DVB Logo
Home
မြန်မာသတင်း
မောင်တောနယ်စပ်ပစ်ခတ်မှု ဘင်္ဂလားဒေ့ရှ် ကန့်ကွက်၊ ရဲမှူးကြီး မင်းအောင်နှင့်မေးမြန်းချက်
DVB
·
May 30, 2014
မောင်တောနယ်စပ်ပစ်ခတ်မှု ဘင်္ဂလားဒေ့ရှ် ကန့်ကွက်၊ ရဲမှူးကြီး မင်းအောင်နှင့်မေးမြန်းချက်
Donate to DVB

ရခိုင်ပြည်နယ် မောင်တောနယ်စပ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက လက်နက်ကိုင်တဦး သေဆုံးခဲ့ရတဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို တရားဝင် ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။

soldiersမေ ၂၈ ရက်နေ့မနက်က မောင်တော-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၅၂ အနီးမှာ ပြောက်ကျား ၀တ်စုံဝတ်ထားတဲ့ လက်နက်ကိုင် ၂ ဦးနဲ့ ကင်းလှည့်နေတဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တို့ အပြန်အလည် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ ၁ ဦး သေဆုံးသွားခဲ့ပြီးနောက် အခုလို ဘင်္ဂလားဒေ့ရှ်ဘက်က ကန့်ကွက်စာ ပေးပို့လာတာ ဖြစ်ပါတယ်။

မေလအတွင်း မောင်တောနယ်စပ်မှာ နှစ်ဘက် တိုက်ပွဲတွေ မကြာခဏဖြစ်ပွားခဲ့ပြီး နှစ်ဘက် တိုက်ပွဲဖြစ်တိုင်း မြန်မာဘက်က ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး လက်နက်ကိုင်အဖွဲ့ (အာအက်စ်အို) ကလို့ ယူဆရကြောင်း ထုတ်ပြောခဲ့ဖူးပါတယ်။

အခုတော့ ဘင်္ဂလားဒေ့ရှ်ဘက်က ဒီကိစ္စ ကန့်ကွက်လာတာနဲ့ ပတ်သက်ပြီး အဖြစ်မှန်နဲ့ ဒီပြဿ နာကို နှစ်နိုင်ငံ ဘယ်လို ဖြေရှင်းကြဖို့ ရှိသလဲဆိုတာ သိရအောင် နေပြည်တော်က ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးဌာနက ဒုညွှန်ကြားရေးမှူး ရဲမှူးကြီး မင်းအောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

၂၈ ရက်နေ့က မောင်တောနယ်စပ်မှာ ကျသွားတဲ့ တပ်ဖွဲ့ဝင်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာဘက်ကို ဖြေရှင်းချက်ပေးဖို့ တောင်းဆိုထားတယ် ကြားလို့ပါ။

“သူတို့က ကန့်ကွက်စာလိုမျိုးဟာတော့ နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ပို့တယ်လို့တော့ သိရပါတယ်။”

မီဒီယာတွေက သိရတာက ၁၃၊ ၁၇၊ ၂၈ ရက် တိုက်ပွဲတွေ ဆက်ဖြစ်တယ်ဆိုတော့ ကျနော်တို့ အဲဒီဘက်တွေ မေးတော့ အာအက်စ်အို လို့ ယူဆရတယ်ပဲ ပြောတယ်။ ရဲမှူးကြီးတို့ ဘယ်လိုများ သိပါသလဲ၊ တဖက်က တပ်ဖွဲ့ဝင်တွေက ဘာအဖွဲ့တွေလဲ။
“ကြားတဲ့ဟာကတော့ အာအက်စ်အို လို့ပဲ သူတို့က ပြောတယ်။ သတင်းပို့တဲ့အချက်အရ အာအက်စ်အိုလို့ပဲ သိတယ်။”

ဒီလထဲမှာ သုံးလေးကြိမ်ဖြစ်တော့ လုံခြုံရေးကို ဘယ်လိုလုပ်ဖို့ ရဲမှူးကြီးတို့ စီစဉ်ထားလဲ။
“လုံခြုံရေးကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ချထားတဲ့ နယ်ခြားစောင့်ရဲတပ်ဖွဲ့လည်း ရှိတယ်။ တပ်မတော်အဖွဲ့လည်း ရှိတယ်။ အခု နောက်ဖြစ်တဲ့ တိုက်ပွဲက တပ်မတော်အဖွဲ့ ကင်းလှည့်ရာမှာ ဖြစ်တယ်လို့ပြောတယ်။”

နှစ်နိုင်ငံ နယ်ခြားစောင့်ကော်မတီလည်း ရှိတယ်လို့ ပြောတယ်၊ အချင်းချင်းညှိပြီး လုပ်ကြမလား ဘယ်လိုစီစဉ်ထားလဲ။
“နယ်ခြားကော်မတီမှာ အလံတင် အစည်းအဝေးတို့၊ အောက်ခြေအဆင့် အစည်းအဝေးတို့ အလွတ်ဆွေးနွေးပွဲတို့ကို ခဏခဏ ဆွေးနွေးတယ်။ ဒီကိစ္စကလည်း ဆွေးနွေးရင်းနဲ့ ပြီးသွားမှာပါ။”

ဒါပေမယ့် ဒီလထဲမှာ ဆက်တိုက်ဖြစ်နေသလို ဖြစ်နေတယ်။
“တိုက်ပွဲဖြစ်နေတာလည်း မိုင်တိုင် ၅၂၊ ၅၃ အဲဒီနေရာမှာပဲ ဖြစ်နေတာ။”

တဖက်က ဘယ်အဖွဲ့လဲဆိုတာ နှစ်နိုင်ငံပေါင်းပြီး ဖော်ထုတ်ဖို့ မရှိဘူးလား။
“နှစ်နိုင်ငံပေါင်း ဖော်ထုတ်ဖို့က နယ်ခြားကော်မတီ အစည်းအဝေးသွားတဲ့အခါမှာ သူတို့ဆီကို တောင်းဆိုထားပါတယ်။ သူတို့ကတော့ ပထမတခါ ဖြစ်တုန်းက သူတို့ဘက်က ပစ်လိုက်လို့ ကျနော်တို့ဘက်က ၄ ယောက် သေသွားတာရှိတယ်။ အဲဒီ အစည်းအဝေးမှာ ရဲမှူးချုပ်တင်ကိုကို တို့ သွားတော့ မေးတဲ့အခါမှာ သူတို့နယ်မြေလည်း မဟုတ်ဘူး၊ သူတို့အဖွဲ့မဟုတ်ဘူးလို့ ပြောတယ်။ ဒီကြားထဲမှာ သူတို့အဖွဲ့ BGB (ဘင်္ဂလာဒေ့ရှ် နယ်စပ် လုံခြုံရေး တပ်ဖွဲ့) မဟုတ်ဘူးဆိုရင်… အဲဒီမှာက အာအက်စ်အို နဲ့ BGB ၂ ဖွဲ့တည်း ရှိတာ။”

အခုတော့ သူတို့တပ်ဖွဲ့ဝင်ပါ ပြောပြီး ကန့်ကွက်လာပြန်ပြီ။

“အခုကျတော့ အဲဒီလိုမျိုး ကန့်ကွက်လာတယ်။ တကယ်ဆိုရင် ကင်းလှည့်တာတို့ဘာတို့ဆိုရင် အလံထောင်ရတယ်လို့ ပြောတယ်။ ဒီတခါမှာလည်း ၂ ယောက်တည်း လာတယ်။ အလံမပါဘူး။ ယူနီဖောင်းကလည်း ပြောက်ကျားအ၀ါရောင် ၀တ်ထားတယ်ပြောတယ်။ နောက်ပြီး ဘက်တံဆိပ် မပါဘူး။ တကယ်တမ်း သူတို့နိုင်ငံက တပ်ဖွဲ့ဖြစ်လို့ရှိရင် ဘက်တံဆိပ်က ပါရမှာပေါ့။ တပ်မတော် တပ်ဖွဲ့နဲ့တွေ့တဲ့အခါကျတော့ သူတို့ကလည်း ဒါဆိုရင် သူတို့သောင်းကျန်းသူပဲဆိုပြီး ကျနော်တို့နယ်ထဲ ၀င်လာလို့ ပစ်လိုက်တာပါ။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးကို မေ ၂၉ ရက်နေ့က ဆင့်ခေါ်ထားပြီး ဒီဖြစ်ရပ်ကို ကန့်ကွက်ကြောင်းနဲ့ စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးကလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ကို ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားတယ်လို့ ဘင်္ဂလားဒေရှ့် သတင်းစာတွေက ရေးပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်အကြီးအကဲက သေဆုံးသူရဲ့ အလောင်းနဲ့ လက်နက်တွေကို လိုချင်သလို မြန်မာနယ်စပ်မှာ လုံခြုံရေးကို တိုးမြှင့်ချထားတယ်လို့ ပြောဆိုတယ်လို့လည်း သတင်းတွေက ရေးပါတယ်။

ဒီဗွီဘီအနေနဲ့ သက်ဆိုင်ရာသံရုံးတွေကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ပြန်လည် ဖြေကြားခဲ့ခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013