DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေ ထွက်ပေါ်မှ ဖွဲ့စည်းပုံပြင်သင့်ဟု သမ္မတပြော
DVB
·
May 31, 2014
နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်တွေ ထွက်ပေါ်မှ ဖွဲ့စည်းပုံပြင်သင့်ဟု သမ္မတပြော
Donate to DVB

သမ္မတဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ရလာဒ်တွေ ထွက်ပေါ်လာမှ ဖွဲ့စည်းပုံပြင်ဖို့ လုပ်သင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

u thein seinမေလ ၃၁ ရက် သူ့ရဲ့ လစဉ် တိုင်းပြည်ကိုပြောကြားတဲ့ ရေဒီယိုမိန့်ခွန်းမှာ အခုလို ပြောကြား လိုက်တာဖြစ်ပါတယ်။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဆက်လျဉ်းပြီး ကျနော့်ရဲ့ သဘောထား ရပ်တည်ချက်ကို ထပ်လောင်းပြောကြားလိုပါတယ်။ ပထမအချက်ကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အခြေပြုတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် မဖြစ်မနေ ပြုလုပ်ရမယ့် နိုင်ငံရေး ဆွေးနွေးပွဲများမှ ပေါ်ပေါက်လာသော သဘောတူညီချက်များကို မူတည်ပြီး လိုအပ်သလို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ ဖြည့်စွက် ရေးသားခြင်းများ ပြုလုပ်သင့်ပါတယ်။”

ဒုတိယအချက်အနေနဲ့ နိုင်ငံရေးတွင် ပါဝင်ပတ်သက်သူ အားလုံးရဲ့ အမျှော်အမြင်ကြီးမှု၊ ဉာဏ်ပညာကြွယ်ဝမှုနှင့် စိတ်ရင်း စေတနာ မှန်ကန်မှုတို့နဲ့သာ ပြင်ဆင်သင့်တယ်။

တတိယအချက်အနေနဲ့ မည်သည့်နိုင်ငံသား၊ တိုင်းရင်းသား တဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်အား ကန့်သတ်တားမြစ်ထားခြင်းမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေး စေတနာရှိသလို တဖက်တွင်လည်း မိမိတို့ အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်သော အကာအကွယ်ပေးနိုင်တဲ့ အခြေခံများရှိရန် လိုအပ်တယ်လို့ ထည့်သွင်း ပြောကြားခဲ့တာပါ။

သမ္မတရဲ့ ဖွဲ့စည်းပုံပြင်ရေး သဘောထား ပထမအချက်နဲ့ ပတ်သက်ပြီး ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုဂျင်မီက သမ္မတစကားဟာ လက်တွေ့မကျဘူးလို့ သုံးသပ်ပြောဆိုပါတယ်။

“ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုတာက Process လေဗျာ။ နှစ်အပိုင်းအခြားအလိုက် ပြီးရမယ့် ကိစ္စက ပြီးမယ်။ မပြီးသေးတဲ့ ကိစ္စကို ဆက်ဆွေးနွေးရမယ်။ အဲဒီတော့ ၁ နှစ် ၂ နှစ်နဲ့ ပြီးမယ့်ဟာတွေလည်း ရှိဦးမှာပေါ့။ မပြီးတာတွေလည်း ကျန်နေဦးမှာပေါ့။ နောက် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးဆိုတာလည်း Process တမျိုးပဲဗျ။ ကျနော်တို့က အခုအချိန်မှာ ပြင်လို့ရတဲ့ ကိစ္စတွေ ပြင်ရမှာပေါ့ဗျာ။ ကျနော်တို့ပြောနေတာ ရှင်းရှင်းလေး ပုဒ်မ ၄၃၆ ကို ပြင်ရဆင်ရ လွယ်ကူအောင် လုပ်ပေး။ နောင်လာနောင်သားတွေက အလွယ်တကူ ပြင်ချင်တယ်ဆိုရင် ပြင်လို့ရအောင် လုပ်ပေး။ အဓိက ပြောနေကြတာ ဒီကိစ္စပဲ။ အဲဒီတော့ သမ္မတ ပြောတဲ့ ငြိမ်းချမ်းရေး Process ပြီးမှဆိုရင် ဒါ လက်တွေ့မကျဘူး။ အခုအချိန်မှာ ပြင်လို့ရတာ ပြင်ထားမယ်၊ ငြိမ်းချမ်းရေး Process တခုပြီးတိုင်း လိုအပ်တဲ့ဟာတွေ ဆက်ပြင်မယ်။ ဒီလိုသွားမှ ရမှာပေါ့။”

သမ္မတရဲ့ ဒီတကြိမ်ရေဒီယိုမိန့်ခွန်းထဲမှာ မြန်မာအာဆီယံဥက္ကဋ္ဌကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စနဲ့ ရန်ကုန်-မန္တလေး အမြန်လမ်းမှာ လူသေဆုံးမှုတွေအတွက် ၀မ်းနည်းမိကြောင်းတွေ ပါဝင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ တို့ ပူးပေါင်းပြီး ဖွဲ့စည်းပုံ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလှုပ်ရှားမှုတွေ အရှိန်အဟုန်နဲ့ ပြုလုပ်နေတုန်း သမ္မတရဲ့ ဖွဲ့စည်းပုံပြင်ရေးသဘောထား ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013