
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲကို စစ်တပ်က နေ့တိုင်း ဗုံးကြဲချတိုက်ခိုက်နေပြီး လူနေအိမ်တွေ၊ လမ်းနဲ့ အဆောက်အအုံတွေ ထိခိုက်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “မင်းတပ်မြို့ပေါ်ကို မကွေးလေတပ်ဘက်က တက်လာတဲ့ စစ်တပ်ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၅၀၀ လို့ ယူဆရတဲ့ ဗုံး ၂ လုံး ကြဲသွားတာပါ။ အိမ်အဆောက်အအုံတချို့ ပျက်စီးသွားတယ်လို့ပဲ ကနဦးသိရပါသေးတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၇ ရက်နေ့ မနက် ၁ နာရီ ဝန်းကျင်ကလည်း နေပြည်တော်လေတပ်က တက်လာကြတဲ့ ဂျက်ဖိုက်တာ ၂ စင်းနဲ့ မင်းတပ်မြို့ပေါ်ကို ပေါင် ၅၀၀ ဗုံး ၂ လုံး ချသွားခဲ့ပြီး ပြည်သူ ထိခိုက်မှုမရှိကြပေမဲ့ ပြည်သူပိုင်နေအိမ် ၁၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့သလို ပြည်သူပိုင်လမ်းတွေလည်း ပျက်စီးသွားခဲ့သေးတယ်လို့ သူက ဆက်ပြောပါတယ်။
ဇွန် ၁၃ ရက် ဒီမနက် ၇ နာရီကျော်ကလည်း တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၂ စင်းနဲ့ မင်းတပ်မြို့ အရှေ့ခြမ်းကို ၃ ကြိမ်၊ ဗုံး ၆ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇွန် ၁၀ ရက်နေ့ကလည်း မနက်ပိုင်းနဲ့ မွန်းလွဲပိုင်းမှာ မင်းတပ်မြို့ပေါ်ကို ဗုံး ၆ ကြိမ်ကြဲပြီး၊ ဇွန် ၉ ရက်မှာ ၆ ကြိမ်၊ ဇွန် ၈ ရက်မှာ ၁၂ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပါသေးတယ်။
အင်အား ၂၀၀၀ နီးပါး ပါဝင်တဲ့ စစ်တပ် စစ်ကြောင်းဟာ ကန်ပက်လက်၊ မင်းတပ်၊ ဆော၊ ကျောက်ထုမြို့နယ်ထဲကို စစ်ကြောင်းထိုး ဝင်ရောက်နေပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေသလို တော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့လည်း ထိခိုက်ကျဆုံးပြီး စစ်တပ် စစ်ကြောင်းဘက်ကတော့ ထိခိုက်သေဆုံးသူ အများအပြားနဲ့ အထိနာနေတယ်လို့လည်း ဆိုပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း တော်လှန်ရေးတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က “ကန်ပက်လက်နဲ့ မင်းတပ်ဘက်ကို စစ်အာဏာရှင်အဖွဲ့ဘက်က ဖြတ်လေးဖြတ် ဖြတ်ပြီး အခု လဆန်းပိုင်းကစပြီး လေကြောင်းတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတယ်။ မင်းတပ်မြို့ပေါ်မှာ တိုက်ပွဲဖြစ်နေတာ မရှိပေမဲ့ တခြားနေရာတွေမှာတော့ တိုက်ပွဲတွေရှိခဲ့တယ်။ ပြီးခဲ့တဲ့ရက်ကတော့ သူတို့ရဲ့အင်အား ၂,၀၀၀ လောက်ပါတဲ့ စစ်ကြောင်းကို အထိနာပြီး ရပ်တန့်သွားအောင် ဒီဘက်က ချင်းတောင်ပိုင်းတော်လှန်ရေးမဟာမိတ်တွေ ခုခံ တိုက်ခိုက်နိုင်ခဲ့ကြတယ်” လို့ DVB ကို ပြောပါတယ်။
အခုရက်ပိုင်း တိုက်ပွဲတွေရပ်တန့်ချိန်မှာ စစ်တပ်စစ်ကြောင်းဟာ စစ်သည်အင်အား ရိက္ခာနဲ့ ခဲယမ်းတွေကို လေကြောင်းကနေ ဖြည့်တင်းပို့ဆောင်ပေးနေတာကြောင့် စစ်ကြောင်းပြန်လည် လှုပ်ရှားလာနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင်ပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အချိန်နဲ့တပြေးညီ ထုတ်ပြန်ပေးနေတဲ့ လေကြောင်းအန္တရာယ် သတင်းတွေနဲ့ မြေပြင်စည်းကမ်းချက်တွေကို အလေးထား လိုက်နာပေးကြဖို့လည်း ချင်းပြည်နယ်တောင်ပိုင်း မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တိုက်တွန်းထားပါတယ်။










