DVB Logo
Home
မြန်မာသတင်း
တရုတ်တွင် နေထိုင်ခွင့်သက်တမ်းကုန် မြန်မာနိုင်ငံသားများ သက်တမ်းပြန်တိုးရန် ကြေညာ
DVB
·
February 9, 2023
တရုတ်တွင် နေထိုင်ခွင့်သက်တမ်းကုန် မြန်မာနိုင်ငံသားများ သက်တမ်းပြန်တိုးရန် ကြေညာ
Donate to DVB

တရုတ်နိုင်ငံမှာ နေထိုင်ခွင့်သက်တမ်းကုန်ပြီဖြစ်တဲ့ မြန်မာနိုင်ငံသားတွေကို နေထိုင်ခွင့် အထောက်အထားတွေ သက်တမ်းပြန်တိုးထားဖို့ WeChat လူမှုကွန်ရက်ကနေ အသိပေး ကြေညာထားကြောင်း တရုတ်ဘက်ခြမ်းရောက် မြန်မာနိုင်ငံသားတွေဆီက သိရပါတယ်။

ရွှေလီမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား လုပ်ငန်းရှင်တဦးက “ပြန်ထွက်လာခိုင်းတာတော့ မဟုတ်ပါဘူး။ လက်ရှိ ကိုယ်နေတဲ့ ဒေသပိုင် ရဲစခန်းမှာ နေထိုင်ခွင့်သက်တမ်း သွားတိုးရမှာပါ။ ယူနန်ပြည်နယ်၊ တယ်ဟုတ်ခရိုင်အတွင်းမှာပါပဲ” လို့ ပြောပါတယ်။

အဲဒီ အသိပေးကြေညာစာမှာ တရုတ်နိုင်ငံရှိ သက်တမ်းကုန်ဆုံးသွားတဲ့ မြန်မာနိုင်ငံသားတွေ  လာမယ့် မေလ ၃၁ ရက် မတိုင်ခင် နေထိုင်ခွင့် သက်တမ်းတိုးထားရမှာဖြစ်ပြီး မေလ ၃၁ ရက် နောက်ပိုင်း နေထိုင်ခွင့်သက်တမ်းကုန်ဆုံးသွားတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ တရုတ်နိုင်ငံမှာ ဆက်လက်နေထိုင်နေပါက တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးအေဂျင်စီမှ အတင်းအကျပ် ပြည်နှင်ဒဏ်ပေးမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ရွှေလီရောက် မြန်မာကျောက်ကုန်သည်တဦးကလည်း “ကျနော်တို့ ဒီဘက်မှာနေတဲ့သူတွေက သက်တမ်းကုန်သွားပြီလေ။ ဒီ သုံးလအတွင်း စာအုပ်အနီလုပ်ပြီးမှ တံဆိပ်ထုပြီးမှ ပြန်ဝင်လာပေါ့။ ဒါပေမဲ့ ကျနော်တို့ မြန်မာနိုင်ငံဘက် ပြန်ထွက်ပြီးရင် ကျနော်တို့ကို စာအုပ်မလုပ်ပေးရင် ခက်ပြီလေ” လို့ ပြောပါတယ်။

တရုတ်ဘက်ခြမ်းရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ကိုဗစ် ကပ်ရောဂါကာလအတွင်း ကိုဗစ်စည်းကမ်း သတ်မှတ်ကန့်သတ်ချက်တွေကြောင့် သက်တမ်းတိုးလို့မရခဲ့တာလို့ ဆိုပါတယ်။

“ခုလက်ရှိ စာအုပ်သက်တမ်းကုန်တဲ့လူတွေ အများကြီးပဲ။ မြန်မာနိုင်ငံ ခဏပြန်၊ စာအုပ်တွေ ပြန်လုပ်ပြီး ပြန်ဝင်လာကြမှ အဆင်ပြေမယ်နော်။ နေထိုင်ခွင့်သက်တမ်းတိုးပြီးမှ ပြန်ဝင်ခဲ့ရမှာ။ အဲလိုမှမဟုတ်ရင် သူတို့ အတင်းအဓမ္မကြီး နှင်ထုတ်တော့မှာ”လို့ နယ်စပ် လုပ်ငန်းရှင်တဦးကလည်း ပြောပါတယ်။

အထောက်အထားအသစ် ပြုလုပ်ပြီးပါက တရုတ်နိုင်ငံကို ပြန်လည်ဝင်ရောက်လိုတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ နှစ်နိုင်ငံနယ်စပ်ဂိတ် သက်ဆိုင်ရာဝင်ထွက်ပေါက် လုပ်ထုံးလုပ်နည်းတွေကို ဖြတ်သန်းရမှာဖြစ်ပြီး တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံဘက်က ခွင့်ပြုချက်ရမှသာ ဝင်ထွက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

နယ်စပ်ကုန်သည်တဦးက “သဲသဲကွဲကွဲ ဘယ်ဘက်က သဘောမတူတာလဲ။ ဒီလိုဖြစ်တာလေးတွေလည်း ပြည်သူလူထုတွေကို ရှင်းပြသင့်ပါတယ်။ သတင်းထုတ်ပေးသင့်ပါတယ်” လို့ ပြောပါတယ်။

လက်ရှိမှာတော့ မူဆယ်ခရိုင်အတွင်းရှိ မူဆယ်၊ နမ့်ခမ်း၊ ကြူကုတ်(ပန်ဆိုင်း)မြို့က အိမ်ထောင်စုစာရင်းရှိသူတွေကိုသာ မြန်ဘက်က နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်အနီ ပြုလုပ်ပေးနေတာဖြစ်ပြီး အခုလို နယ်မြေကန့်သတ် စာအုပ်ထုတ်ပေးတာနဲ့ ပတ်သက်ပြီး မြန်မာဘက်က ထုတ်ပြန်စာ ထုတ်ပေးစေချင်တယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေက ပြောပါတယ်။

တရုတ်နိုင်ငံဘက်ခြမ်း ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ကိုဗစ်ကပ်ရောဂါကြောင့် နေထိုင်ခွင့်သက်တမ်း မတိုးနိုင်ခဲ့ကြတာဖြစ်သလို လက်ရှိထိ နှစ်နိုင်ငံ နယ်နိမိတ်ထိစပ်နေတဲ့ မြို့တွေကလွဲပြီး တခြားပြည်နယ်၊ တိုင်းတွေကသူတွေ ဝင်ထွက်လို့မရသေးတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013