DVB Logo
Home
မြန်မာသတင်း
ထိုင်းရောက် MoU လုပ်သား ၁၉ ဦး အချိန် ၁ လကျော်ကြာ အလုပ်မရသေးဘဲ အခက်တွေ့နေ
DVB
·
February 9, 2023
ထိုင်းရောက် MoU လုပ်သား ၁၉ ဦး အချိန် ၁ လကျော်ကြာ အလုပ်မရသေးဘဲ အခက်တွေ့နေ
Donate to DVB

မြန်မာနိုင်ငံကနေ MoU စနစ်နဲ့ ထိုင်းကို အလုပ်လာလုပ်တဲ့ အလုပ်သမား ၁၉ ယောက်ဟာ အချိန် ၁ လကျော်ကြာတဲ့အထိ အလုပ်မရရှိသေးဘဲ စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရပြီး ထိုင်းအခြေစိုက် အလုပ်သမားအဖွဲ့တွေဆီ အကူအညီ တောင်းထားတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

MoU လုပ်သားတွေဟာ အလုပ်ချိတ်ပေးတဲ့ အေဂျင်စီကို ဆက်သွယ်ထားပေမဲ့ လက်ရှိအချိန်ထိ အလုပ်သမားတွေအတွက် ထိရောက်တဲ့ တာဝန်ယူမပေးသေးတာကြောင့် လိုအပ်တဲ့ အကူအညီတွေ ဆောင်ရွက်ပေးထားတယ်လို့ AAC အလုပ်သမား ကာကွယ်စောင့်ရှောက်ရေး မဟာမိတ်အဖွဲ့ ဦးဆောင်သူ ကိုရဲမင်းက ဒီဗွီဘီကို ပြောပါတယ်။

“အလုပ်သမားတွေက ရောက်လာတာ ဒီနေ့ဆို ၁ လနဲ့ ၅ ရက်ရှိပြီ၊ အလုပ်မရဘူး။ ရှင်းရှင်းပြောရင် မြန်မာပြည်ကနေ ထိုင်းကို ခေါ်လာကတည်းက အလုပ်မရှိဘဲ အလုပ်က လူမလိုသေးဘဲ အလုပ်သမားရရင် ပြီးတာပဲ၊ ဝန်ဆောင်ခရရင် ပြီးတာပဲဆိုပြီး ခေါ်လာတဲ့သဘော ဖြစ်နေတယ်။ အလုပ်သမားတွေက အလုပ်မရဘူး။ သွားရောက် ကြည့်ရှုစောင့်ရှောက်ခြင်းလည်း မရှိဘဲ ဒီတိုင်းပဲ ပစ်ထားတယ်။ အလုပ်သမားတွေ နားထားတဲ့ လုပ်အားခတွေကို ထိုင်းအစိုးရ သတ်မှတ်ထားတဲ့ အတိုင်း ၇၅ ရာခိုင်နှုန်း လုပ်အားခ လျော်ကြေးပေးခြင်း လုံးဝမရှိဘူး၊ မပေးနိုင်ဘူးတဲ့။ ဆိုလိုတာက အလုပ်သမားတွေသည် MoU စနစ်ကို အသုံးချပြီး အလိမ်ခံရတဲ့သဘော ဖြစ်နေတာပေါ့။ လက်ရှိ အလုပ်သမားတွေကတော့ ကြောက်လန့်နေတာပေါ့။ မွန်းဘီ အေဂျင်စီက ဖြေရှင်းပေးပါမယ် ပြောပေမဲ့ အခုလို ပစ်ထားတာ ၁ လနဲ့ ၅ ရက် ရှိသွားပြီလေ။ သူတို့က တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့တဲ့ သဘောပေါ့။”

AAC အဖွဲ့အနေနဲ့  ဒီအလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေဆီ အမှုဖွင့် တိုင်ကြားတာ ဆက်လုပ်သွားမှာဖြစ်ပြီး လက်ရှိ အလုပ်သမားတွေရဲ့ နေထိုင် စားသောက်ရေးကို ယာယီကူညီပေးထားတယ်လို့ AAC အဖွဲ့က ပြောပါတယ်။

အေဂျင်စီဟာ အလုပ်သမားတွေကို ထိုင်းက အီလက်ထရောနစ်စက်ရုံတရုံမှာ အလုပ်သွင်းပေးမယ်ဆိုတဲ့ သဘောတူစာချုပ်နဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အလုပ်သမားတွေက အေဂျင်စီကို အလုပ်သွင်းပေးခ ငွေကြေး ၂၅ သိန်းကနေ သိန်း ၃၀ အထိ ပေးခဲ့ရတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

MoU အလုပ်သမတဦးက “စာချုပ်ချုပ်ခဲ့တာ တယောက်ကို ၂၀ ကျော်၊ ၃၀ လောက် ကုန်ခဲ့ရတယ်။ စက်ရုံမှာလည်း အလုပ်မပေးပါဘူး။ ဒီတိုင်းပဲ အဆောင်မှာပဲ ပစ်ထားတယ်။ အခုထိ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိပါဘူး။ ချုံဘူရီမှာ ထားသွားတာ။ အခု လက်ရှိနေတဲ့ နေရာကနေတောင် မောင်းထုတ်တယ်။ မနေရဲတော့ဘူး။ မလုံခြုံဘူး။ မိန်းကလေးတွေ များတယ်။ လူတွေက တပုံကြီး ရှိနေသေးတယ်။ ဒုက္ခသည်တွေလိုပဲ။ ကိုယ့်လူကြီး ဘယ်သူဆိုတာ မသိရဘဲ နေနေရတာ တော်တော်ဒုက္ခရောက်တယ်။ အခု သူတို့က တာဝန်ယူမှု မရှိဘဲ ပိုက်ဆံယူပြီး လာပစ်ထားတဲ့အတွက် မကျေနပ်ပါဘူး။ ကိုယ်က MoU နဲ့ လုပ်တဲ့အတွက် အခွင့်အရေးတွေ ရှိတယ်လေ။ အခုက ၁ လကျော်ကြီး ပစ်ထားတဲ့အတွက် တော်တော်ခက်ခဲတယ်။  မှန်ကန်တဲ့ နည်းလမ်းနဲ့ သွားချင်ပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းရောက် မြန်မာလုပ်သားအများစုဟာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတဲ့ ပြဿနာ၊ လုပ်ခလစာ၊ အချိန်ပိုကြေးပြဿနာ၊ စာချုပ်ပါ အချက်အလက်တွေနဲ့ ကိုက်ညီမှု မရှိတာ စတဲ့ အလုပ်သမားအရေး ပြသနာတွေ မကြာခဏ ကြုံနေရပါတယ်။

ပုံမှန်အနေနဲ့  မြန်မာလုပ်သားတွေ အခက်အခဲကြုံလာရင် အရင် အရပ်သားအစိုးရ လက်ထက်မှာ ဘန်ကောက် မြန်မာသံရုံးက ကူညီဖြေရှင်းလေ့ရှိပေမဲ့ အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးဟာ ထိရောက်တဲ့ ကူညီဖြေရှင်းမှု မရှိဘူးလို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ MoU စနစ်နဲ့ အလုပ်လုပ်ကိုင်နေတဲ့ အလုပ်သမား အရေအတွက် ၂ သန်း နီးပါး ရှိပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ပထွက် အလုပ်လုပ်ကိုင်သူတွေ ပိုမိုများပြားလာပြီး လက်ရှိ ထိုင်းနိုင်ငံမှာ မြန်မာလုပ်သား စုစုပေါင်း ၅ သန်းနီးပါး ရှိပြီလို့ ထိုင်းရောက် အလုပ်သမားအရေး ဆောင်ရွက်သူတွေက ခန့်မှန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013