DVB Logo
Home
မြန်မာသတင်း
ကေအန်ယူနှင့် လွှတ်တော်နာယက တွေ့ဆုံ
DVB
·
June 5, 2014
ကေအန်ယူနှင့် လွှတ်တော်နာယက တွေ့ဆုံ
Donate to DVB

ကရင်အမျိုးသား အစည်းအရုံး(ကေအန်ယူ) ခေါင်းဆောင်တွေဟာ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ နေပြည်တော်မှာ ဇွန် ၅ ရက်နေ့က ၁ နာရီကျော် တွေ့ဆုံပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ လွှတ်တော်အကြား ဆက်ဆံရေးကဏ္ဍသစ်တရပ်ကို ဖွင့်လှစ် လိုက်ပါတယ်။

[caption id="attachment_57904" align="alignright" width="300"]ဓာတ်ပုံ - အောင်ကြီး ဓာတ်ပုံ - အောင်ကြီး[/caption]ကေအန်ယူအနေနဲ့ အရင်က နိုင်ငံတော်ကာကွယ်ရေးဦးစီးချုပ်၊ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပေမယ့် လွှတ်တော် နာယကနဲ့က အခု ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။

လွှတ်တော်နာယကနဲ့ တွေ့ဆုံတာဟာ လွှတ်တော်နဲ့ဆက်ဆံရေးကို စတင်တဲ့သဘော ဖြစ်တယ်လို့ ကေအန်ယူရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

“ကျနော်တို့ဘက်ကတော့ လွှတ်တော်နဲ့ ဆက်ဆံရေးကို စတင်ထူထောင်တဲ့ သဘောမျိုးနဲ့ သွားရောက်တာဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်တွေမှာ လွှတ်တော်ရဲ့ ပါဝင်ရမယ့် အပိုင်းတွေမှာ တဦးနဲ့ တဦး ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် စတင်တဲ့ လုပ်ဆောင်မှု ဖြစ်ပါတယ်။”

ဇွန် ၄ ရက်နေ့တုန်းကလည်း ကေအန်ယူ ခေါင်းဆောင်တွေဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို နေပြည်တော်မှာ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ် သမ္မတရဲ့ သက်တမ်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စတင်ဖော်ဆောင်ခဲ့တဲ့အတွက် နောင် သမ္မတသက်တမ်းမှာ ဆက်လက်တာဝန်ယူဖို့ အကြံပြုခဲ့ တယ်လို့ ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

“ကျနော်တို့ ကရင်ဘက်ကတော သမ္မတကြီးရဲ့ ပထမသက်တမ်းမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ခိုင်မာတဲ့ ကတိက၀တ်တခုအထိ အခြေအနေတခုအထိ နောက်ကြောင်း ပြန်လှည့်လို့ မရတဲ့ အခြေအနေတခုအထိ ဆောင်ရွက်ပေးပါ ဆိုပြီးတော့ ကျနော်တို့က အကြံပြုခဲ့ပါတယ်။ နောက်ပြီးတော့ ဒုတိယသက်တမ်းအနေနဲ့ သမ္မတကြီး ဆက်လက်ပြီးတော့ နိုင်ငံတော်ကို ဦးဆောင်ပါဦး ဆိုပြီးတော့ အကြံပြုခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုဟာ သမ္မတကြီးက စတင်ပြီးတော့ ဖော်ဆောင်ခဲ့တာ ဖြစ်ခဲ့တာကြောင့် ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ကို သမ္မတကြီး အသိဆုံးပါခင်ဗျ။ သမ္မတကြီးနဲ့ သူရဲ့ ပြည်ထောင်စု ၀န်ကြီးတွေကလည်း လက်တွေ့ ဦးဆောင်ပြီးတော့ ဆောင်ရွက်ခဲ့တော့ ဒီဝန်ကြီးတွေက အသိဆုံးဖြစ်ပြီးတော့ ဒီဟာကို ဆက်လက်ပြီးတော့ ဆောင်ရွက်မယ်ဆိုရင် ငြိမ်းချမ်းရေးက ပိုပြီး မြန်မြန်ဆန်ဆန် ရရှိမယ်လို့ ဒီအမြင်နဲ့ ကျနော်တို့ အကြံပြုခဲ့တာ ဖြစ်ပါတယ်။”

ဒါအပြင် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံချိန်မှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အပစ်အခတ် ရပ်စဲရေးကို အမြန်ဆုံး ဆောင်ရွက်ချင်ကြောင်းနဲ့ ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့နေရာမှာ တဦးတယောက်မှ မကျန်စေချင်ကြောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

“တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကတော့ အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံး ဆောင်ရွက်ချင်တဲ့ တပ်မတော်ရဲ့ သဘောထားကို ပြောပါတယ်။ နောက်ပြီးတော့ သူ အထူးပြု ဖော်ပြတာကတော့ ကျနော်တို့နိုင်ငံမှာ ဒီမိုကရေစီဖော်ဆောင်တဲ့နေရာမှာ အခြေခံကျတဲ့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနဲ့ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ဒီအခြေခံ ၃ ရပ်ကို တပ်မတော်အနေနဲ့ လိုက်ပါဆောင်ရွက်မယ်ဆိုတာ ပြောကြားပါတယ်။ နောက်တခုကတော့ တပြည်လုံး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်တဲ့နေရာမှာ ငြိမ်းချမ်းရေး ဆောင်ရွက်တဲ့နေရာမှာ တဦးတဖွဲ့က တယောက်မှမကျန်အောင် ပါစေချင်တဲ့ တပ်မတော်ရဲ့ သဘောထားကို ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။”

ကေအန်ယူအနေနဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံတာ ၆ ကြိမ်မြောက် ဖြစ်ပါတယ်။ သူတို့အနေနဲ့ ၂ လ ၁ ကြိမ် တွေ့ဆုံဖို့ကို ပြီးခဲ့တဲ့ တတိယအကြိမ်မြောက် တွေ့ဆုံပွဲမှာ သဘော တူညီခဲ့ပါတယ်။

ကေအန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်စောဂျော်နီ အပါအ၀င် ကေအန်ယူ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ၁၀ ဦးခန့်ဟာ ဇွန် ၂ ရက်နေ့က ကေအန်ယူ ဌာနချုပ်ကနေ ရန်ကုန်မြို့ကို ရောက်ရှိခဲ့တာဖြစ်ပြီး ဇွန် ၃ ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်း နိုင်ငံတော်ခေါင်းဆောင် ၃ ဦးနဲ့ တွေ့ဆုံတဲ့အပေါ် အားရကျေနပ်ကြောင်း နဲ့ ဒီတွေ့ဆုံမှုတွေကြောင့် ယုံကြည်မှုနဲ့ ရင်းနှီးမှုတွေ ပိုမိုတိုးမြင့်ရရှိကြောင်းနဲ့ ငြိမ်းချမ်းရေးကို အမြန်ဆုံး ဖော်ဆောင်ဖို့ လိုအပ်တယ်ဆိုတဲ့သဘောထားလည်း တူညီနေကြတယ်လို့ ပြောပါတယ်။

ကေအန်ယူကိုယ်စားလှယ်အဖွဲ့ဟာ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနဲ့ တွေ့ဆုံအပြီးမှာ ဌာနချုပ်ကို ပြန်လည်ထွက်ခွာခဲ့ပါတယ်။

အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် အစိုးရအဆက်ဆက်ကို နှစ်ပေါင်း ၆၀ ကျော် လက်နက်ကိုင် တော်လှန်တိုက်ခိုက်ခဲ့တဲ့ ကေအန်ယူအဖွဲ့ဟာ ၂၀၁၂ ခုနှစ်မှာ အပစ်အခတ် ရပ်စဲပြီး နှစ်ဘက်တပ်တွေအကြား တိုက်ပွဲကြိုးကြား ဖြစ်ပွားခဲ့ပေမယ့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ နောက်ပိုင်းမှာတော့ တိုက်ခိုက်တာတွေ လုံးဝ ရပ်ဆိုင်းခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013