DVB Logo
Home
Lead Story
ဂုဏ်သိက္ခာမဲ့ သမိုင်းသေသွားတဲ့ စစ်တပ်နဲ့ လူသိမခံရဲတော့တဲ့ စစ်အသိုင်းအဝိုင်း
DVB
·
February 5, 2023
ဂုဏ်သိက္ခာမဲ့ သမိုင်းသေသွားတဲ့ စစ်တပ်နဲ့ လူသိမခံရဲတော့တဲ့ စစ်အသိုင်းအဝိုင်း
Donate to DVB

သိပ်မဝေးလှတဲ့ ကာလတခုမှာ စစ်ဗိုလ်အသိုင်းအဝိုင်းဆိုတာ သာမန်လူတွေ နီးစပ်ပတ်သက်ချင်၊ အမျိုးတော်ချင်ကြတဲ့ အခွင့်ထူးခံအသိုင်းအဝိုင်း ဖြစ်ခဲ့ဖူးပါတယ်။ ဘယ်ဗိုလ်မှူးကြီးနဲ့ အမျိုးတော်တာ၊ ဘယ်ဗိုလ်ချုပ်က ငါ့သူငယ်ချင်း စသည်ဖြင့် အလုအယက် ဂုဏ်ယူပြောဆိုရတဲ့ နတ်နေကိုင်း ဖြစ်ခဲ့ဖူးပါတယ်။

အရင်တုန်းကတော့ အသိနိမ့်ကျကျန်ရစ်တဲ့ အရပ်ထဲမှာဆိုရင် စစ်အသိုင်းအဝိုင်းနဲ့ အမျိုးတော်ချင်ကြပြီး သမီးရှိတဲ့သူတချို့ဆိုရင် စစ်ဗိုလ်တွေနဲ့ အနေနီးစပ်အောင် အိမ်ကို ဝင်ထွက်သွားလာစေကြတာမို့ သူတို့အိမ်ကို ဗိုလ်တဲလို့ အရပ်က လှောင်ပြောင်ခေါ်ခြင်း ခံကြရတာတွေ ရှိခဲ့ဖူးပါတယ်။ ဘဝအာမခံချက်လိုချင်တဲ့ မိန်းကလေးတွေကြားမှာလည်း စစ်ဗိုလ်တွေဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေ ဖြစ်ခဲ့ကြရတာပါပဲ။

အလှူမင်္ဂလာဆောင်၊ လူမှုရေး၊ ဘာသာရေးအခမ်းအနားတွေ ဆိုရင်လည်း စစ်ဗိုလ်ကြီးတွေ တက်ရောက်မှ၊ ပန်းကုံးစွပ်‌ပေးမှ ဂုဏ်ရှိတယ် ထင်မှတ်ကြပါတယ်။ သတင်းစာထဲ ကြော်ငြာတွေထဲ ဘယ်တပ်ရင်း၊ ဘယ်ဗျူဟာ DSA အပတ်စဉ် ဘယ်လောက်ဆိုတာ ထည့်ချင်ကြတာ ပကာသနကို ခုံမင်ကြတဲ့ လူ့သဘာဝကိုး။

စစ်ဗိုလ်အသိုင်းအဝိုင်းနဲ့ရင်းနှီးရင် စီးပွားရေးလုပ်ကွက် လုပ်ပိုင်ခွင့်တွေရမယ်၊ ဖြတ်လမ်းနည်းနဲ့ ချမ်းသာကြွယ်ဝနိုင်တာကိုး။ သာမန်အရပ်သားတွေမရတဲ့ အခွင့်ထူးခံခွင့်တွေရမယ်၊ ဦးစားပေးခံရမယ်၊ လူရာဝင်၊ လူလေးစားတယ်လို့ ထင်မှတ်ခဲ့ကြရတာ မဟုတ်လား။ တကယ်တမ်း သိတတ်နားလည်တဲ့ ပြည်သူတွေရဲ့ အမြင်နဲ့ မျက်လုံးမှာ အဲ့ဒီလို ကပ်မြှောင်အခွင့်ထူးခံရသူဆိုတာ သိက္ခာမဲ့တယ်၊ ရှက်စရာကောင်းတယ် ဆိုတာ သူတို့မသိကြပါဘူး။ လတ်တလော အကျိုးစီးပွားနဲ့ အခွင့်အရေးနောက် ငမ်းငမ်းတက် လိုက်ခဲ့ကြတာကိုး။

အခုတော့ စစ်တပ်က နိုင်ငံတော်ကိုပုန်ကန်၊ ပြည်သူအပေါ် ဗြောင်သစ္စာဖောက်တော့ စစ်တပ်ရဲ့သမိုင်းဟာ သေဆုံးလို့ စစ်ဗိုလ်ခေတ် ကုန်ဆုံးခဲ့ရပြီ ဖြစ်ပါတယ်။ စစ်ဗိုလ်စစ်သားတွေ ခေါင်းမမော့၊ ရင်မကော့နိုင်ရုံတင်မက အရပ်ထဲရွာထဲ၊ ပြည်သူထဲ ကိုယ့်မိဘအိမ်၊ ကိုယ့်မွေးရပ်မြေတောင် မပြန်ရဲတော့လောက်အောင်၊ လက်ဖက်ရည်ဆိုင်မထိုင်ရဲ၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့တောင် မတွေ့ရဲလောက်အောင် လူစဉ်မမီ ဖြစ်ခဲ့ရပါပြီ။

အရင်က အရပ်ထဲရွာထဲ လူ့အသိုင်းအဝိုင်းတွေကြား မျက်နှာပွင့်၊ မျက်နှာပန်းလှခဲ့ကြတဲ့ စစ်မျိုးစစ်နွယ်၊ စစ်တပ်အသိုင်းအဝိုင်း စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ယုတ်ညံ့နိမ့်ကျတဲ့ လုပ်ရပ်ကြောင့် အရှက်ရ၊ မျက်နှာငယ်ရတဲ့အဆင့်ကို ကျော်လွန်လာပြီး ပြည်သူသတ်စစ်တပ်ရဲ့ အစိတ်အပိုင်း‌တွေ အလိုလိုဖြစ်လာတာမို့ အသက်အန္တရာယ်ပါ မလုံခြုံတော့တဲ့အဆင့် ရောက်လာတာမို့ မိမိဟာ စစ်မျိုးစစ်နွယ်ပါဆိုတာ လူသိမခံရဲကြတော့ပါဘူး။ နောင်အနာဂတ်မှာ အာဏာရှင်သစ္စာခံ မြန်မာ့တပ်မတော်ဆိုတာ အကြွင်းမဲ့ မျိုးသုဉ်းပျောက်ကွယ်ရတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် တနှစ်တည်းမှာတင် ရန်ကုန်တိုင်းအတွင်း ပစ်ခတ်မှုနဲ့ ဗုံးပေါက်ကွဲမှုပေါင်း ၉၁၆ ကြိမ် ဖြစ်ပွားခဲ့ရာမှာ အငြိမ်းစားဗိုလ်မှူးချုပ်အုန်းသွင် အပါအဝင် ၂၃၅ ဦး သေဆုံးခဲ့ပြီး ၃၆၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒီဗွီဘီသတင်းမှာ ဖတ်ခဲ့ရပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်‌နေ့က‌နေ ၂၈ ရက်အတွင်း လှိုင်သာယာ၊ သာကေတ၊ မြောက်ဒဂုံ၊ မရမ်းကုန်း၊ ရွှေပြည်သာ၊ တွံတေးမြို့နယ်နဲ့ အမြန်လမ်းမှာ ပစ်ခတ်မှု ၈ ကြိမ်ဖြစ်ခဲ့ပြီး ၇ ယောက် သေဆုံးကာ ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ဒီအထဲမှာ လက်ရှိ စစ်တပ်ထဲ တာဝန်ထမ်းနေတဲ့ ဗိုလ်မှူးတဦး၊ အငြိမ်းစားဗိုလ်မှူးနှစ်ဦး ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတဦး၊ ဗိုလ်မှူးရဲ့မိန်းမနဲ့ ရဲသတင်းပေးတဦး ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် နေ့လယ် ၁ နာရီ ၄၅ မိနစ်လောက်က တောင်ငူခရိုင် PDF တပ်ရင်း-၃၅၀၁၊ တပ်ခွဲ-၃ နဲ့ ၆ ပူးပေါင်းအဖွဲ့က သတင်းအရ ကြိုတင်စောင့်ဆိုင်း ဖမ်းဆီးတဲ့ ဖြစ်စဉ်မှာ ရန်ကုန်တိုင်းစစ်ကြောရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး/ဗိုလ်မှူးသန်းထွဋ်နဲ့ တပ်ကြပ်ကြီးမြင့်အောင်တို့ကို ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မိုင်တိုင် ၁၆၁ အနီးမှာ  ပါလာတဲ့လက်နက်နဲ့ ခုခံကာကွယ်လို့ ပစ်ခတ်ရာမှာ သေဆုံးသွားပြီး လက်နက်တချို့လည်း ရခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်ထားခဲ့ပါတယ်။

နောက်တခါ ဇန်နဝါရီလ ၂၆ ရက်နေ့မှာ မြင်းခြံမြို့နယ်၊ ပျော်ဘွယ်စံပြကျေးရွာက ရတနာထွန်း သစ်ဝါးအိမ်ဆောက်ပစ္စည်းဆိုင်ပိုင်ရှင်လည်းဖြစ်၊ စစ်တပ်အတွက် သတင်းထောက်လှမ်း စုဆောင်းနေတဲ့ ဗိုလ်ကြီးဟောင်း ခင်မောင်ထွန်းနဲ့ ဇနီးဟာ တော်လှန်အင်အားစုတွေရဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ရပြန်ပါတယ်။

ပြောချင်တာကတော့ နိုင်ငံတော်ပုန်ကန်မှု ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်တပ်ဟာ လမ်းဆုံးကို ရောက်နေပြီဆိုတာ လက်ရှိ တပ်ထဲမှာ အကြောင်းအမျိုးမျိုးနဲ့ ဆက်အမှုထမ်းနေဆဲ စစ်ဗိုလ်စစ်သားတွေဟာ အခြေအနေမှန်ကို ရှင်းရှင်းလင်းလင်းသိရမယ့်အချိန် ကျော်နေပြီ ဆိုတာပါပဲ။ ခြံစည်းရိုးခွထိုင်နေလို့ မရတော့ဘူး။ ကိုယ်နဲ့ ကိုယ့်မိသားစုအသက်ကို ကယ်တင်နိုင်ဖို့ ပြတ်ပြတ်သားသား ရွေးချယ်ဆုံးဖြတ်ရတော့မှာ ဖြစ်ပါတယ်။

အချိန်ကြာလာတာနဲ့အမျှ ထွက်ပေါက်တွေ ပိတ်လာတာမို့ အာဏာရူး စစ်ဓားပြ မင်းအောင်လှိုင်နဲ့ နောက်တော်ပါ လူယုတ်မာ ဗိုလ်ချုပ်တသိုက်ကို အလုပ်အကျွေးပြုရင်း ဂုဏ်သိက္ခာမဲ့ သမိုင်းသေသွားတဲ့စစ်တပ်ထဲ ဆက်နေမယ်ဆိုရင် အဖိုးတန်တဲ့လူ့ဘဝကို အချည်းအနှီး ဆုံးရှုံးရမယ့်အပြင် မိမိသားစဉ်မြေးဆက် အရှက်ရစေမယ့် သမိုင်းဆိုး ကမ္ပည်းထားရစ်ခဲ့ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် စစ်သားပီပီ သတ္တိမွေးပြီး ကိုယ့်ပြည်သူကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ သမ္မတရူး မင်းအောင်လှိုင်နဲ့ စစ်အာဏာရှင်စနစ်ဆိုးကို အပြီးတိုင် ရှင်းလင်းဖယ်ရှားနေတဲ့ နွေဦးတော်လှန်ရေးကြီးမှာ တိုင်းရင်းသားပြည်သူလူထုနဲ့အတူ အချိန်မီ အမြန်ဆုံး လက်တွဲပါဝင်ရင်း သမိုင်း‌ကောင်းမော်ကွန်းထိုးကြဖို့ အလေးအနက် တိုက်တွန်း သတိပေးလိုက်ရပါကြောင်း။

မင်းကောင်းချစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013