
ကျူးဘားနိုင်ငံရဲ့ စီးပွားရေးမှာ အနည်းဆုံး ၄၀ ရာခိုင်နှုန်းနဲ့ ဟိုတယ်၊ ဆိပ်ကမ်း၊ ဘဏ်နဲ့ ငွေလွှဲ လုပ်ငန်းတွေကို အဓိက ချုပ်ကိုင်ထားတဲ့ ကျူးဘားစစ်တပ်ပိုင် GAESA လုပ်ငန်းစု ဥက္ကဋ္ဌရဲ့ ညီမ ဖြစ်သူ 'အက်ဒစ်စ် လာစထရက်စ် မိုရီရာ' ကို အမေရိကန်အာဏာပိုင်တွေက ဖမ်းဆီးလိုက်ပြီလို့ နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက မေ ၂၁ ရက်မှာ ပြောပါတယ်။
ဝန်ကြီး မာကိုရူဘီအိုက "ကျူးဘားစစ်တပ်ပိုင် GAESA ဂါအေးဆာ လုပ်ငန်းစုကြီးဟာ ကျူးဘားပြည်သူတွေအတွက်ပေးတဲ့ အကူအညီ ဒေါ်လာသန်းပေါင်းများစွာကို ကျူးဘားအစိုးရရဲ့ အမိန့်အရ ခိုးယူနေတာပါ။ ဂါအေးဆာရဲ့ ဥက္ကဋ္ဌ အာနီယာဂီလာမီနာ လာစထရက်စ်မိုရီရာရဲ့ ညီမ ဖြစ်တဲ့ 'အက်ဒစ်လာစထရက်စ် မိုရီရာဟာ ဖလော်ရီဒါမှာ အိမ်ခြံမြေလုပ်ငန်းတွေ လုပ်ကိုင်ကာ ဇိမ်ခံနေထိုင်ပြီး ကျူးဘားကွန်မြူနစ် အစိုးရကို ကူညီနေတာကြောင့် သူ့ရဲ့ အမြဲတမ်းနေထိုင်ခွင့်ကို ကျနော်ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။ ကျနော်တို့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်တဲ့ ဘယ်နိုင်ငံခြားသားမဆို ဒီနိုင်ငံမှာ ဇိမ်ခံနေလို့ မရစေရဘူး"လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထား ပါတယ်။
အမေရိကန် လူဝင်မှုကြီးကြပ်ရေးနဲ့ အကောက်ခွန်အာဏာပိုင်အဖွဲ့ (ICE) ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၃ ခုနှစ်မှာ တရားဝင် အမြဲတမ်းနေထိုင်သူအဖြစ် အမေရိကန်နိုင်ငံထဲကို ဝင်ရောက်လာခဲ့တဲ့ အက်ဒစ်စ် လာစထရက်စ် မိုရီရာဟာလက်ရှိမှာ ပြည်နှင်ဒဏ်ပေးမဲ့ လုပ်ငန်းစဉ်တွေကို စောင့်ဆိုင်းရင်း ICE ရဲ့ ထိန်းသိမ်းမှုအောက်မှာ ရှိနေပါတယ်။
သူ ဒီမှာရှိနေတာဟာ အမေရိကန်အတွက် ခြိမ်းခြောက်မှုတခုဖြစ်စေပြီး အမေရိကန်ရဲ့ နိုင်ငံခြားရေး မူဝါဒ အကျိုးစီးပွားတွေကို ထိခိုက်စေတယ်လို့ ဆိုပါတယ်။
ဒီလအစောပိုင်းမှာ သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့က GAESA လုပ်ငန်းစုနဲ့ သူ့ရဲ့ အမှုဆောင်ဥက္ကဋ္ဌ အာနီယာတို့ကို ပစ်မှတ်ထားအရေးယူနေကြောင်း အတည်ပြုခဲ့ပါတယ်။
GAESA လုပ်ငန်းစုကြီးဟာ ကျူးဘားကျွန်းနိုင်ငံမှာ စစ်တပ်ကဦးစီးတဲ့ စီးပွားရေးလုပ်ငန်းတွေ အများကြီးပါဝင်တဲ့ လုပ်ငန်းစုကြီးတခုဖြစ်ပြီး အမြတ်အစွန်းအများဆုံးနဲ့ အထိရောက်ဆုံး လုပ်ငန်းစုကြီး ဖြစ်ပါတယ်။
အဆိုပါလုပ်ငန်းစုဟာ ကြယ် ၅ ပွင့်အဆင့်ရှိတဲ့ ဟိုတယ်အများစု၊ မာရီရယ်မှာရှိတဲ့ အကြီးဆုံး ဆိပ်ကမ်း၊ ထိပ်တန်းစီးပွားရေးဘဏ်တခုအပြင် စူပါမားကတ်တွေ၊ ဓာတ်ဆီဆိုင်တွေနဲ့ ပြည်ပငွေလွှဲ လုပ်ငန်းတွေကိုပါ အများအပြား ချုပ်ကိုင်ထားတာ ဖြစ်ပါတယ်။
ကျူးဘားခေါင်းဆောင်ပိုင်းကတော့ အမေရိကန်ရဲ့ ကုန်သွယ်ရေးနဲ့ ဘဏ္ဍာရေးပိတ်ဆို့မှုတွေကို ရင်ဆိုင်ဖို့အတွက် ဒီစစ်တပ်ဦးစီး လုပ်ငန်းစုကြီးအကြောင်းကို လူသိရှင်ကြား ပြောဆိုလေ့မရှိဘဲ လျှို့ဝှက်ထားလေ့ရှိပါတယ်။
Photo:Reuters










