DVB Logo
Home
မြန်မာသတင်း
မြန်မာသင်္ဘောသားများပါသည့် ပင်လယ်ကူးသင်္ဘော ဓားပြတိုက်ခံရ
DVB
·
June 4, 2014
မြန်မာသင်္ဘောသားများပါသည့် ပင်လယ်ကူးသင်္ဘော ဓားပြတိုက်ခံရ
Donate to DVB

မြန်မာသင်္ဘောသား (၉) ဦးလိုက်ပါလာတဲ့  လောင်စာဆီတင် ပင်လယ်ကူးသင်္ဘော ၁ စီး တောင်တရုတ်ပင်လယ် နိုင်ငံတကာရေပိုင်နက်ထဲမှာ အမည်မသိ လက်နက်ကိုင် ပင်လယ်ဓားပြတွေရဲ့ စီးနင်းတိုက်ခိုက်ခံခဲ့ရတယ်လို့  အသက်ဘေးက လွတ်မြောက်လာတဲ့ ကာယကံရှင် မြန်မာသင်္ဘောသားတွေက ပြောပါတယ်။

shipပြီးခဲ့တဲ့ ဇွန်လ (၁) ရက်နေ့က  စင်ကာပူနိုင်ငံကနေ ဒီဇယ်တင်ဆောင်ထွက်ခွာလာတဲ့ Mariana သင်္ဘောဟာ တောင်ကိုရီးယားနိုင်ငံကိုအသွား ည ၁၀ နာရီလောက်မှာ လက်နက်ကိုင်ပင်လယ်ဓားမြတွေက သင်္ဘောကို စီးနင်းခဲ့တာလို့  သင်္ဘောပေါ်မှာလိုက်ပါလာတဲ့ မြန်မာသင်္ဘောသားတဦးဖြစ်တဲ့ ဦးလှဇော်က ဒီဗွီဘီကို ပြောပါတယ်။

“ရောက်တာနဲ့ ကျနော်တို့ကို ဘာမှ မလုပ်နဲ့ ဓားနဲ့ထောက်တယ်၊ သေနတ်နဲ့ ချိန်ပြီး ငုံ့ခိုင်းထားတယ်။ ပြီးတော့ သူတို့ ဆီတွေ ယူသွားပြီး ကျနော်တို့ကို ပြန်လွှတ်လိုက်တယ်။ သူတို့ မျက်နှာကို ကြည့်လို့ မရဘူး။ မလေးရှားစကားလား၊ အင်ဒိုနီးရှားစကားလား မသိဘူး ပြောတယ်။ ကိုယ့်အသက်အန္တရာယ်ရှိတော့ ကြောက်တော့ ကြည့်ကို မကြည့်နိုင်ဘူး ဖြစ်နေတယ်။”

သင်္ဘောပေါ်မှာ စင်ကာပူ ကပ္ပတိန်နဲ့ မြန်မာသင်္ဘောသား (၉) ဦးအပါအ၀င်  သင်္ဘောသား ၁၁ ဦးလိုက်ပါလာတာဖြစ်ပါတယ်။

ပင်လယ်ဓားမြတွေက သင်္ဘောပေါ်က လောင်စာဆီတွေကို တခြားသင်္ဘော ၁ စီးနဲ့ သယ်ယူသွားပြီး  သင်္ဘောသားတွေရဲ့ တယ်လီဖုန်း၊ လက်တော့ ကွန်ပျူတာ စတဲ့ တကိုယ်ရေသုံးပစ္စည်းတွေလည်း သိမ်းဆည်းသွားတယ်လို့ ပြောပါတယ်။

သင်္ဘောသားတွေကတော့ ကြိုးတုပ်ခံရတာကလွဲပြီး  အပြင်းအထန် ထိခိုက်ဒဏ်ရာရတာတော့ မရှိခဲ့ပါဘူး။ ဇွန်လ ၂ ရက်နေ့မှတော့ သင်္ဘောကို  ပင်လယ်ဓားပြတွေက ပြန်လွှတ်ပေးခဲ့တဲ့အတွက် စင်ကာပူပင်လယ်ဝကို  ဇွန်လ ၃ ရက်နေ့ မနက် အစောပိုင်းမှာ  သင်္ဘောသားတွေအသက်ဘေးအန္တရယ်ကင်းစွာနဲ့ ပြန်ရောက်နေပြီဖြစ်ပါတယ်။

ပင်လယ်ဓားမြတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့  အဖြစ်အပျက်နဲ့ ပတ်သက်သက်ပြီး မြန်မာသင်္ဘောသားတဦးဖြစ်တဲ့ ကိုတိုးညွန့်တင်က ခုလို ပြောပါတယ်။

“နားချိန်မှာ ကျနော်က အခန်းထဲမှာ အိပ်နေတာ။ ကျနော်သူငယ်ချင်း ဘွိုင်လာက ဂျူတီစောင့်နေပြီး ဂျူတီက တက်လာတဲ့အချိန်မှာ သင်္ဘောနောက်ကနေ ဓားပြ ၂ ယောက်၊ ၃ ယောက်က တက်လာတာကို တွေ့သွားတယ်။ တွေ့သွားတော့ ဓားပြတွေ သင်္ဘောပေါ်ရောက်နေပြီ ထထဆိုပြီး ကျနော့်ကို လာပြောတယ်။ ကျနော်လည်း အခန်းပြင်ဘက် ထွက်ပြီး လူတွေလိုက်ရှာတာ တယောက်မှ မတွေ့ဘူး။ အဲဒီမှာ ဓားပြ ၃ ယောက် အခန်းတံခါးတွေ လိုက်ဖွင့်တာတွေ့တယ်။ အဲဒီမှာ ကျနော့်ကို တွေ့သွားပြီး သေနတ်နဲ့ နားထင်ကို ချိန်ပြီး နောက် ၂ ယောက်က ဓားနဲ့ ထောက်ထားတယ်။ နောက် တံခါးဖွင့်ဖို့ ပြောတယ်။ အဲဒီအချိန်မှာ ကျနော် ထိတ်လန့်သွားပြီ။ အဲဒီတော့ ကျနော့်ကို တံခါးဖွင့်ပေးဖို့ ပြောတယ်။ ကျနော်လည်း အထဲကလူတွေကို ဘာမှ မတက်နိုင်ဘူး ဖွင့်ပေးလိုက်တော့ မဖွင့်ရင် ငါ့ကို သတ်တော့မှာလို့ ပြောတယ်။ အဲဒီမှာ အထဲကလူတွေက တံခါးဖွင့်ပေးတယ်။ တချို့ကို ထုရိုက်ပြီး လက်ပြန်ကြိုးတုပ်ထားတယ်။ ”

သင်္ဘောသားတွေ  ဆုံးရှုံးနစ်နာခဲ့ရမှုအတွက် သင်္ဘောလိုင်း ကုမ္ပဏီက  တာဝန်ယူ ဆောင်ရွက် ပေးနေပြီး မြန်မာသင်္ဘောသားတွေကတော့  နေရပ်ပြန်နိုင်ဖို့ စီစဉ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013