DVB Logo
Home
မြန်မာသတင်း
မိုးဗြဲတောင်သူများ စိုက်ပျိုးမြေတွင် လုပ်ကိုင်ခွင့် စစ်တပ်က ဟန့်တား
DVB
·
May 30, 2014
မိုးဗြဲတောင်သူများ စိုက်ပျိုးမြေတွင် လုပ်ကိုင်ခွင့် စစ်တပ်က ဟန့်တား
Donate to DVB

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာအုပ်စုထဲက ဒေသခံ တောင်သူတွေကို တပ်သိမ်းမြေထဲမှာ ၀င်ရောက်စိုက်ပျိုးတာ မလုပ်ဖို့ စစ်တပ်က တားမြစ်မိန့် ထုတ်ပြန်လိုက်တဲ့ အတွက် ရွာသားတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။

Military Landရွာသားတွေဟာ အဲဒီမြေပေါ်မှာ ပြောင်းဖူး၊ ပဲစဉ်းငုံနဲ့ စပါး အစရှိတဲ့ ကောက်ပဲသီးနှံတွေ စိုက်ပျိုးထားပြီးကာမှ အဲဒီမှာ လုပ်ကိုင်ခွင့် မရှိကြောင်း၊ လုပ်ကိုင်ရင် တည်ဆဲဥပဒေနဲ့ အရေးယူခံရမယ့်အကြောင်း ဖယ်ခုံ အခြေစိုက် ခမရ ၄၂၂ တပ်ရင်းက မေ ၂၅ ရက်နေ့ နေ့စွဲနဲ့ ညွှန်ကြားချက်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

တောင်သူတွေဟာ အဲဒီယာမြေနဲ့ဘဲ အသက်မွေးဝမ်းကျောင်းပြုရတာမို့ ဆက်လက် လုပ်ကိုင်ခွင့်ရရေးအတွက် မေ ၂၉ ရက်နေ့က သက်ဆိုင်ရာ တပ်ရင်းမှူးနဲ့ သွားရောက်တွေ့ဆုံ အသနားခံပေမယ့် ထူးခြားမှုမရှိဘူးလို့ တပ်ရင်းမှူးနဲ့ သွားတွေ့ခဲ့သူ ဦးအောင်မျိုးခန့်က ဒီဗွီဘီကို ခုလိုပြောပါတယ်။

“တောင်သူတွေက စိုက်ပျိုးပြီးပြီ။ စိုက်ပြီးပျိုးပြီးမှ ဒီလို တားမြစ်တာကြောင့် တောင်သူတွေ ၂ ခါနစ်နာမယ်လို့ ဒါကြောင့် ဒီတသီးစာကို စိုက်ပျိုးခွင့်ပေးပါလို့ သွားရောက်တောင်းဆိုတာပါ။ သူက သူ့သဘောနဲ့ ဆုံးဖြတ်လို့မရဘူး။ ဒီတောင်သူတွေ လက်မှတ်လိုက်စုဆောင်းကောက်ခံ ပြီးတော့မှ တပ်မြေပေါ်မှာ စိုက်ပျိုးရတာဟာ တပ်မြေမှန်းသိပြီးတော့မှ ၀င်ရောက်လုပ်ကိုင်ကြောင်း၊ အပိုင်မယူကြောင်း၊ ၀န်ခံချက်နဲ့ သူတို့ဆီကို စာတင်ရင်ဖြင့် သူတို့အနေနဲ့ ဆက်လက် လုပ်ကိုင်ခွင့် ပြုမှာ ဖြစ်ကြောင်း ပြောတယ်။”

တပ်ရင်းမှူးက အခုလို ပြောဆိုတဲ့အပေါ်မှာ ရွာသားတွေ လက်မှတ်ထိုးရေး၊ မထိုးရေး ပြန်တိုင်ပင်ရဦးမှာ ဖြစ်ပြီး သူ့အနေနဲ့ကတော့ စစ်တပ်ကသာ သူတို့မြေကို လာသိမ်းထားတာ ဖြစ်တဲ့အတွက် လက်မှတ်ထိုးပေးဖို့ ခက်ခဲတယ်လို့ ဆိုပါတယ်။

မိုးဗြဲကျေးရွာအုပ်စုက မြေဧကပေါင်း ၁၅၀၀ ကျော်ကို ခမရ ၄၂၂ တပ်က လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်ကတည်းက တပ်ပိုင်မြေ အဖြစ် သိမ်းယူခဲ့ကြောင်း၊ ၂၀၀၃ ခုနှစ်မှာ ဧကပေါင်း ၇၀၀ ကျော် ပြန်စွန့်လွှတ်ခဲ့ပြီး လက်ကျန်မြေတွေထဲက ဧကပေါင်း ၂၀၀ ကျော်ကိုသာ ရွာသား ၁၂၆ ဦးက ပြန်လည်တောင်းဆိုခဲ့ကြောင်း ရွာသားတွေရဲ့ပြောပြချက်အရသိရပါတယ်။

အစိုးရတပ်သိမ်းဆည်းထားတဲ့ ကာလတွေအတွင်း တချို့နှစ်မှာ သီးစားခပေးဆောင် လုပ်ကိုင်ရသလို တချို့နှစ်မှာ ပေးဆောင်စရာမလိုဘဲ လုပ်ခွင့်ရခဲ့ပေမယ့် ရွာသားတွေက ကိုယ်ပိုင်အဖြစ် ပြန်လိုချင်နေတာပါ။

ဒီမြေတွေ ပြန်ရရေးအတွက် ပြီးခဲ့တဲ့ ၂၀၀၃ ခုနှစ် ဇွန်လကစပြီး ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုအစိုးရ၊ လယ်ယာမြေ စုံစမ်းစစ် ဆေးရေး ကော်မရှင်ဆီပါ စာရေးတောင်းဆိုခဲ့ပြီး ဆန္ဒပြမှုလည်း ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖယ်ခုံမြို့နယ် မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီရုံးကို ဒီဗွီဘီက မေးမြန်းကြည့်ရာမှာတော့ ရွာသားတွေရဲ့ ပေးပို့ထားတဲ့စာကို လက်ခံရရှိပါကြောင်းနဲ့ လက်ရှိပိုင်ရှင်ဟာ စစ်တပ်က ဖြစ်နေတာကြောင့် စစ်တပ်ရဲ့ဆုံးဖြတ်ချက်အပေါ် မူတည်တယ်လို့ ဒုဦးစီးမှူးး ဦးချိုချိုက ခုလိုပြောပါတယ်။

“အခုကတော့ လက်ရှိ ပိုင်ဆိုင်နေတဲ့ အဖွဲ့အစည်းနဲ့ပေါ့၊ တဖက်က ကာယကံရှင် တောင်သူနဲ့ပေါ့။ လမ်းကြောင်းအတိုင်းကတော့ တပ်ကနေပြီးတော့ ပြန်လည် စွန့်လွှတ်မယ်ဆိုတဲ့ အဖြေ တခုခု ရမှာပေါ့။ စွန့်လွှတ်မယ်၊ မစွန့်လွှတ်ဘူးပေါ့။ သူတို့က ပိုနေပြီးသိမ်းထားတာ၊ ပြန်လည်စွန့်လွှတ်ဖို့ ရှိပါတယ်ဆိုပြီး ပြန်ပေးရင်တော့ ပြည်ထဲရေးကနေ အဆင့်ဆင့် တင်ပြပြီးတော့မှ သက်ဆိုင်ရာ တောင်သူတွေကို ပြန်အပ်ရမှာ ခင်ဗျ။”

လက်ရှိ ဖယ်ခုံမြို့နယ်ထဲမှာ ရွာသားတွေက လာတင်ထားတဲ့ မြေသိမ်းမှုပေါင်း ၃ ခု ရှိပြီး မြေဧကပေါင်း ၁ ထောင်ကျော် အနက် ၂ ဧကဘဲ ပိုင်ရှင်ဖြစ်သူ လက်ထဲ ပြန်အပ်ပေးခဲ့ရတယ်လို့ ဒု ဦးစီးမှူးက ဖြည့်စွက်ပြောကြားသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013