
မကွေးတိုင်း ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အခြေစိုက် BPI ဆေးဝါးထုတ်လုပ်ရေးနဲ့ မြင်းမွေးမြူရေး တပ်ကို ဖေဖော်ဝါရီ ၁၁ ရက် မနက်ပိုင်းမှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြိုင် ပ.က.ဖ က ပြောပါတယ်။
ဒီနေ့မနက် ၆ နာရီလောက်မှာ ဒေသခံကာကွယ်ရေးတပ်တွေ ပူးပေါင်း ဝင်းစီးတိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ဗိုလ်ကြီး တယောက်၊ ဒုဗိုလ်တယောက်အပါဝင် ၇ ယောက် သေဆုံးပြီး တပ်ကြပ်ကြီးတယောက်နဲ့ တပ်သား ၂ ယောက် အရှင်ဖမ်းမိခဲ့တယ်လို့ မြိုင်မြို့နယ် မြောက်ပိုင်းဇုန် ပ.က.ဖတာဝန်ခံ ဗိုလ်Cross က ပြောပါတယ်။
ဝင်းစီးတိုက်ခိုက်ချိန် တပ်အတွင်းက အဆောင်တော်တော်များများကို မီးရှို့ဖျက်ဆီးခဲ့ပြီး ၂ နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီးနောက် မနက် ၈ နာရီ ၄၅ မိနစ်လောက်မှာ ရဲဘော်တွေ ထိခိုက်မှုမရှိဘဲ အောင်အောင်မြင်မြင်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တပ်တွေ ပြန်ဆုတ်သွားပြီးနောက် စစ်ကောင်စီဘက်က တိုက်ခိုက်ရေးရဟတ်ယာဥ်တစီးနဲ့ လေကြောင်းပစ်ကူပေးခဲ့တယ်လို့ ဗိုလ် Cross ပြောပါတယ်။
တိုက်ပွဲဖြစ်ချိန် ညောင်ပင်နီရွာက ဒေသခံ ထောင်နဲ့ချီ ဘေးလွတ်ရာမှာ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက် မွန်းလွဲပိုင်းကလည်း မြိုင်မြို့နယ် ကိုင်းတောမရွာရဲစခန်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black Cheetah တပ်ဖွဲ့က ပြောပါတယ်။
အင်အား ၆၀ ဝန်းကျင်နဲ့ အထိုင်ချနေတဲ့ အဲဒီစခန်းကို လက်နက်ငယ်၊ လက်နက်ကြီး အချက်ရေ ၁၀၀ လောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Black cheetah အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
"ကျနော်တို့ လက်နက်ငယ်နဲ့ စခန်းထဲထိ ဝင်ပစ်ဖို့ စီစဥ်ထားတာပါ။ အင်အား မမျှတာနဲ့ လက်နက်ကြီးနဲ့ပဲ ပစ်ခတ်ခဲ့တာ။"
လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ရဲစခန်းအုတ်တံတိုင်းနားကို ထိမှန်ခဲ့ပြီး စခန်းအတွင်းထဲ ထိခိုက်မှုနည်းကြောင်း၊ စစ်ကောင်စီတပ်က လက်နက်ငယ်၊ လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခတ်ခဲ့ပေမယ့် ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၉ ရက် မနက်ပိုင်းကလည်း ဆောမြို့နယ်၊ လောင်းရှည်ဒေသအခြေစိုက် ကပစ (၂၅)ရဲ့ ဗဟိုကင်းရုံးနဲ့ ခရိုင်ချင်းဆက်လမ်းဂိတ်စခန်းတွေကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက အဝေးကနေ လက်နက်ကြီးတွေနဲ့ စတင်တိုက်ခိုက်ခဲ့ရာက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဂန်ဂေါခရိုင် အမှတ် ၆ တပ်ရင်း LSR-PDF ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မာဂ က ပြောပါတယ်။
အဲဒီနေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီးနောက် ကပစ(၂၅)၊ ညောင်ချောင်းကင်းစခန်း၊ လောင်းရှည်ရဲစခန်းကုန်း၊ လောင်းရှည်မီးသတ်ကုန်း၊ လောင်းရှည်စက်တော်ရာနဲ့ ယွန်းကျောင်း တို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို အနီးကပ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
၄ နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်မှာတော့ စစ်ကောင်စီ တပ်သား ၈ ယောက်နဲ့ ရဲ ၃ ယောက် သေဆုံးပြီး PDF ရဲဘော် ၁ ယောက် သေဆုံးကာ ၅ ယောက် ဒဏ်ရာရခဲ့သလို ဒေသခံ ၁ ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဂန့်ဂေါခရိုင် အမှတ်(၃၊၅)တပ်ရင်း၊ မကွေးခရိုင် တပ်ရင်း(၁)နဲ့ စလင်းတပ်ဖွဲ့တို့ ပူးပေါင်းပြီး တပြိုင်နက်ထဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။
မကွေးတိုင်းထဲက ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်း မထုတ်ပြန်ပါဘူး။