DVB Logo
Home
မြန်မာသတင်း
ထိုင်းတွင် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးမည့် စီမံချက် မြန်မာများအပေါ် ထိခိုက်နိုင်မလား
မောရစ်
·
May 13, 2026
ထိုင်းတွင် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးမည့် စီမံချက် မြန်မာများအပေါ် ထိခိုက်နိုင်မလား
Donate to DVB

ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ရဲချုပ်ကြီး ကစ်သီရတ် ဖန်းဖိတ်က ထိုင်းနိုင်ငံတဝန်းမှာရှိတဲ့ တရားမဝင် နေထိုင်သူတွေနဲ့ နိုင်ငံတကာဖြတ်ကျော် ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့ စီမံချက် ၃ ရပ်ကို မေ ၁၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီစီမံချက်မှာ နိုင်ငံခြားသားတွေရဲ့ ဥပဒေချိုးဖောက်မှုမှာ ပါဝင်ကူညီပတ်သက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အစိုးရဝန်ထမ်းတွေကိုပါ ရာဇဝတ်မှုဥပဒေနဲ့ ချက်ချင်းအရေးယူဖို့ ရဲချုပ်ကြီးက တင်းကျပ်စွာ အမိန့်ပေးထားတာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်ပွဲတွေကြောင့် ထိုင်းဘက်ကို ခိုလှုံလာသူ ပိုများနေချိန်မှာ အခုလို တင်းကျပ်တဲ့ နှိမ်နင်းရေးတွေ ထွက်ပေါ်လာတာဟာ ရွှေ့ပြောင်းမြန်မာလုပ်သားတွေအတွက် အကျပ်အတည်းတခု ဖြစ်လာနိုင်တယ်လို့ အလုပ်သမားအရေး ကူညီနေသူတွေက ထောက်ပြပါတယ်။

အထူးသဖြင့် မြန်မာအယောင်ဆောင်ထားတဲ့ တရုတ် ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းဖို့ ကြိုးစားရာကနေ မြန်မာလုပ်သားတွေပါ မြေစာပင် ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

မြန်မာလုပ်သားအရေး ကူညီနေသူတယောက်က “အဲဒီ ကျားဖြန့်က တရုတ်တွေ ဒီ မြန်မာမှတ်ပုံတင်အတုတွေနဲ့ ထိုင်းကို လာပြီးတော့မှ ကျားဖြန့်ပုံစံနဲ့ ရှင်သန်နေတာ ပိုများလာတယ်။ အဲဒါကြောင့် ပိုတင်းကျပ်လာတာလို့ ကျနော်တို့ သိရှိထားတာ” လို့ ပြောပါတယ်။

ဒါ့အပြင် နယ်စပ်ဖြတ်ကျော်လာပြီးနောက် လုပ်ငန်းခွင်ထဲကို မရောက်ရှိဘဲ တရားမဝင် နေထိုင်နေတဲ့ စာရင်းဇယားတွေ ရှိနေတာကလည်း အခုစီမံချက် ပေါ်ပေါက်လာရတဲ့ အကြောင်းရင်းတခု ဖြစ်တယ်လို့ မြန်မာအလုပ်သမားရေး ကူညီနေသူတွေက သုံးသပ်ပါတယ်။

မြန်မာလုပ်သားအရေး ကူညီနေသူက “ဒီမှာ တရားမဝင်တဲ့ မြန်မာနိုင်ငံသားတွေလည်း တော်တော်များများ ရှိနေတဲ့အခါကျတော့ ဒီအထောက်အထား မပြည့်စုံတဲ့သူတွေ ဆိုရင်တော့ ဖမ်းပြီး ပြန်ပို့မယ်။ သူက ပြန်ပို့ပြီးမှပဲ ဒီနယ်စပ်ဒေသကနေ တခါ ပြန်ဝင်လာနိုင်တဲ့ လမ်းကြောင်းတွေလည်း သူတို့က ပိုပြီးတော့ တင်းကျပ်တဲ့သဘော ရှိတယ်။ ဒါပေမဲ့ သေချာတာက ပြန်ပို့နေပြီဆိုတဲ့ဟာတော့ ကြားနေရတာပေါ့။ အထူးသဖြင့် မယ်ဆိုင်-တာချီလိတ်ဘက်မှာ ဆိုရင်တော့ ဒီတပတ်အထဲမှာတင် ပြန်ပို့တဲ့သူ လေး ငါးရာလောက် ရှိနေပြီလို့ တာချီလိတ်ကနေ ပြန်ပို့ခံရတဲ့ အလုပ်သမားတွေက ပြောတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၁၁ ရက်ကလည်း ချင်းရိုင်ခရိုင်၊ ပါအောဒွန်းချိုင်ရပ်ကွက်က နေအိမ်တလုံးမှာ ခိုအောင်းနေတဲ့ မြန်မာနိုင်ငံသား ၃၆ ယောက်ကို ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေကို မေ ၁၂ ရက်နေ့မှာပဲ မယ်ဆိုင်မြို့၊ အမှတ် ၁ ချစ်ကြည်ရေးတံတားကတဆင့် မြန်မာနိုင်ငံဘက်ကို ပြန်လည်ပို့ဆောင်ခံခဲ့ရပြီး အခုလို ဖမ်းဆီးခံရသူတွေဟာ ဘန်ကောက်နဲ့ အနီးတဝိုက် ခရိုင်တွေကို သွားရောက်အလုပ်လုပ်ကိုင်ဖို့ လာရောက်ကြသူတွေဖြစ်တယ်လို့ မယ်ဆိုင်သတင်းတွေမှာ ဖော်ပြထားပါတယ်။

မေ ၁၂ ရက် တရက်တည်းပဲ ချင်းမိုင်တက္ကသိုလ်အနီးမှာ မြန်မာနိုင်ငံသားတယောက်က မျက်မှန်အရောင်းဆိုင် ဖွင့်လှစ်ထားကြောင်း ခရီးသွားရဲတပ်ဖွဲ့ထံ တိုင်ကြားစာ ရောက်ရှိလာရာကနေ တဆင့် ဝင်ရောက်စစ်ဆေးခဲ့ရာ တရားမဝင် မြန်မာနိုင်ငံသား အလုပ်သမား ၅ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။

ထိုင်းတောင်ဘက် ရနောင်းမှာ ဝန်ကြီးချုပ်ကိုယ်တိုင် ဂိုဒေါင်စီးနင်းသလို မြောက်ဘက် ချင်းရိုင်မှာလည်း လူဝင်မှုကြီးကြပ်ရေးက တိုက်ခန်းတွေကို စီးနင်းနေတာဟာ ထိုင်းတနိုင်ငံလုံး အတိုင်းအတာနဲ့ အချိတ်အဆက်မိမိ လုပ်ဆောင်နေတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

မြန်မာရွှေ့ပြောင်းအလုပ်သမားတယောက်က “ထိုင်းအစိုးရကို တောင်းဆိုချင်တာကတော့ ကျနော်တို့က ဒီကို ဒုစရိုက်လုပ်ဖို့ လာတာမဟုတ်ပါဘူး။ အလုပ်လုပ်ပြီး ကိုယ့်မိသားစုကို ကျွေးချင်လို့ လာကြတာပါ။ တရုတ်ကျားဖြန့်တွေ၊ ဒုစရိုက်သမားတွေကို နှိမ်နင်းတာကို လက်ခံပါတယ်။ ဒါပေမဲ့ တကယ့်အခြေခံအလုပ်သမားတွေကိုတော့ သက်ညှာပေးစေချင်တယ်။ အထောက်အထားတွေ အလွယ်တကူ လုပ်လို့ရအောင် လမ်းဖွင့်ပေးရင် ကျနော်တို့လည်း တရားဝင် နေချင်တဲ့သူတွေချည်းပါပဲ။ ဟိုဘက်ကမ်း ပြန်ပို့တာကတော့ ကျနော်တို့ကို သေတွင်းထဲပို့တာနဲ့ အတူတူပဲ” လို့ ပြောပါတယ်။

အခုဖမ်းဆီးမှုတွေဟာ ထိုင်းရဲတပ်ဖွဲ့က စနစ်တကျ ရေးဆွဲထားတဲ့ အဆင့် ၃ ဆင့်ပါ စီမံချက်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့အတွက် ရှေ့လာမဲ့ ၃ လအတွင်းမှာ အခုထက်ပိုပြီး တင်းကျပ်တဲ့ စစ်ဆေးမှုတွေ၊ ဖမ်းဆီးမှုတွေ ထိုင်းနိုင်ငံအနှံ့မှာ ဆက်တိုက်ရှိလာဦးမှာ ဖြစ်တယ်လို့ မြန်မာအလုပ်သမားအရေး ကူညီနေသူတွေက ဆိုပါတယ်။

ဒါကြောင့် ထိုင်းမှာရှိနေတဲ့ မြန်မာတွေအနေနဲ့ အထောက်အထားမစုံရင် အပြင်ထွက်တာမျိုးကို တတ်နိုင်သမျှ ရှောင်ကြဉ်ကြဖို့နဲ့ မိမိတို့ရဲ့ ဗီဇာ၊ Work Permit သက်တမ်းတွေကို အမြဲတမ်း ဆောင်ထားကြဖို့ မြန်မာအလုပ်သမားရေး ကူညီနေသူတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013