DVB Logo
Home
မြန်မာသတင်း
ဇန်နဝါရီလအတွင်း စစ်တပ်က၁၃ ကြိမ်လေကြောင်းတိုက်ခိုက်၊ ပြည်သူ ၁၇ ဦးခန့် သေဆုံး
DVB
·
January 31, 2023
ဇန်နဝါရီလအတွင်း စစ်တပ်က၁၃ ကြိမ်လေကြောင်းတိုက်ခိုက်၊   ပြည်သူ ၁၇ ဦးခန့် သေဆုံး
Donate to DVB

ဇန်နဝါရီလအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ်ထက်မနည်းပြုလုပ်ခဲ့လို့ ပြည်သူ ၁၇ ဦးထက် မနည်းသေဆုံးခဲ့ကာ လေကြောင်းတိုက်ခိုက်မှုအများစုဟာ စစ်ဘက်နဲ့ မသက်ဆိုင်တဲ့ အရပ်သားပစ်မှတ်တွေဖြစ်ပြီး သေဆုံးသူအများစုကလည်း အရပ်သားတွေ ဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် ပြင်းထန်ခဲ့တဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ကြောင့် စစ်ကောင်စီမြေပြင်တပ်တွေ အထိနာခဲ့ပါတယ်။ တဆက်တည်းမှာပဲ အုပ်ချုပ်ရေးယန္တရား ပျက်ယွင်းတာ၊ နယ်မြေမစိုးမိုးနိုင်တာ၊ အသေအပျောက်များတာ၊ မြေပြင်တပ်တွေအလုပ်မဖြစ်တော့တာကြောင့် စစ်ကောင်စီက လေကြောင်းကိုသာ အဓိက အားပြုပြီး တိုက်ခိုက်မှုတွေ အဆက်မပြတ်ပြုလုပ်နေတာပါ။

အာဏာသိမ်းနှစ်နှစ်အတွင်း စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုပေါင်း ၃၀၀ ဝန်းကျင် ပြုလုပ်ခဲ့ပြီး ခု ၂၀၂၃ ခုနှစ် နှစ်စ ဇန်နဝါရီလအတွင်းမှာတင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ၁၃ ကြိမ်ထက်မနည်းရှိခဲ့တာပါ။ ဒါဟာ ဒီဗွီဘီက စုဆောင်းရရှိထားတဲ့ စာရင်းအချက်အလက်သာဖြစ်ပြီး မြေပြင်မှာ ဒီထက်ပိုများပြားနိုင်ပါတယ်။

ဇန်နဝါရီ ၁၀ ရက်က ဖြစ်ခဲ့တဲ့ ချင်းအမျိုးသားတပ်ဦး CNF ဌာချုပ် လေကြောင်းတိုက်ခိုက်ခံရမှုမှာတော့ ဂျက်တိုက်လေယာဉ် ၅ စင်းအသုံးပြု ပစ်ခတ်မှုကြောင် CNF တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့သလို နောက်ရက်မှာလည်း လေကြောင်းကနေထပ်မံ တိုက်ခိုက်ခံခဲ့ရပါသေးတယ်။

CNF ပြောခွင့်ရကတော့ စစ်ကောင်စီအမြစ်ပြတ်တဲ့အထိ ပြည်သူနဲ့အတူ တုံ့ပြန်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

အလားတူ ဇန်နဝါရီ ၁၀ ရက်နေ့မှာပဲ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခန်ရွာအနီး KIA ထိန်းချုပ်ရာဒေသမှာလည်း တိုက်လေယာဉ်နှစ်စီးနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။ ဒီဖြစ်စဉ်မှာတော့ ထိခိုက်ဒဏ်ရာရရှိမှုရှိ၊ မရှိ မသိရပါဘူး။

ဇန်နဝါရီ ၁၂ ရက်မှာတော့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်၊ လေးဝါးရွာမှာရှိတဲ့ ခရစ်ယာန်ဘုရားကျောင်းကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တစ်ဦး၊ ခရစ်ယာန်ဓမ္မဆရာနှစ်ဦးအပါအဝင် စုစုပေါင်း ၅ ဦးသေဆုံးခဲ့ပါတယ်။

ဇန်နဝါရီ ၁၈ ရက်မှာတော့ စစ်ကိုင်းတိုင်း ကသာမြို့နယ်၊ မိုးတာရွာနဲ့တိုက်ကုန်းကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၆ ဦး လက်နက်ကြီး ထိမှန်မီးလောင်သေဆုံးခဲ့သလို ၃၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ ကသာမြို့ပေါ်တစ်ခုတည်းကိုသာ ထိန်းချုပ်ထားနိုင်တာဖြစ်တာကြောင့် ရွေးကောက်ပွဲနီးလာချိန်မှာ နယ်မြေထိန်းချုပ်နိုင်ဖို့အတွက် စစ်ကြောင်းထိုးတာ လေကြောင်းတိုက်တာတွေကို လှည့်ပတ်လုပ်နေတာလို့ ကသာပအဖဘက်က ပြောပါတယ်။

နောက်တစ်ရက် ဇန်နဝါရီ ၁၉ ရက်နေ့မှာတော့ စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျောက်သာပြင်ကျေးရွာကို လေကြောင်းကနေ နှစ်ကြိမ် တိုက်ခိုက်ခဲ့ရာမှဦ လူသေဆုံးမှုမရှိပေမဲ့ ဘုန်းကြီးကျောင်းဓမ္မရုံတစ်လုံး ပျက်စီးခဲ့ပါတယ်။

ဇန်နဝါရီ ၂၀ ရက်မှာလည်း စစ်ကောင်စီက မိုးကုတ်မြို့နယ်မှာရှိတဲ့ NUG ရဲ့ တပ်ရင်း (၁၂၂၂) ရှေ့တန်းစခန်းတစ်ခုကို လေကြောင်းတိုက်ခိုက်မှုလုပ်ခဲ့ပါသေးတယ်။

ဇန်နဝါရီ ၂၁ ရက်မှာတော့ မကွေးတိုင်း မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာအနီးမှာရှိတဲ့ NUG ဆေးရုံကို လာရောက်ပစ်ခတ်ခဲ့တာကြောင့် သက်ကြီးရွယ်အိုတယောက် သေဆုံးခဲ့သလို ဒဏ်ရာရရှိသူတွေလည်း ရှိခဲ့ပါတယ်။ စစ်ကောင်စီအနေနဲ့ အခုလိုမျိုး အရပ်သားတွေကို ပစ်မှတ်ထားတာတွေဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

တရက်တည်းမှာဘဲ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်မှာရှိတဲ့ အန်စီအေအပစ်ရပ် လက်မှတ်ထိုးအဖွဲ့ DKBA ရဲ့အမှတ် ၂ စစ်ကွပ်ကဲရေး နည်းဗျူဟာမှူးဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်ကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါသေးတယ်။

ဇန်နဝါရီ ၂၃ ရက်မှာတော့ စစ်ကောင်စီက စစ်ရှောင်တွေအများအပြားရှိတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်၊ ပထွီကျေးရွာကို လေကြောင်းကနေ နှစ်ကြိမ်တိုက်ခိုက်ခဲ့ပြီး ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်တွေ ပျက်စီးခဲ့ပါတယ်။

ဇန်နဝါရီ ၂၇ ရက်မှာလည်း  စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျောက်သာပြင် တိုက်နယ်၊ ကုက္ကိုလ် ကုန်းရွာကို ဂျက်ဖိုက်တာတွေနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောခွင့်ရ ကတော့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုရဲ့ ၈၀ ရာခိုင်နှုန်းကျော်ဟာ အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက် ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီဘက်က လေကြောင်းအင်အားကို ဖြည့်တင်းနေလို့ ဒီနှစ်အတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ပိုမြင့်လာနိုင်ပြီး ဒီအတွက် စစ်ကောင်စီအနေနဲ့ ပြန်လည် ပေးဆပ်ရမယ်လို့ ဦးကျော်ဇော်ကပြောပါတယ်။။ စစ်ကောင်စီလေကြောင်းရန်ကနေ ကာကွယ်နိုင်ဖို့အတွက်လည်း  အတတ်နိုင်ဆုံး ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှုတွေအပြင် လူနေအိမ်တွေ၊ ဘာသာရေးအဆောက်အဉီတွေ၊ ကျေးရွာတွေ ပျက်စီး ဆုံးရှုံးမှု အများအပြားရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အချက်အလက်တွေအရတော့ အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၄၆ဝ ကျော်ရှိတယ်လို့ ဆိုပါတယ်။ 

Photo-UKSY

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013