DVB Logo
Home
မြန်မာသတင်း
“သလ္လာဝတီ” ပရောဂျက် ရာနှုန်းပြည့်အောင်မြင်ရေး လှူဒါန်းပေးကြရန် မုံရွာ MPDF တိုက်တွန်း
DVB
·
February 5, 2023
“သလ္လာဝတီ” ပရောဂျက် ရာနှုန်းပြည့်အောင်မြင်ရေး လှူဒါန်းပေးကြရန် မုံရွာ MPDF တိုက်တွန်း
Donate to DVB

မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) အတွက် ကျပ်သိန်းတထောင်ထောက်ပို့သွားမယ့် “သလ္လာဝတီ” ပရောဂျက်ကို ဇန်နဝါရီ ၂၇ ရက်ကနေ ဖေဖော်ဝါရီ ၁၁ ရက်အထိ ပြုလုပ်နေပါတယ်။

နွေဦးတော်လှန်ရေး ၂ နှစ်ပြည့်လာချိန် MPDF တပ်ဖွဲ့ရဲ့ စစ်ရေးအရှိန်မြှင့်တင်ရေးအတွက် ကူညီထောက်ပံ့ပေးနိုင်ဖို့ ဒီပရောဂျက်ကို ပြုလုပ်ရတာလို့ MPDF ရဲ့ လူထုဆက်ဆံရေးနဲ့ စည်းရုံးရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“တော်လှန်ရေး ၂ နှစ်ပြည့်သွားပြီပေါ့နော်။ အဲ့ဒီနောက်ပိုင်းကို စနစ်တကျပြင်ဆင်စုဖွဲ့မှုမျိုးနဲ့ ပုံဖော်ဖို့အတွက် အရှိန်ထပ်မြှင့်တာပေါ့။ အခုဆိုရင် ကျနော်တို့က မြို့ပြပြောက်ကျားကိုလည်း ကောင်းကောင်းထပ်ပြီး လုပ်ဆောင်ဖို့ ပလန်တွေလည်း ရှိတယ်။ နောက်တခုက MPDF ရဲ့ တပ်တွေကိုလည်း စနစ်တကျစီစဉ်စုဖွဲ့မှုမျိုးနဲ့ လုပ်ဖို့၊ ပြီးတော့ ကျနော်တို့ ရဲဘော်တွေကို မောင်းပြန်သေနတ်တွေ တပ်ဆင်နိုင်အောင် တခြားမဟာမိတ်တွေနဲ့ ကြိုးစားနေတဲ့အချိန်မှာ ကျနော်တို့ အဓိက ငွေလိုတာပေါ့နော်။ ဒီသုံးချက်ကြောင့် ကျနော်တို့က သိန်းတထောင်ပရောဂျက်ကို လုပ်ရခြင်းဖြစ်တယ်။” 

ပရောဂျက်စတင်ခဲ့တဲ့ ၈ ရက်တာအတွင်း ကျပ်သိန်း ၆၅၄ သိန်းရရှိနေပြီဖြစ်ကြောင်း ဒီပရောဂျက်ကို တာဝန်ယူထားတဲ့ We are One ရန်ပုံငွေရှာဖွေရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတ်မှတ်ထားတဲ့ ရက်အတွင်း ပရောဂျက်ရာနှုန်းပြည့်အောင်မြင်ဖို့ ကျန်ရှိနေသေးတဲ့ ရက်တွေမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့လည်း MPDF ရဲ့ လူထုဆက်ဆံရေးနဲ့ စည်းရုံးရေးတာဝန်ခံက တိုက်တွန်းပါတယ်။

“ဒီပရောဂျက်ကို နှစ်ပတ်အတွင်း တာဝန်ယူထားတဲ့ We are One ကို သွားပြီးတော့ တိုက်ရိုက်လှူဒါန်းရမှာ ဖြစ်တယ်။ ပါဝင်ချင်တဲ့သူတွေအားလုံး ကိုယ်ကြိုက်တဲ့ ပမာဏ၊ ကိုယ်စေတနာရှိသလောက်ကိုယ်တတ်နိုင်သလောက် မြန်မာငွေနဲ့ရော၊ နိုင်ငံတကာငွေကြေးတွေနဲ့ပါ ဒီပရောဂျက်ကို လာလှူဒါန်းလို့ ရပါတယ်။ ကျနော်တို့ ကျန်တဲ့ ရက်အတွင်း သတ်မှတ်ထားတဲ့ ပမာဏရအောင် ကြိုးစားရမှာပေါ့။” 

မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MPDF) ကို တော်လှန်ကြယ်နီတပ်ခွဲ၊ Demo တပ်ခွဲ၊ SRAF တပ်ခွဲ၊ ကနီတပ်ခွဲ၊ ဆားလင်းကြီးတပ်ခွဲတွေနဲ့ ဖွဲ့စည်းထားပြီး မုံရွာခရိုင်နဲ့ ယင်းမာပင်ခရိုင်တွေမှာ ရွေ့လျားတပ်စိတ်တွေ၊ ပြောက်ကျားတပ်စိတ်တွေအနေနဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတယ်လို့ သိရှိရပါတယ်။

မြို့တွင်းပြောက်ကျားလှုပ်ရှားမှုတွေ၊ ရေကြောင်းတိုက်ပွဲတွေ၊ ရင်ဆိုင် ထိတွေ့တိုက်ပွဲတွေအပါအဝင် တိုက်ပွဲ စုစုပေါင်း ၁၆ဝ ကျော်ကို ကျန်တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြောင်း MPDF က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013