DVB Logo
Home
မြန်မာသတင်း
ပီအာစနစ် ကျင့်သုံးဖို့ သင့် မသင့်-သတင်းသုံးသပ်ချက်
DVB
·
June 4, 2014
ပီအာစနစ် ကျင့်သုံးဖို့ သင့် မသင့်-သတင်းသုံးသပ်ချက်
1 / 2
Donate to DVB

လာမယ့် ရွေးကောက်ပွဲမှာ အချိုးကျကိုယ်စားပြုစနစ် (ပီအာ) ကို လက်ခံဆွေးနွေးဖို့ ဇွန်လ ၃ ရက်မှာ ကျင်းပပြုလုပ်တဲ့ အမျိုးသားလွှတ်တော်က မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။

ပီအာ စနစ်ကျင်းသုံးဖို့ အဆိုကို ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်-၁ အမျိုသား လွှတ်တော်ကိုယ်အမတ် ဒေါ်ခင်ဝိုင်းကြည်က တင်သွင်းခဲ့တာဖြစ်ပါတယ်။

national parlimentဘာ့ကြောင့် အခုလို တင်သွင်းရသလဲဆိုတာနဲ့ ပတ်သက်ပြီး ဒေါ်ခင်ဝိုင်းကြည်က “ပါတီစုံ ဒီမိုကရေစီစနစ်ကို သွားနေတဲ့အချိန်မှာ ပါတီစုံပါနိုင်တဲ့ ရွေးကောက်ပွဲစနစ် ပီအာက ပိုပြီး သဟဇာတ ဖြစ်တယ်လေ။ ပြည်သူလူထုက ပေးလိုက်တဲ့ မဲက အလေအလွင့် မဖြစ်ဘူး။

ဒီကောင်က ရာခိုင်နှုန်းနဲ့ သွားမယ်ဆိုတဲ့အခါကျတော့ မဲ ၁၀၀ အပြည့်မသွားတောင်မှပဲ ကွာလဖိုင်းမဖြစ်တဲ့ မဲနည်းနည်းပဲ ကျန်ခဲ့ပြီးတော့ ကျန်တဲ့ မဲတွေက အကုန်လုံး လွှတ်တော်ထဲကို ရောက်သွားမယ်လေ။ ပြည်သူလူထုရဲ့ ဆန္ဒတွေလည်း ဖြည့်ပေးရာ ရောက်မယ်။ နောက်ပြီးတော့ မဲလည်း အလေအလွင့် အဆုံးအရှုံးမရှိဘူး။ ပါတီအစုံလည်း ပါတယ်။ လွှတ်တော်ထဲမှာ ဆန္ဒအသီးသီးကို တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးကြတဲ့အခါမှာ နိုင်ငံတော်အတွက်လည်း လုံခြုံမယ်၊ ဖွံ့ဖြိုးမယ်၊ တိုးတက်မယ်။ ဖွံ့ဖြိုးတိုးတတ်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကို သွားမယ်ဆိုရင် ပီအာက အသင့်တော်ဆုံး သဟဇာတ အဖြစ်ဆုံးလို့ ယုံလို့ လွှတ်တော်ထဲမှာ တင်တာပါ” လို့ ပြောပါတယ်။

အဆိုကို ဆွေးနွေးကြမယ့် ကိုယ်စားလှယ်တွေကို အမျိုးသားလွှတ်တော်က ဖိတ်ခေါ်ထားပြီး နောက်တပတ်ထဲလောက် ဆွေးနွေးကြဖို့ ရှိတယ်လို့ ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် ကတော့ ဒီအဆိုကို ကန့်ကွက် ဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

“ကန့်ကွက်ဆွေးနွေးဖို့ ရန်အတွက် ပြင်ဆင်နေကြပါတယ်။ တိုင်းရင်းသား လူမျိုးစု နယ်မြေတွေမှာ လူမျိုးစုပါတီကို ထိခိုက်သွားနိုင်တယ်။ အုပ်စု အင်အားကောင်းတယ်ဆိုရင် ပါတီတဖွဲ့ထောင်၊ ပြီးတော့ အကြမ်းဖက်အင်အားစုတွေကလည်း လွှတ်တော်ထဲကို ရောက်လာနိုင်တဲ့ အနေအထားမျိုးတွေမှာ ရှိတယ်။ တကယ်တမ်း တိုင်းပြည်ကို သွားဖို့ ပထမဆုံး ကြိုးစားရမှာက ပြည်သူလူထုတွေအတွက် တကယ့် ဖက်ဒရယ်ပြည်ထောင်စုကို သွားဖို့ ဦးတည်နေတဲ့အချိန်မှာ ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲဖို့ ကြိုးစားတယ်ဆိုရုံလောက်နဲ့ အာရုံတွေ ထွေပြားသွားမှာလည်း မလိုလားဘူး။ တကယ်တမ်းရှိတဲ့ သွားရိုးစနစ်နဲ့ တကယ့်ပြည်ထောင်စုစနစ်ကို ဘယ်လိုသွားမလဲ၊ ဘယ်လို ရောက်အောင်သွားမလဲဆိုတဲ့ ဖက်ဒရယ်ပြည်ထောင်စုစနစ် တည်ဆောက်ဖို့ကို အဓိက ဦးတည်သွားဖို့ လိုမယ်။ ဒါက ကျနော်တယောက်တည်း အမြင်။”

၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမြအေးကတော့ ရွေးကောက်ပွဲမှာ ပီအာစနစ်ကျင့်သုံးဖို့ စောသေးတယ်လို့ ပြောပါတယ်။

“ပီအာစနစ်နဲ့ ပတ်သက်ပြီးတော့ ဂျာမနီ သွားတုန်းက လေ့လာခဲ့ဖူးပါတယ်။ ပီအာ စနစ်က ကောင်းပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့က အရမ်းနုသေးတယ်လို့ ကျနော် မြင်တယ်။ ကျင့်သုံးဖို့က ချက်ချင်း လက်ငင်းဘယ်လိုမှ မရနိုင်သေးဘူးလို့ မြင်တယ်။ အခုအချိန်က အသွင်ကူးပြောင်းရေး ကာလထဲကို ၀င်ဖို့ ကြိုးစားတဲ့အချိန်၊ နောက်တခုက အမျိုးသား ပြန်လည်သင့်မြတ်ရေး တကယ်ကို ကြိုးပမ်းရမယ့် အချိန်မျိုးတွေမှာ ပီအာစနစ်ကို ကျင့်သုံးရင် ရှုပ်ထွေးအခြေအနေ အချိန်အခါမျိုးဖြစ်သလို ဒီမိုကရေစီ သက်တမ်းက ဘာမှ မရှိသေးဘူး။ လူထုရဲ့ အမြင်မှာလည်း ဘယ်လို ရွေးချယ်ရမယ်ဆိုတဲ့ အသိပညာ ကြွယ်ဝမှု အခြေအနေတရပ် အချိန်တခု ပေးရမယ်လို့ ထင်တယ်။ ဒါကြောင့် လက်ရှိ အချိန်မှာ ပီအာ စနစ်ကျင့်သုံးတာ သဘာဝ မကျသေးဘူးလို့ ထင်တယ်။”

ဝါရင့် သတင်းစာဆရာကြီး ဦးဖိုးသောကြာကလည်း အလားတူ သဘောထား မှတ်ချက်ပေးပါတယ်။

“၁ က ပီအာစနစ် မြန်မာပြည်သူတွေနဲ့ အလှမ်းဝေးသေးတယ်လို့ ထင်ပါတယ်။ ၂ က လက်ရှိ ရွေးကောက်ပွဲစနစ်က ကျနော်တို့နဲ့ တော်တော် အကျွမ်းတ၀င်ဖြစ်နေတယ်။ အကျွမ်းတ၀င် ရှိနေတဲ့စနစ် ကျင့်သုံးနေတာကို ပီအာစနစ် ဘာကြောင့် ထိုးထည့်လဲဆိုတာ စဉ်းစားစရာတွေ ပါလာတယ်။ ဒီအချိန် ဒီအခါမှာ ပီအာစနစ်ကို ထိုးသွင်းတာ ရိုးသားခြင်း ရှိ၏၊ မရှိ၏ ဆိုတာကို စဉ်းစားရမှာပေါ့။ ကျနော့်အမြင်ကတော့ ဒီအချိန်မှာ တကယ်ပဲ ရိုးရိုးသားသား ဒီစနစ်ကို ထိုးသွင်းသည်ဖြစ်စေပေါ့ဗျာ၊ ဒီအချိန်ကတော့ မသင့်တော်သေးဘူးလို့ ဒီလိုပဲ မြင်ပါတယ်။”

ဇွန် ၃ ရက် အမျိုးသားလွှတ်တော်မှာ ပီအာစနစ်ကျင့်သုံးဖို့ အဆိုကို လက်ခံ ဆွေးနွေးဖို့ အာဏာရကြံ့ခိုင်ရေးပါတီ၊ စစ်တပ်ကိုယ်စားလှယ်တွေ အားလုံးက ထောက်ခံခဲ့ကြပြီး အန်အယ်လ်ဒီနဲ့ တိုင်းရင်းသားပါတီတချို့က ကန့်ကွက်ခဲ့ကြပါတယ်။

ဒီအဆို အမျိုးသားလွှတ်တော်ထဲ ထောက်ခံလိုက်ရင် နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တွေကို ပီအာစနစ်နဲ့ ရွေးချယ်ကြရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ခုနှစ်ထဲ အချိုးကျကိုယ်စားပြု (ပီအာ) စနစ်ကျင့်သုံးဖို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ရွေးကောက်ပွဲကော်မရှင်ကတဆင့် ပြည်ထောင်စုလွှတ်တော်ထံ တင်ပြခဲ့ဖူးပြီး အဲ့ဒီတုန်းက ပြည်ထောင်စုလွှတ်တော်က လွှတ်တော်လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွတ်ဘူးဆိုပြီး ပယ်ချခဲ့ပါတယ်။

လက်ရှိ မြန်မာပြည်မှာ ခေတ်အဆက်ဆက် ကျင့်သုံးခဲ့ကြတာ မဲအများဆုံးရရှိသူ အနိုင်ပေးတဲ့ စနစ် (First Past The Post – FPTP System) ဖြစ်ပြီး၊ အချိုးကျကိုယ်စားပြုစနစ် (Proportional Representative-PR) ပြောင်းလဲကျင့်သုံးဖို့ အဆိုတင် ဆွေးနွေးလာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013