DVB Logo
Home
မြန်မာသတင်း
ပါတီမှတ်ပုံပြန်တင်ရန် ဘယ်လိုမှမဖြစ်နိုင်ဟု NLD ဗဟိုအလုပ်ကော်မတီပြော
DVB
·
January 27, 2023
ပါတီမှတ်ပုံပြန်တင်ရန် ဘယ်လိုမှမဖြစ်နိုင်ဟု NLD ဗဟိုအလုပ်ကော်မတီပြော
Donate to DVB

စစ်ကောင်စီက အသစ်ပြဋ္ဌာန်းလိုက်တဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေသစ်အတိုင်း ပါတီကို မှတ်ပုံပြန်တင်ဖို့ဆိုတာ လက်ရှိအခြေအနေမှာ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီက ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီထုတ်ပြန်လိုက်တဲ့ ဥပဒေသစ်ပါ သတ်မှတ်ချက်တွေဟာ ပြိုင်ဘက်ပါတီတွေကို ချိုးနှိမ်တာဖြစ်ပြီး ဘယ်တိုင်းရင်းသားပါတီမှ သူတို့သတ်မှတ်ချက်အတိုင်းဆောင်ရွက်နိုင်မှာ မဟုတ်ဘူးလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ခေါင်းဆောင်ကလည်း သုံးသပ် ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်ကို ဇန်နဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး လက်ရှိတည်ဆဲပါတီအားလုံး လာမယ့် ရက်ပေါင်း ၆၀ အတွင်းမှာ မှတ်ပုံပြန်တင်ဖို့နဲ့ မှတ်ပုံပြန်မတင်ရင် အလိုအလျောက်ပါတီအဖြစ်ကနေ ဖျက်သိမ်းပြီးသားဖြစ်မယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုအဆင့်ပါတီတွေဟာ သူတို့မှတ်ပုံတင်ခွင့်ပြုတဲ့နေကစပြီး ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး ၁ သိန်းအထိစည်းရုံးဖို့၊ ၆လအတွင်းမှာ နိုင်ငံတဝန်းမြို့နယ်ပေါင်းထက်ဝက်ဖြစ်တဲ့  ၁၅၀ မှာ ရုံးခန်းတွေဖွင့်ဖို့နဲ့ မြန်မာ့စီးပွားရေးဘဏ်မှာ ပါတီရန်ပုံငွေ ငွေကျပ်သိန်း ၁၀၀၀၀ ငွေစာရင်းဖွင့်ဖို့ စတဲ့အချက်တွေ သတ်မှတ်ခဲ့ပါတယ်။

အာဏာစသိမ်းကတည်းက ဥပဒေချိုးဖောက်ခဲ့တဲ့ စစ်ကောင်စီရဲ့ သတ်မှတ်ချက်တွေ လုပ်ငန်းစဉ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနဲ့ လုံးဝပါဝင် ဆောင်ရွက်မှာမဟုတ်ဘူးလို့ ပါတီဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ဒီဗွီဘီကို ပြောပါတယ်။

"မလွယ်ကူအောင် ကုပ်ချိုးထားပြီးတော့ ပါတီသစ်တွေထောင်ဖို့မပြောနဲ့ ရှိပြီးသားပါတီတွေတောင် အကျုံးမဝင်နိုင်အောင် တင်းကျပ်ထားတာတွေ့ရတယ်။ သူတို့ကိုထောက်ခံမယ့် ကြံ့ခိုင်ရေးပါတီတစ်ခုတည်း ကျန်နေအောင်လုပ်ထားတာ ထင်ရှားနေတာမြင်ရပါတယ်။ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ အနေနဲ့ပြောရရင် စစ်ကောင်စီရဲ့ အာဏာသိမ်းမှုဟာ အဲ့ဒီကာလ တည်ဆဲဥပဒေကို ဗြောင်ကျကျချိုးဖောက်ထားတာမို့လို့ သူတို့ရဲ့ဆောင်ရွက်ချက်တွေက ဘာတခုမှ တရားမဝင်ဘူး။ ဒါကြောင့်မို့ လိုက်နာဖို့ အစီအစဉ်မရှိပါဘူး။ ပြည်သူလူထုတရပ်လုံးကလည်း လက်မခံပါဘူးဗျ။ ပါတီထိပ်ပိုင်းခေါင်းဆောင်တွေကို မတရားဖမ်းဆီးထားပြီး ပါတီရုံးတွေကို ဝင်ရောက်ဖျက်ဆီး စာရွက်စာတမ်းတွေနဲ့ ရုံးပိုင်ပစ္စည်းတွေကိုခိုးယူတယ်။ ပါတီအမှုဆောင်နဲ့ပါတီဝင်တွေကိုလည်း ဖမ်းဆီးသတ်ဖြတ်ထားပြီးတော့ မိမိနေရပ်မှာမနေနိုင်အောင်လုပ်ထားတဲ့အခြေအနေတွေမှာ သူတို့သတ်မှတ်ချက်တွေအတိုင်း ပါတီမှတ်ပုံပြန်တင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အဲ့ဒီရွေးကောက်ပွဲဆိုတာကလည်း ဖြစ်လာစရာဘာအကြောင်းမှမမြင်ပါဘူး။"

စစ်ကောင်စီရဲ့ ဥပဒေသစ်အရ တိုင်းနဲ့ပြည်နယ်တစ်ခုတည်းမှာသာ စည်းရုံးဆောင်ရွက်မယ့် ပါတီတွေကတော့ ရက်ပေါင်း ၉၀ အတွင်း ပါတီဝင်ဦးရေ ၁၀၀၀ စုဆောင်းရမှာဖြစ်ပါတယ်။

တိုင်းနဲ့ပြည်နယ်အဆင့်ပါတီတွေကတော့ အနည်းဆုံး ၅ မြို့နယ်မှာ ပါတီရုံးခန်းတွေ ဖွင့်လှစ်ရမှာဖြစ်ပြီး သူတို့သတ်မှတ်ချက်တွေကို မလိုက်နာနိုင်တဲ့ပါတီတွေကို ဖျက်သိမ်းသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး    ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ  ဦးစိုင်းညွန့်လွင်က "အဲ့ဒီအချက်အလက်တွေက ပါတီတခုအနေနဲ့ အထူးသဖြင့် ကျနော်တို့တိုင်းရင်းသားပါတီတွေအနေနဲ့ ပြည့်စုံဖို့မလွယ်ဘူး။ တိုင်းရင်းသားဘယ်ပါတီမှ မြို့နယ် ၁၅၀ မှမရှိဘဲ။ ရှမ်းပြည်လိုအကြီးဆုံးပြည်နယ်တောင်မှ ၅၅ မြို့နယ်လောက်ပဲရှိတာ။ အဲ့ဒါဆို ကျနော်ထင်တယ် ပြည်ခိုင်ဖြိုးပဲကျန်ခဲ့မှာပါ။ ခုလက်ရှိအခြေအနေအတိုင်းဆို NLD တောင်မှ ပြည့်ဖို့မလွယ်ဘူး ကျနော်ထင်တယ်။ ပြိုင်တာမပြိုင်တာတော့ ကျနော်မသိဘူးလေ ခုနက သတ်မှတ်ချက်တွေအရဆိုရင်တော့ ပြည်ခိုင်ဖြိုးပဲကျန်ဖို့ရှိတယ်။ NLD လည်း ရုံးမှမဖွင့်နိုင်ပဲ။ သူတို့ ဥက္ကဋ္ဌကလည်းထောင်ထဲမှာရှိနေတယ်လေနော့။ တစညတို့တောင်မှ သိပ်မထင်ဘူး။ သိတော့ မသိဘူးလေ။ ပြောလို့တော့မရဘူးပေါ့။ ပါတီအသစ်ထောင်တဲ့သူတွေလည်း ပေါ်ရင်ပေါ်လာမှာပေါ့။ ဒါပေမဲ့ ဒီ ၅ လ ၆ လ အတွင်းမှာ လူတစ်သိန်းစုဖို့ရယ်၊ ပါတီရုံး ၁၅၀ ဖွင့်ဖို့ရယ်ဆိုတာကတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူက ဒီအချိန်မှာ ပါတီစုံဒီမိုကရေစီစနစ်ကို ထွန်းကားအောင် အားပေး ဖို့လိုတဲ့အချိန်မှာ တခြားမဖြစ်နိုင်တဲ့ကိစ္စတွေကို အချက်အလက်တွေနဲ့ လုပ်လိုက်တော့ ပြိုင်ဘက်တွေကို ချိုးနှိမ်လိုက်တာပေါ့ဗျာ။ ခုနက ကျနော်ပြောသလိုပေါ့ ပြိုင်ဘက်က ခပ်ညံ့ညံ့ပြိုင်ဘက်ပဲ ကျန်ခဲ့မယ်။"

စစ်ကောင်စီရဲ့နိုင်ငံရေးပါတီဆိုင်ရာ သတ်မှတ်ချက်အသစ်တွေနဲ့ပတ်သက်ပြီး စစ်အာဏာသိမ်းပြီး နောက်ပိုင်း ပြည်သူ့ဘက်က မရပ်တည်ခဲ့ဘဲ စစ်ကောင်စီနဲ့လိုက်လျောညီထွေနေထိုင်ခဲ့တဲ့ ပါတီတချို့ကတော့ သူတို့ရှင်သန်ရေးအတွက် နည်းလမ်းရှာလာနိုင်တယ်လို့ ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဟောင်းတစ်ဦးက သုံးသပ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အတွေ့အကြုံနဲ့ လက်ရှိမြေပြင်အခြေအနေတွေအရ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဟောင်းတစ်ဦးက "နိုလင်းဟေဇာက ဘာပြောခဲ့လဲဆိုတော့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲလုပ်ရင် သွေးချောင်းစီးလိမ့်မယ်တဲ့။ အခုပဲ ဘာတွေဖြစ်နေလဲဆိုတာသိတဲ့အတိုင်းပြ လဝကတွေကို ဖြိုနေပြီ။ ဘုရားသုံးဆူတို့ဘာတို့ အညာတွေမှာလည်း လဝက ရုံးတွေ မီးရှို့လုပ်နေပြီ။ ပြည်သူကတော့ လက်မခံဘူး။ လက်မခံတော့ လုပ်နိုင်ဖို့ကမလွယ်ဘူး။ ဒါပေမဲ့ သူတို့အချင်းချင်းတွေကို သဘောထားကွဲလွဲနေတယ်။ ရွေးကောက်ပွဲ ဖြစ်မယ်မထင်ဘူး။ ဖြစ်ရင်လည်း စောနပြောသလို သွေးချောင်းစီးလိမ့်မယ်ထင်တယ်။ တိုင်းပြည်ရဲ့အခင်းအကျင်းကကို လုပ်လို့မရနိုင်ပါဘူး။ တိုင်းပြည်က အေးချမ်းနေမှလုပ်လို့ရတာ ဒါမျိုးက။ မြို့နယ်ပေါင်း ၃၃၀ မှာ သူတို့လုပ်နိုင်ရင် ၁၀၀ ထက်ပိုမလုပ်နိုင်ဘူး။ အာဆီယံအပါအဝင် တကမ္ဘာလုံးက ဘယ်သူကမှ ဒါကို အသိအမှတ်မပြုဘူး။ ရွေးကောက်ပွဲလုပ်ရင်တောင် အသိအမှတ်မပြုဘူးလို့ပြောပြီးသား။ သူတို့ကတော့သိတဲ့အတိုင်း ဇွတ်တရွတ်လုပ်ချင်လည်းလုပ်မှာပေါ့။ လုပ်လည်း အောင်မြင်မယ်မထင်ပါဘူး။"

၂၀၀၈ ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်တွေအရ အခု ဇန်နဝါရီလကုန်ရင် စစ်ကောင်စီအာဏာသိမ်းထားတဲ့ အရေးပေါ်ကာလ သက်တမ်းဟာ ကုန်ဆုံးပြီဖြစ်ပါတယ်။ စစ်ကောင်စီက သူတို့အာဏာဆက်လုထားနိုင်ဖို့ ကာကွယ်ရေးနဲ့လုံခြုံရေး ကောင်စီအစည်းအဝေးခေါ်တာ၊ ရွေးကောက်ပွဲကျင်းပတာ စတဲ့နည်းလမ်းတွေကို အသုံးပြုဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ရွေးကောက်ပွဲ မဖြစ်မနေကျင်းပမယ်၊ နိုင်တဲ့ပါတီကို အာဏာလွှဲပေးမယ်လို့  စစ်ခေါင်းဆောင်က သူ့ရဲ့မိန့်ခွန်းတွေမှာ မကြာခဏ ထည့်သွင်းပြောဆိုခဲ့ပေမယ့် မြေပြင်စစ်ရေးပြဿနာတွေကြောင့် လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲတစ်ရပ်ကျင်းပဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူးလို့ လေ့လာသူတွေက သုံးသပ်ပါတယ်။

စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနှစ်ထဲမှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ဆိုတာက အခြေအနေတွေပေါ် မူတည်ပြီး ကျင်းပနိုင်မယ်လို့ တပ်အပ်မပြောနိုင်ကြောင်း VOA သတင်းဌာနကိုဖြေဆို ထားပါတယ်။

PHOTO-NLD

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013