DVB Logo
Home
မြန်မာသတင်း
မသန်စွမ်းများတွက် တက္ကသိုလ်ပညာသင်စရိတ် ထောက်ပံ့မှု စတင်မည်
DVB
·
June 4, 2014
မသန်စွမ်းများတွက် တက္ကသိုလ်ပညာသင်စရိတ် ထောက်ပံ့မှု စတင်မည်
1 / 2
Donate to DVB

မသန်စွမ်းသူ လူငယ်တွေကို တက္ကသိုလ်ပညာသင်စရိတ် ထောက်ပံ့မယ့်အစီအစဉ်တခုကို မြန်မာပြည်မှာ ပထမဆုံးအကြိမ်အဖြစ် စတင်တော့မှာ ဖြစ်ပါတယ်။

Disable newsပညာသင်စရိတ်အတွက် နိုင်ငံတကာ အန်ဂျီအိုဖြစ်တဲ့ ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းက ရာနှုန်းပြည့် ထောက်ပံ့ပေးမယ့် အစီအစဉ် ဖြစ်ပါတယ်။

သင်ထောက်ကူပစ္စည်းတွေ ၀ယ်ယူဖို့ကိုတော့ ပြည်တွင်းက ဧဒင်အုပ်စု မြန်မာရှေ့ဆောင်ဘဏ်က ငွေထုတ်ချေးပေးမှာ ဖြစ်ပြီး မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ (မီလီ)နဲ့ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်ကြီးများ အသင်းတွေကလည်း ပူးတွဲဆောင်ရွက်ကြမယ်လို့ ဦးစီးလုပ်ဆောင်နေသူတွေက ပြောပါတယ်။

ဒီအစီအစဉ်မှာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်တဲ့ မသန်စွမ်းကျောင်းသားတွေ သာမကဘဲ လက်ရှိ တက္ကသိုလ်တက်ရောက်နေကြသူတွေလည်း အကျုံးဝင်ပြီး အစဦးဆုံးအနေနဲ့ လူဦးရေ ၂၅ ဦးကို စတင်ထောက်ပံ့အကောင်အထည်ဖော်မယ်လို့ ဆိုပါတယ်။

ဆင်းရဲနွမ်းပါးပြီး အမှန်တကယ် ပညာလိုလားသူတွေကို ဦးစားပေး ထောက်ပံ့မယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ (မီလီ) ၀င် ဒေါ်စိုးမိုးဦးက ပြောပါတယ်။

“ပညာသင်စရိတ်ကို နိပွန်ဖောင်ဒေးရှင်းက ၁၀၀ ရာခိုင်နှုန်း ထောက်ပံ့ပေးမယ်။ ကျန်တဲ့အပိုင်းက ကွန်ပျူတာဝယ်ချင်တဲ့သူ ဥပမာ - ကွန်ပျူတာကျောင်းသားတွေဆိုရင် ကွန်ပျူတာ သုံးဖို့ လိုတယ်။ နောက် ဂျီတီစီတို့ ဘာတို့ ဆိုရင်လည်း အတန်းကြီးလာရင် အသုံးပြုဖို့ လိုတယ်ဆိုရင် ကြီးကြီးမားမား ၀ယ်ရမယ့်ဟာအတွက် မြန်မာရှေ့ဆောင်ဘဏ်နဲ့ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်ကြီးများအသင်းနဲ့ မီလီတို့ ပူးပေါင်းပြီး သူတို့တွေကို ချေးငွေသဘောမျိုး ထုတ်ပေးမှာပါ။ အဲဒါကတော့ သူတို့တွေ အလုပ်ရရင် ပြန်ပေးရမှာပါ။”

ပညာသင်စရိတ်အတွက်ကို နိပွန်ဖောင်ဒေးရှင်းက ပညာသင်စရိတ်နဲ့ အဆောင်ငှားခ အပါအ၀င် ကုန်ကျစရိတ်တွေအတွက် ပြန်ပေးစရာမလိုပဲ ထောက်ပံ့မှာ ဖြစ်ပြီး အကြီးစားသင်ထောက်ကူပစ္စည်းတွေအတွက် မြန်မာရှေ့ဆောင်ဘဏ်က အတိုးမယူတဲ့ စိုက်ထုတ်ချေးငွေကိုတော့ ပညာဆုံးခန်းတိုင်ပြီး လုပ်ငန်းခွင် ၀င်ရောက်တဲ့အခါ ပြန်ဆပ်ဖို့ ဖြစ်ပါတယ်။

နိပွန်ဖောင်ဒေးရှင်းရဲ့ ဦးတည်ချက်ဟာ လူ့အဖွဲ့အစည်းအတွင်း တဦးကို တဦး ထောက်ပံ့ဖို့၊ ၀န်ထုပ်ဝန်ပိုးတွေကို လျော့ချဖို့နဲ့ စိန်ခေါ်မှုတွေကို အတူရင်ဆိုင်ဖို့ ဖြစ်ပြီး ပန်းတိုင်ကတော့ လူသားအားလုံးကို အနာဂတ်ဘ၀ကို ဖန်တီးရာမှာ လူသားအားလုံးကို ပါဝင်ခွင့်ပြုဖို့ ဖြစ်ပါတယ်။

ဒီအစီအစဉ်ရဲ့ ရလဒ်မျှော်မှန်းချက်ကို ဒေါ်စိုးမိုးဦးက “အခုလိုမျိုး ပညာသင်စရိတ်ထောက်ပံ့ပေးတဲ့ အစီအစဉ် ရှိခြင်း အားဖြင့် မြန်မာနိုင်ငံမှာရှိတဲ့ မသန်စွမ်းသူတွေ တက္ကသိုလ်တက်ရောက်ဖို့အတွက် အခက်အခဲရှိတဲ့သူတွေ တချို့ကလည်း တက္ကသိုလ်တက်ဖို့ အမှတ်တွေ အများကြီးရပြီးတော့ ပညာသင်စရိတ် အခက်အခဲတွေကြောင့် ကိုယ်မီတဲ့ လိုင်းကို မတတ်နိုင်တဲ့ မသန်စွမ်းသူတွေအတွက် တကယ့်ကို အခွင့်အရေးကောင်းလို့ မြင်မိပါတယ်” လို့ ပြောပါတယ်။

ပညာသင်စရိတ်လျှောက်လိုသူတွေဟာ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ ရုံး ဖုန်း ၀၁-၆၆၁၉၆၉ နဲ့ ၀၉-၄၅၀၀၆၇၂၄၇ ကို ဆက်သွယ်နိုင်ပါတယ်။

နိပွန်ဖောင်ဒေးရှင်းဟာ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ဒုက္ခသည် အကူအညီပေးမှုတွေမှာလည်း အမေရိကန်ဒေါ်လာ သန်းချီအကုန်အကျခံ ကြိုးပမ်း လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013