
ဘရာဇီးနိုင်ငံမှာ ရာဇဝတ်ဂိုဏ်းတွေရဲ့ လွှမ်းမိုးမှု မြင့်တက်လာချိန်မှာ ရာဇဝတ်မှုတွေနဲ့ ဆက်နွှယ်နေတယ်လို့ သံသယရှိသူ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲမဝင်နိုင်အောင် တားဆီးဖို့ ကြိုးပမ်းနေပါတယ်။
ဘရာဇီးနိုင်ငံမှာ လာမဲ့ အောက်တိုဘာလမှာ ကျင်းပမဲ့ အထွေထွေရွေးကောက်ပွဲမတိုင်မီ စနစ်တကျ ဖွဲ့စည်းထားတဲ့ ရာဇဝတ်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ နည်းလမ်းသစ်တခုကို စခဲ့ပါတယ်။
ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်နွှယ်နေတယ်လို့ သံသယရှိတဲ့ ကိုယ်စားလှယ်လောင်းတွေကို မဲစာရင်းမှာ ပါခွင့်မပြုဖို့ ကြိုးပမ်းနေတာဖြစ်ပြီး ဒီလုပ်ဆောင်ချက်ကို လက်တင်အမေရိက နိုင်ငံရေးနယ်ပယ်မှာ ရာဇဝတ်ဂိုဏ်းတွေရဲ့ လွှမ်းမိုးမှုကို ထိန်းချုပ်ဖို့ အရင်က မရှိခဲ့ဘူးတဲ့ ကြိုးပမ်းအားထုတ်မှုတခုအဖြစ် ကျွမ်းကျင်သူတွေက သုံးသပ် ပြောဆိုနေကြပါတယ်။
မဲရုံတွေရှိတဲ့နေရာတွေက ရာဇဝတ်ဂိုဏ်းတွေ လွှမ်းမိုးထားတဲ့ နယ်မြေတွေ ဖြစ်နေလို့ အခုနှစ်မှာ မဲဆန္ဒရှင်ပေါင်း ၂ သိန်းကျော်အတွက် မဲပေးရမဲ့နေရာတွေကို ပြောင်းလဲသတ်မှတ်ပေးခဲ့ရတယ်လို့ ရီယိုဒီဂျနေရိုးမြို့က ရွေးကောက်ပွဲဆိုင်ရာ တရားရုံးဥက္ကဋ္ဌ ကလော်ဒီယို ဒီမယ်လို တာဗာရက်စ်က ပြောပါတယ်။
ရာဇဝတ်ဂိုဏ်းတခုမှာ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ရွေးကောက်ပွဲဝင်ခွင့် ပိတ်ပင်ခံခဲ့ရတဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ကလေဘီယို လိုပက်စ်ဂျာကရီကတော့ ဘယ်လိုအမှားအယွင်းမှ ကျူးလွန်မထားဘူးလို့ ငြင်းဆိုခဲ့ပြီး တာဝန်ရှိသူတွေက သူ့ကို ဘယ်လိုစွဲချက်မှ တင်သွင်းမထားဘူးလို့လည်း သူက ဆက်ပြောပါတယ်။
စနစ်တကျ ဖွဲ့စည်းထားတဲ့ ရာဇဝတ်ဂိုဏ်းတွေက ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးအတွက် ငွေကြေးထောက်ပံ့ခြင်း၊ ကိုယ်စားလှယ်လောင်းတွေကို ခြိမ်းခြောက်ခြင်းနဲ့ ကိစ္စရပ်တချို့မှာ သူတို့ရဲ့ ကိုယ်ပိုင်လူတွေကို ကိုယ်စားလှယ်လောင်းတွေအဖြစ် ဝင်ပြိုင်ခိုင်းတာတွေ ပိုလုပ်လာကြတယ်လို့ နိုင်ငံတကာ ဒီမိုကရေစီနဲ့ ရွေးကောက်ပွဲထောက်ပံ့ရေး အင်စတီကျုရဲ့ လက်တင်အမေရိကနဲ့ ကာရစ်ဘီယံဒေသဆိုင်ရာ ဒါရိုက်တာ မာဆယ်လာ ရီအိုစ်က ပြောပါတယ်။
၂၀၂၄ ခုနှစ်ကစပြီး ဘရာဇီးနိုင်ငံရဲ့ အမြင့်ဆုံး ရွေးကောက်ပွဲဆိုင်ရာ တရားရုံးက ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေကို ရာဇဝတ်မှုနဲ့ ပြစ်မှုထင်ရှားစီရင်ခြင်း ခံရတဲ့အထိ စောင့်ဆိုင်းနေစရာ မလိုဘဲ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေပေါ် အခြေခံပြီး ကိုယ်စားလှယ်လောင်းတွေ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို ကန့်ကွက်တားဆီးခွင့် ပြုထားခဲ့ပါတယ်။
ဒီလုပ်ဆောင်ချက်ကို ရာဇဝတ်ဂိုဏ်းတွေရဲ့ လွှမ်းမိုးမှုနယ်ပယ် ကျယ်ပြန့်လာတဲ့အပေါ် လိုအပ်တဲ့ တုံ့ပြန်မှုတခုအဖြစ် ထောက်ခံသူတွေက ရှုမြင်ကြပါတယ်။
ဝေဖန်သူတွေကတော့ ဒီလုပ်ဆောင်ချက်ဟာ လက်ရှိဥပဒေတွေရဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်လုပ်ဆောင်တာဖြစ်ပြီး တရားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို ချိုးဖောက်ရာ ရောက်နိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
Source: Reuters











