသာ၊ အင်းတော်နဲ့ မော်လူးမြို့တွေဆီ ကူးသန်းသွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေးအရ အရေးပါတဲ့ ကချင်ပြည်နယ်ဝင်ပေါက်တခုလည်း ဖြစ်ပါတယ်။
တိုက်ပွဲတွေကြောင့် နဘားရွာအပါအဝင် ကမ်းနီ၊ နားရခေါင်၊ ကြံတောအပါအဝင် အစရှိတဲ့ ကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။










