DVB Logo
Home
မြန်မာသတင်း
ရခိုင်တွင် လေယာဉ်အုပ်စုလိုက်ဖြင့် တပြိုင်တည်းဗုံးကြဲသည့် နည်းဗျူဟာ ပြောင်းလဲအသုံးပြု 
ကေခိုင်
·
April 21, 2026
Photo: AA
Photo: AA
Donate to DVB

ရခိုင်ပြည်နယ်အတွင်းရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ရာ မြို့နယ်တွေကို စစ်တပ်က လေယာဉ်အုပ်စုလိုက်နဲ့ တပြိုင်နက်တည်း ဗုံးကြဲတဲ့ TOT (Time on Target) နည်းဗျူဟာကို ပြောင်းလဲအသုံးပြုလာတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသုံးသပ်သူတွေက ပြောပါတယ်။

အာဏာသိမ်းစစ်အုပ်စုဟာ တော်လှန်ရေးတပ်တွေရှိရာ နေရာတွေနဲ့ အရပ်သားပစ်မှတ်တွေကို ဂျက်တိုက်လေယာဉ်တစီးတည်းနဲ့ ဗုံးလာကြဲလေ့ရှိပေမဲ့ အခုအခါမှာတော့ လေယာဉ် ၂ စီးကနေ ၅ စီးအထိ အုပ်စုဖွဲ့ပြီး ပစ်မှတ်တခုတည်းကို ဗုံးအလုံးရေ အများအပြား တပြိုင်နက်တည်း ကြဲချလာတာ ဖြစ်ပါတယ်။

ရခိုင်ဒေသမှာတော့ ပြီးခဲ့တဲ့ ဧပြီ ၁၉ ရက်ကလည်း မြောက်ဦး၊ ပုဏ္ဏားကျွန်းနဲ့ ကျောက်တော်မြို့နယ်တွေကို ဒီစနစ်နဲ့ တိုက်ခိုက်ခဲ့လို့ သံဃာတော်တွေ အပါအဝင် အရပ်သား ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ကိုခိုင်ဟိန်းထက်က “စစ်ခေါင်းဆောင် အသစ်တက်ပြီးတဲ့ နောက်ပိုင်းကတည်းက ကျနော်တို့ ရခိုင်ဘက်ကို ဗုံးကြဲတဲ့အခါမှာ အုပ်စုဖွဲ့ပြီးတော့ ဗုံးကြဲတာတွေ ပိုပြီးတော့မှ များလာတယ်ပေါ့နော်။ အနည်းဆုံး ၂ စီးကနေပြီးတော့မှ အများဆုံး ၅ စီးအထိ လာခဲ့တဲ့ဖြစ်စဉ်တွေ ရှိပါတယ်။ တခါတည်း လာတာနဲ့တင် ပစ်မှတ်ကို ထိထိရောက်ရောက် ပစ်နိုင်တယ်။ ပစ်ပြီးသွားတာနဲ့ အဲဒီ Jet တွေကကျတော့ ၁၅ မိနစ်လောက် ပျောက်သွားတယ်။ နောက် ၁၅ မိနစ်လောက်နေမှ လာပြီးတော့ တခါပြန်ပစ်တယ်ပေါ့နော်။ အဲဒီလိုမျိုးနဲ့ ၁၅ မိနစ်ခြား တခါ၊ နာရီဝက်တခါ အဲဒီနေရာလေးကိုပဲ ၂ နာရီ၊ ၃ နာရီလောက်အထိ ဝဲပြီးတော့ မကြာမကြာ ဒီ အုပ်စုဖွဲ့ တိုက်ခိုက်နေတာမျိုးတွေ ရှိပါတယ်။ ပြီးတော့ အလုံးရေကလည်း ပိုပြီးတော့ များတယ်ပေါ့နော်။ အခုနောက်ပိုင်း ဗုံးအလုံးရေကလည်း ၁၀ လုံးနဲ့အထက်မှာ ရှိပါတယ်။ အဲဒီမှာတော့ ဒီ ပေါင် ၅၀၀၊ ၂၀၀ ပြီးတော့ Rocket တွေ ပါတယ်ပေါ့။ အခုတလောကဆိုရင် Jet နဲ့ Y-12 ပေါင်းပြီးတော့ ရသေ့တောင်ဘက်မှာ ဗုံအလုံးရေ ၁၀၀ ကျော်အထိ ပစ်ခတ်ခဲ့တာ ရှိပါတယ်” လို့ ပြောပါတယ်။

TOT (Time on Target) ဆိုတာကတော့ ပစ်မှတ်တခုတည်းကို မတူညီတဲ့ နေရာတွေကနေ ထွက်ခွာလာတဲ့ လက်နက်အားလုံး (ဗုံး၊ ဒုံးကျည်) တပြိုင်နက်တည်း ကျရောက်ပေါက်ကွဲအောင် အချိန်ကိုက် ညှိနှိုင်းတိုက်ခိုက်တဲ့ စစ်ရေးနည်းဗျူဟာ ဖြစ်ပါတယ်။

ဒါဟာ ဆီရှားပါးမှုကြောင့် အချိန်ကုန်သက်သာစေဖို့ ဖြစ်သလို အကြောက်တရား ရိုက်သွင်းဖို့အတွက် တိုက်ပွဲမရှိတဲ့ နေရာတွေကိုပါ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်လာတာလို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

“သူတို့ အခု လေကြောင်းတိုက်ခိုက်မှု လုပ်လာတာကတော့ တော်တော်လေး ပြောင်းလဲသွားတယ်။ အဓိကအချက်ကတော့ ဆီရှားပါးတာလည်း ဖြစ်မယ်။ နောက်တခုကတော့ ကျနော်တို့ ဒီလေကြောင်းအဖျက်စွမ်းအားကို သူတို့ အမြင့်ဆုံးအထိပေါ့နော်၊ ဒီပြည်တွင်းစစ်မှာ အမြင့်ဆုံးအထိ အသုံးချလိုက်တဲ့ အနေအထားမျိုးလို့ ကျနော်တို့ကတော့ မြင်တယ်ဗျ။ ဘာလို့လဲဆိုတော့ TOT ပေါ့။ TOT ဆိုတာ Time On Target၊ ပစ်မှတ်တခုတည်းကိုပဲ စုပြုံပြီးတော့ ပစ်ခတ်တာ၊ လေကြောင်းအဖျက်စွမ်းအားကို ရသလောက်ပေါ့နော် ညှစ်ပြီးတော့ မိုင်ကုန်သုံးတယ်။ ပြီးရင် သူက အကြောက်တရားပေးတာပေါ့။ အခုက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေမှာ တိုက်ခိုက်တာ များတယ်။ နောက်ပိုင်း စစ်တပ်ဘက်ကလည်း တိုက်စစ်ဆင်လာမဲ့ အနေအထားမျိုးတော့ ရှိတယ်ပေါ့နော်။ အဲတော့ တိုက်ပွဲတခုမှာ လေယာဉ်လာပြီဆိုတာနဲ့ အဖြေပြောင်းသွားအောင် သူတို့က တမင် အခုကတည်းက အကြောက်တရား ရိုက်သွင်းတဲ့ ပုံစံမျိုးလို့တော့ ကျနော်တို့ ထပ်ပြီးတော့ ခန့်မှန်းသုံးသပ်ရပါတယ်ပေါ့နော်။”

ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ ပထမတကြိမ် ဗုံးကြဲပြီးနောက် ကယ်ဆယ်ရေးသမားတွေ ရောက်ရှိလာချိန်မှာ ဒုတိယတကြိမ် ထပ်မံဗုံးကြဲတဲ့ နည်းလမ်းကိုပါ အသုံးပြုလာနေပါတယ်။

ရခိုင်ပြည်နယ်မှာ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံထားရလို့ လေကြောင်းသတိပေးချက် ရရှိဖို့ ခက်ခဲနေတဲ့အတွက် ဒေသခံတွေအနေနဲ့ အခိုင်အမာ ဗုံးခိုကျင်းတွေ တည်ဆောက်ထားဖို့နဲ့ လေယာဉ်လာချိန်မှာ မြေပြင်မှာ မှောက်လျက်နေပြီး နားကို သေချာဖုံးအုပ်ထားဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

စစ်တပ်ရဲ့ ပုံစံပြောင်း လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ရခိုင်ဒေသအတွင်းမှာ အရပ်သား သေဆုံး၊ ဒဏ်ရာရမှုတွေဟာ နေ့စဉ် မြင့်တက်နေပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013