DVB Logo
Home
မြန်မာသတင်း
သမ္မတရဲ့ နိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေ ထွက်ပေါ်မှ ဖွဲ့စည်းပုံပြင်ဖို့ လုပ်သင့်တယ်ဆိုတဲ့အပေါ် တိုင်းရင်းသားခေါင်းဆောင်တချို့ရဲ့ သဘောထား
DVB
·
June 1, 2014
သမ္မတရဲ့ နိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေ ထွက်ပေါ်မှ ဖွဲ့စည်းပုံပြင်ဖို့ လုပ်သင့်တယ်ဆိုတဲ့အပေါ် တိုင်းရင်းသားခေါင်းဆောင်တချို့ရဲ့ သဘောထား
Donate to DVB

သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေ ထွက်ပေါ်လာမှ ဖွဲ့စည်းပုံပြင်ဖို့ လုပ်သင့်တယ်ဆိုတဲ့ သဘောထားနဲ့ ပတ်သက်ပြီး တနိုင်ငံလုံး အပစ်ရပ်ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) က ဒေါက်တာ ဆလိုင်းလျန်မှုန်း ဆာခေါင်း က အခုလို ပြောပါတယ်။

[caption id="attachment_53000" align="alignright" width="300"]ဒေါက်တာ ဆလိုင်းလျန်မှုန်း ဒေါက်တာ ဆလိုင်းလျန်မှုန်း[/caption]

“အပစ်အခတ်ရပ်စဲရေးက နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ လုပ်မယ်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ကနေပြီးတော့ ကျနော်တို့ ပြည်ထောင်စု ညီလာခံ ခေါ်မယ်။ ပြည်ထောင်စု ညီလာခံခေါ်ပြီးရင် ပြည်ထောင်စု ညီလာခံမှာ ဆွေးနွေးပွဲရလဒ်ကို ပြည်ထောင်စုသဘောတူ စာချုပ်အဖြစ်နဲ့ လက်မှတ်ရေးထိုး ကြမယ်လို့ တောင်းဆိုထားတယ်။ တောင်းဆိုထားတဲ့ ပြည်ထောင်စု ညီလာခံ ကနေ ထွက်ပေါ်လာတဲ့ ပြည်ထောင်စု သဘောတူ စာချုပ်ဟာ အနာဂတ် ပြည်ထောင်စုကြီးကို ပြန်လည် တည်ဆောက်တဲ့နေရာမှာ၊ ဆိုလိုတာက နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြုပြင်ခြင်းသော်လည်းကောင်း၊ ရေးဆွဲခြင်းသော်လည်းကောင်း အဲဒီကိစ္စအားလုံးမှာ အခြေခံမူ ဖြစ်သင့်တယ်လို့ တင်ပြထားတာရှိတယ်။ ကျနော်တို့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေရဲ့ သြဇာ လွှမ်းမိုးမှုအပြင်ကနေ ဆွေးနွေးနေတဲ့ သူတွေဖြစ်တယ်။ လွှတ်တော်ပြင်ပမှာ ဆွေးနွေးဖို့ကိုလည်း တောင်းဆိုနေတဲ့ သူတွေလည်း ဖြစ်တယ်။ တွေ့ဆုံဆွေးနွေးပြီးတော့ ထွက်ပေါ်လာတဲ့ ရလဒ်ကို အခြေခံပြီး စံချိန်စံနှုန်းအနေနဲ့ ကိုင်ပြီးတော့မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်သင့်၏၊ သို့မဟုတ် အသစ်ရေးဆွဲသင့်၏ ဆိုတဲ့ ရလဒ် ထွက်ပေါ်လာမှာဖြစ်တယ်။ ယနေ့အနေအထားမှာ တော့ တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးစာချုပ်တောင် ချုပ်ဆိုလို့ မရသေးဘူး။ ချုပ်ဆိုပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲလုပ်မယ်။ ဆွေးနွေးပွဲ လုပ်ပြီးတော့ အဲဒီ ပြည်ထောင်စုညီလာခံ ကျင်းပမယ်ဆိုရင် အချိန်က အများကြီး ကြာမယ့်သဘော ရှိတယ်။

ယခု လက်ရှိ ပြည်တွင်းမှာ ဖြစ်နေတဲ့ ဒေါ်စုတို့ ၈၈ မျိုးဆက်တွေ ရင်ဆိုင်နေတဲ့ နိုင်ငံရေး ပြဿ နာကတော့ ခုနက ကျနော်တို့ ပြောနေတဲ့ ကျနော်တို့ တိုင်းရင်းသား ဘက်က ချည်းကပ်နေတဲ့ နိုင်ငံရေး ချည်းကပ်မှု အနေအထားချင်းလည်း တူချင်မှ တူမယ်။ ပြီးတော့ ရေခံမြေခံချင်းကလည်း တူချင်မှ တူမယ်။ အဲဒီ အတွက်ကြောင့် ပြည်တွင်း နိုင်ငံရေးသမားတွေက လတ်တလောမှာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကတော့ ဘာလုပ်မယ်ဆိုတာ သူတို့ အသိဆုံးပဲ ဖြစ်တယ်။ သူတို့ လုပ်တဲ့အတိုင်း ဆက်ပြီးတော့ လုပ်သွားဖို့ ကျနော်တို့က အားပေးမှာ ဖြစ်ပါတယ်။ ကျနော်တို့ကို စောင့်ပါလို့လည်း မပြောဘူး။ အနှစ် ၆၀ ကျော် ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံရေး အကျပ်အတည်းတွေ တိုင်းပြည်ရဲ့ အခက်အခဲတွေက အများကြီး ရှိတယ်။ အဲဒီအတွက်ကြောင့် ပြဿ နာကို နည်းလည်း တခုတည်းနဲ့ ဖြေရှင်းဖို့က မလွယ်ဘူး။ အဲဒီလို မလွယ်တဲ့အတွက် တိုင်းရင်းသားဘက်ကနေ တွေ့ဆုံ ဆွေးနွေးပွဲလုပ်ပြီးတော့မှ၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်ပြီးတော့ ဒီလို ပြည်ထောင်စုညီလာခံ ကျင်းပမယ်ဆိုတဲ့ နည်းလမ်းက နည်းလမ်းတခု ဖြစ်သလို၊ အခုလက်ရှိ ပြည်တွင်းကနေ လူထုလှုပ်ရှားမှုတွေ လုပ်နေတာလည်း အခြား နည်းလမ်းတခု ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ဒါတွေအားလုံးကတော့ တိုင်းပြည်ကောင်းကျိုး အတွက် တိုင်းပြည် အမြန်ဆုံး အသွင်ကူးပြောင်းနိုင်ဖို့အတွက် လုပ်နေကြတာဖြစ်တယ်လို့ အဲဒီလိုပဲ သုံးသပ်တယ်။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ရဲ့ တွဲဘက်အတွင်းရေးမှူး ဦးစိုင်းလိတ်ကိုလည်း သမ္မတ သဘောထားနဲ့ပတ်သက်ပြီး ကျနော်မေးကြည့်ထားပါတယ်။

“နိုင်ငံရေးဆွေးနွေးပွဲဆိုတာ အင်မတန်ကို အရေးကြီးတဲ့ ကိစ္စပေါ့။ နိုင်ငံရေးဆွေးနွေးပွဲ မရှိခဲ့လို့လဲ ကျနော်တို့ ပြင်ချင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကြီးကို စကားတောင် စပြောလို့ မရဘူး ဖြစ်သွားတာ။ ဒါပေမယ့် အဲဒီ နိုင်ငံရေးဆွေးနွေးပွဲအပေါ်မှာ ၂ ဖက်ပါဝင်ဆွေးနွေးကြတဲ့ ဘက် ၂ ဖက်က ပုဂ္ဂိုလ်တွေ ဘယ်လောက်အထိ ရိုးသားကြိုးစားပြီး ဘယ်လောက်အထိ အာသိသ ပြင်းပြတယ်ဆိုတာလည်း ထည့်ထွက်ဖို့လိုပါတယ်။ ဒါကြောင့်မို့ တဖက်မှာ လွှတ်တော်အတွင်း ပြင်တာလည်း မဆန့်ကျင်သလို၊ လွှတ်တော် ပြင်ပမှာ အဲဒီ နိုင်ငံရေးဆွေးနွေးပွဲကနေတဆင့် ထွက်ပေါ်လာမယ့် နိုင်ငံရေးသဘောတူညီချက် အဲဒီကနေတဆင့် ထွက်လာမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မျှော်လင့်တယ်။ အဲဒါဖြစ်မယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ ဒါပေမယ့် အချိန်ကာလတခုတော့ တိတိကျကျ ရှိဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။”

ဒါတွေကတော့ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေ ထွက်ပေါ်လာမှ ဖွဲ့စည်းပုံပြင်ဖို့ လုပ်သင့်တယ်ဆိုတဲ့ သဘောထားအပေါ် တိုင်းရင်းသားခေါင်းဆောင်တချို့ရဲ့ အမြင်တွေ တင်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013