DVB Logo
Home
မြန်မာသတင်း
အရပ်သားများကို သေနတ်ကိုင်ခွင့်ပြုမည်ဟု စစ်ကောင်စီထုတ်ပြန်
DVB
·
February 11, 2023
အရပ်သားများကို သေနတ်ကိုင်ခွင့်ပြုမည်ဟု စစ်ကောင်စီထုတ်ပြန်
Donate to DVB

အရပ်သားတယောက်ကို သေနတ် ၃ လက်အထိ ကိုင်ဆောင်ခွင့်ပေးမယ်လို့ စစ်ကောင်စီက ကြေညာချက်တခု ထုတ်ပြန်လာတာကို တွေ့ရပါတယ်။ 

လက်ရှိမှာတော့ လက်နက်ခဲယမ်းကိုင်ဆောင်ခွင့်မူဆိုတဲ့ အဲဒီကြော်ငြာစာဟာ အွန်လိုင်းမှာပဲ ပျံ့နှံ့နေတာကိုတွေ့ရပြီး စစ်ကောင်စီနဲ့ အဆင်ပြေသင့်မြတ်တဲ့ သတင်းဌာနတွေလည်း အတည်ပြုနိုင်တာ မတွေ့ရသေးပါဘူး။

စစ်ကောင်စီအစည်းအဝေးအမှတ်စဉ် ၉/၂၀၂၂ ရဲ့ သဘောတူခွင့်ပြုချက်အရ ဆိုပြီး အခု ဇန်နဝါရီ ၃၁ ရက်စွဲနဲ့ ထုတ်ပြန်လာခဲ့တာဖြစ်ပါတယ်။

လက်နက်ကိုင်ဆောင်ဖို့ လိုင်စင်တွေ၊ ပါမစ်တွေထုတ်ပေးတာ၊ နိုင်ငံတော်ပိုင် လက်နက်တွေငှားရမ်းတာတို့နဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာနက ၁၉၇၇ ခုနှစ် မေ ၉ ရက်မှာထုတ်ပြန်ခဲ့တဲ့ လက်နက်ကိုင်ဆောင်ရေးမူကို   ပြောင်းလဲလာတဲ့ အခြေအနေ အရပ်ရပ်နဲ့အညီဖြစ်စေဖို့ ပြန်စိစစ် ပြင်ဆင်ဖြည့်စွက်ထားတာလို့ ဆိုပါတယ်။

အဲဒီကြော်ငြာစာအရ ဒသမ ၃၈ လက်မနဲ့ သူ့ထက်ပြောင်းဝငယ်တဲ့ ဆုံလည်သေနတ်၊ ဒသမ ၃၈ လက်မ ဒါမှမဟုတ် ၉ မီလီမီတာနဲ့ သူ့ထက်ပြောင်းဝငယ်တဲ့ ပစ္စတိုသေနတ်၊ ၁၂ ဘိုးနဲ့ သူ့ထက်ပြောင်းဝငယ်တဲ့ ပြောင်းချောသေနတ်၊ ဒသမ ၂၂ လက်မနဲ့ သူ့ထက် ပြောင်းဝကျယ်တဲ့ အမဲလိုက်သေနတ်၊ လေသေနတ်တို့ကို လိုင်စင်နဲ့ကိုင်နိုင်ကြောင်း ဖော်ပြထားပြီး အတွဲလိုက်ပစ်ခတ်နိုင်တဲ့ သေနတ်တွေကိုတော့ ခွင့်မပြုထားပါဘူး။

ဒသမ ၃၈ လက်မ၊ ဒါမှမဟုတ် ၉ မီလီမီတာနဲ့ သူ့ထက်ပြောင်းဝကျယ်တဲ့ ပစ္စတိုသေနတ်၊ ရိုင်ဖယ်သေနတ်တွေ၊ စက်သေနတ်ကလေးအုပ်စုဝင်သေနတ်တွေကိုတော့ ပါမစ်နဲ့ ကိုင်ဆောင်ခွင့်ပြုမယ်လို့ ဆိုပါတယ်။

ပါမစ်နဲ့ကိုင်လို့ရတဲ့ သေနတ်တွေထဲက ရိုင်ဖယ်နဲ့ စက်သေနတ်ကလေး အုပ်စုဝင် သေနတ်တွေကို ဒေသဆိုင်ရာလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ စည်းကမ်းသေဝပ် ငြိမ်းချမ်းရေး ထိန်းသိမ်းစောင့်ရှောက်မှုအတွက်  ဒေသအလိုက် တရားဝင်ဖွဲ့စည်းထားတဲ့ လုံခြုံမှုအဖွဲ့အစည်း၊ သောင်းကျန်းသူ ဆန့်ကျင်ရေးအဖွဲ့အစည်း၊ ပြည်သူ့စစ်အဖွဲ့ စတာတွေကိုပဲ ကိုင်ခွင့်ပြုမှာဖြစ်ပြီး ပုဂ္ဂိုလ်တယောက်ချင်း သီးခြားကိုင်ဖို့အတွက်ကတော့ အထူးကိစ္စအနေနဲ့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သဘောတူညီချက်ရယူရမယ်လို့ ဆိုပါတယ်။

ဘယ်သေနတ်ကိုမဆို အဝေးကြည့်မှန်ပြောင်း၊ အသံတိတ်ကိရိယာနဲ့ အထူးပြုလုပ်ထားတဲ့ ချိန်ဆိုဒ်အမျိုးမျိုးကို တပ်ခွင့်မပေးဘူးလို့ ဖော်ပြထားပါတယ်။

ပြည်သူ့ဝန်ထမ်းမဟုတ်သူတွေဟာ လိုင်စင်နဲ့ကိုင်လို့ရတဲ့ သေနတ်တွေထဲက ၃ လက် အထိ ကိုင်လို့ရပြီး ပြည်သူ့ဝန်ထမ်းတွေကတော့ လိုင်စင်သေနတ် ၃ လက်အထိဖြစ်ဖြစ်၊ ပါမစ်သေနတ် ၁ လက်ဖြစ်ဖြစ်ကိုင်လို့ရတယ်လို့ ဆိုပါတယ်။

ကျည်ဆန်တွေကိုတော့ အမျိုးအစားအလိုက် အတောင့် ၅၀ ကနေ ၁၀၀ အထိ ကိုင်ခွင့်ပြုထားတာကိုတွေ့ရပါတယ်။

အကြမ်းဖက်စစ်ကောင်စီကို နေရာဒေသပေါင်းစုံကနေ နည်းမျိုးစုံနဲ့ တော်လှန်နေချိန်မှာ လက်နက်ကိုင်တော်လှန်ရေးလည်း အားကောင်းလာနေပြီး စစ်ကောင်စီတပ်သားတွေ၊ လက်အောက်ခံအဖွဲ့အစည်းဝင်တွေဟာ နေ့စဉ်လိုလိုတိုက်ခိုက်ခံနေရတာကြောင့် အခုလို စစ်တပ်ထောက်ခံသူတွေကို သေနတ်ကိုင်ဆောင်ခွင့်ပေးတာဖြစ်မယ်လို့ ယူဆနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013