DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် တရက်တည်း မီးလောင်မှု ၆ ကြိမ်ဖြစ်ပြီး လူ ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ
DVB
·
February 9, 2023
ရန်ကုန်တွင် တရက်တည်း မီးလောင်မှု ၆ ကြိမ်ဖြစ်ပြီး လူ ၁ ဦးသေ၊ ၄ ဦး ဒဏ်ရာရ
1 / 4
Donate to DVB

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ ကျောက်တံတားမြို့နယ်၊ ဒလမြို့နယ်၊ အလုံမြို့နယ်နဲ့ တောင်ဥက္ကလာပမြိုနယ်တွေမှာ ဖေဖော်ဝါရီ ၈ ရက်က မီးလောင်မှု ၆ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။

ဖေဖော်ဝါရီ ၈ ရက် မနက် ၁၀ နာရီခွဲလောက်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဆမ်ဆောင်းအရောင်းခန်းမ ဝါယာကြိုးရှော့ဖြစ်ပြီး မီးလောင်ကျွမ်းကာ၊ နေ့လယ် ၁ နာရီ မိနစ် ၄၀ မှာ တောင်ဒဂုံမြို့နယ်၊ ၁၄၄ ရပ်ကွက်၊ ဘုရင့်နောင်လမ်းမှာ မီးလောင်ခဲ့ပါတယ်။

ဒါ့အပြင် ညနေ ၃ နာရီ ၄၄ မိနစ်မှာ ကျောက်တံတားမြို့နယ်၊ ၃၅×၃၆ လမ်းကြား ကုန်သည်လမ်းက အဆောက်အဦတခုမှာ မီးလောင်ကျွမ်းခဲ့ပြီး၊ ညနေ ၄ နာရီ မိနစ် ၅၀ မှာ ဒလမြို့နယ်၊ ဒလသင်္ဘောကျင်းအနီးက ဗလကျော်စွာ သ‌င်္ဘောတစီး မီးလောင်ခဲ့ပါတယ်။

ဒလမြို့နယ်က သင်္ဘောတစီး မီးလောင်တာနဲ့ပတ်သက်ပြီး လူမှုကူညီရေးအသင်းတခုကို ဆယ်သွယ်မေးမြန်းကြည့်ရာမှာတော့ “ညနေ ၅ နာရီထိုးခါနီးမှာ မီးက တော်တော်ကြီးနေပြီ၊ မြစ်ထဲမှာဆိုက်ထားလို့ တော်သေးတာ၊ လူနေအိမ်နဲ့ဆို မီးတော်တော်ကူးပါတယ်။ ဘာလို့ မီးလောင်တာလဲတော့ သေချာမသိသေးပေမဲ့ စက်ဆီသုံးရင်း လောင်တာလို့ ကြားရတယ်။ လူတော့ မထိခိုက်ပါဘူး၊ သင်္ဘောတော့ တော်တော်ပျက်စီးသွားတယ်” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၈ ရက် ည ၇ နာရီ ၃၈ မိနစ်မှာပဲ တောင်ဥက္ကလာပမြို့နယ်၊ စီမံကိန်း ၁၊ ၁၄ ရပ်ကွက်၊ သရဖီလမ်းနဲ့ မြလေးလမ်းထောင့်က လူနေအိမ်တလုံး မီးလောင်ခဲ့ပြီး ည ၇ နာရီ ၄၅ မိနစ်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ သိရပါပြီး ပေါ့ဆမီးကြောင့်လို့ ဆိုပါတယ်။

ည ၇ နာရီ ၂၅ မိနစ်မှာလည်း အလုံမြို့နယ်၊ ဌာနရပ်ကွက်၊ နှင်းဆီလမ်း၊ အလုံခန်းမရှေ့က အထပ်မြင့်တိုက်ခန်းတခုမှာ မီးလောင်ကျွမ်းခဲ့လို့ အခန်းနေ ကျား ၃ ဦး၊ မ ၁ ဦးနဲ့ မီးသတ်ဝန်ထမ်း ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံပို့ဆောင်နေချိန် မီးလောင်တိုက်ခန်းက ဒဏ်ရာရ ကျား ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့အခြေစိုက် လူမှုကူညီရေးအသင်းတခုက “ည ၇ ခွဲလောက်ရှိနေပြီ Level 1 ခေါ်ပြီး မီးငြှိမ်းတာ၊ ၈ နာရီ ၁၀ မိနစ်လောက်မှ ငြိမ်းသွားတယ်။ အခန်းတံခါးက ဂျက်ကျနေတာ။ သော့ကို ရဲဘော်တွေ ချိုးပြီး ဝင်ငြှိမ်းရတယ်။ အခန်းနေသူတွေကို ကယ်ထုတ်ပြီး အမျိုးသမီးကတော့ ဒဏ်ရာပြင်းထန်ပါတယ်။ အမျိုးသား ၁ ဦး သေဆုံး၊ အားလုံးကို ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။ ဝါယာကြိုးရှော့ဖြစ်ရာကနေ လောင်တယ်လို့ပဲ သိရသေးတယ်။ ဆုံးရှုံးမှုနဲ့ မီးလောင်မှုဖြစ်စဉ် တိတိကျကျကို မီးသတ်ဌာနက စုံစမ်းနေဆဲပါ” လို့ ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်ကနေ ၈ ရက်အတွင်း မီးလောင်မှုဖြစ်စဉ် ၂၄ ကြိမ်ရှိပြီး ဝါယာကြိုးရှော့ဖြစ်လို့ မီးလောင်ကျွမ်းမှု ၇ ကြိမ်၊ မြက်ခြောက်မီးနဲ့ ပေါ့ဆမီးကြောင့် လောင်ကျွမ်းမှု ၁၇ ကြိမ်ရှိနေပြီလို့ မြန်မာနိုင်ငံမီးသတ်ဌာနချုပ်နဲ့ လူမှုကူညီရေးအသင်းတွေရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ဓာတ်ပုံ -မြန်မာမီးသတ်ဌာနချုပ်၊ ရန်ကုန်မြို့ လူမှုကူညီရေးအသင်းများ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013