DVB Logo
Home
နိုင်ငံတကာ
ထိုင်းတွင် ဆီပြဿနာကြောင့် လူနာတင်ယာဉ်များနှင့် အရေးပေါ်ကားများ အခက်ကြုံ
DVB
·
March 21, 2026
Photo: RSK Rescue Thailand First Response
Photo: RSK Rescue Thailand First Response
Donate to DVB

ထိုင်းနိုင်ငံ ခရိုင် ၃၉ ခုမှာ စက်သုံးဆီပြတ်လပ်မှုကြောင့် အရေးပေါ်လူနာတင်ယာဉ်တွေ အခက်ကြုံ နေကြရတဲ့အကြောင်း The Nation Thailand သတင်းမှာ မတ် ၁၉ ရက်က ဖော်ပြပါတယ်။ 

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကတော့ စက်သုံးဆီရရှိမှု ခက်ခဲလာတာကြောင့် လူနာတင် ယာဉ်တွေနဲ့ ကယ်ဆယ်ရေးယာဉ်တွေကို ဦးစားပေးဖို့ ညွှန်ကြားထားပြီး နိုင်ငံတဝန်းခရိုင်တွေထဲ ကာလာစင်ခရိုင်က အခြေအနေအဆိုးဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အရေးပေါ်လူနာတင်ယာဉ်တွေ အသက်ကယ်ဆယ်ရေးလုပ်ငန်းတွေ မပြတ်တောက်စေဖို့ စက်သုံးဆီဆိုင်တွေမှာ အဆိုပါယာဉ်တွေကို ဦးစားပေးအဆင့် သတ်မှတ် ပြီးတော့ ဆီဖြည့်ပေးဖို့ တိုက်တွန်းထားသလို ဆေးရုံတွေအနေနဲ့လည်း အနည်းဆုံး ၁ ရက်ကနေ ၂ ရက်စာ စက်သုံးဆီ အရန်သင့်ရှိနေစေဖို့ စီမံထားရမှာဖြစ်ကာ ဆီဆိုင်တွေနဲ့ ကြိုတင်ညှိနှိုင်းထားဖို့ ညွှန်ကြားထားပါတယ်။

အရှေ့အလယ်ပိုင်းဒေသ စစ်ပွဲတွေကြောင့် လောင်စာဆီ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေ ပြတ်တောက်သွားတာ၊ ပြည်သူတွေက ဆီပြတ်မှာ စိုးရိမ်ပြီး အလုအယက် ဝယ်ယူစုဆောင်းတာ တွေကြောင့် လောင်စာဆီပြတ်နေတာဖြစ်ပြီး ထိုင်းအစိုးရကတော့ ဆီလုံလောက်မှု ရှိပေမဲ့ ဆီဆိုင် တွေဆီ ရောက်ရှိဖို့ သယ်ယူပို့ဆောင်ဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ခရိုင်အလိုက် ထိခိုက်မှုအဆင့်တွေမှာတော့ ကာလာစင်ခရိုင်က အလွန်ပြင်းထန်အဆင့် ၄ အထိ ရောက်ရှိခဲ့ပြီး တချို့ဒေသတွေမှာ လူနာတင်ယာဉ်တွေ လုံးဝမောင်းနှင်မရတော့ဘဲ အနီးအနား တခြားယူနစ်တွေကို အကူအညီတောင်းနေရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဆောင်ခလာနဲ့ နောင်ဘွားလမ်ဖူခရိုင်တွေကတော့ ပြင်းထန်အဆင့် ၃ မှာ ရှိနေပြီး  ဆီရရှိရေး တခြား ဒေသတွေအထိ သွားရောက်နေရတာကြောင့် လူနာဆီရောက်ရှိဖို့ ကြန့်ကြာမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အလယ်အလတ်အဆင့် ၂ မှာတော့ နခွန်ပထုံ၊ ဘူရီရမ်၊ ပထုံသာနီတို့အပါအဝင် ၁၄ ခရိုင်ပါဝင်နေပြီး အရင်းအမြစ်တွေကို အထူးစီမံခန့်ခွဲနေရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

အနည်းငယ် သက်ရောက်မှုရှိတဲ့ ခရိုင် ၂၂ ခုရှိနေပြီး အဲဒီထဲမှာ ချင်းရိုင်၊ ချင်းမိုင်၊ ရယောင်း၊ စမွတ်စာခွန်စတဲ့ခရိုင်တွေပါဝင်နေပြီး စီမံခန့်ခွဲနိုင်ဆဲဖြစ်တယ်လို့ ဆို ပါတယ်။

မြို့တော်ဘန်ကောက်အပါအဝင် ကျန်ခရိုင် ၃၁ ခုမှာတော့ သက်ရောက်မှု မရှိဘူးလို့ သတင်းမှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ အရေးပေါ်စီမံချက်အနေနဲ့ ထိုင်းနိုင်ငံ အမျိုးသားအရေးပေါ် ဆေးဘက်ဆိုင်ရာဌာန (NIEM)က စက်သုံးဆီဆိုင်တိုင်း အရေးပေါ်ယာဉ်တွေအတွက် နည်းဆုံး ဆီလီတာ ၁၀၀ အရန်ချန် ထားပေးဖို၊ ကျေးရွာ/တိုက်နယ်အဆင့် ဆီဆိုင်တွေမှာ လီတာ ၅၀ ကနေ ၁၀၀ အထိ အမြဲ အရန် ရှိနေစေဖို့ ညွှန်ကြားထားပါတယ်။

ထိုင်းတနိုင်ငံလုံးမှာတော့ အရေးပေါ်ယာဉ်ပေါင်း ၁၄,၂၁၃ စီးရှိပြီး တရက်ကို စက်သုံးဆီစုစုပေါင်း ၇၁ ဒသမ ၀၆၅ လီတာလောက် လိုအပ်ကြောင်း ခန့်မှန်းထားပါတယ်။

Source: The Nation Thailand

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013