DVB Logo
Home
Lead Story
လွှတ်တော်အမတ်တွေလစာ တိုးပေးသင့် မသင့် (သတင်း သုံးသပ်ချက်)
DVB
·
May 30, 2014
လွှတ်တော်အမတ်တွေလစာ တိုးပေးသင့် မသင့် (သတင်း သုံးသပ်ချက်)
Donate to DVB

ပြည်ထောင်စုအဆင့် အမတ်တွေ ရတဲ့ လစာနဲ့ အခြားစရိတ်တွေဟာ လုပ်ငန်းတာဝန်နဲ့ လိုက်လျောညီထွေ မဖြစ်ဘဲ အလွန့်ကို နည်းပါးနေတယ်လို့ လွှတ်တ်ာအခွင့်အရေး ကော်မတီက လွှတ်တော်မှာ အစီရင်ခံပါတယ်။

parliment မေလ ၂၈ရက်နေ့က ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ အစီရင်ခံတာ ဖြစ်ပြီး လွှတ်တော်အမတ် အတော်များများကလည်း ထောက်ခံပြောဆိုကြပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အမတ်တွေဟာ ၁ လ လစာ ကျပ် ၃ သိန်း၊ နေပြည်တော်မှာ လွှတ်တော်တက်စဉ် တည်းခိုခ၊ စားစရိတ်နဲ့ အထွေထွေ တနေ့ ကျပ် ၁ သောင်း ရတယ်လို့ သိရပါတယ်။

ကချင်ပြည်နယ် အင်ဂျန်းယန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဒွဲဘူက မေလ ၂၈ ရက် လွှတ်တော်တွင်းဆွေးနွေးခဲ့ကြပုံကို အခုလို ပြောပါတယ်။

“ဒါလွှတ်တော် အခွင့်အရေးကော်မတီကသာ ဒီကိစ္စတွေကို ဒီလိုတွေ့နေရတဲ့အတွက် ဆွေးနွေးပါလို့ ပြောပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ကိုယ့်ရဲ့ချီးမြှင့်ငွေကိုတော့ ထဲထဲဝင်ဝင် ဆွေးနွေးခဲ့တာ မတွေ့ရပါဘူး။ မဲဆန္ဒတွေ ဆင်းတဲ့အခါမှာ ခရီးစရိတ်ကဏ္ဍတွေ ရှိတယ်။ အဲဒါ အမှန်အကန် ကုန်ကျတဲ့ စရိတ်ကို ထည့်သွင်းပေးဖို့ကိုပဲ အထူးပြုဆွေးနွေးခဲ့တာ ရှိပါတယ်။ နောက် ၀န်ထမ်းတွေ လခမတိုးပဲနဲ့ ကျမတို့ တိုးတယ်ဆိုရင်လည်း မသင့်တော်ဘူး ဆိုတာ ထည့်သွင်းဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ ကျမတို့ကတော့ ဘယ်လိုပဲ ပြောပြောပါ၊ ဒီစရိတ်တွေ တိုးတာ မတိုးတာ ကျမတို့အတွက် အဓိက မဟုတ်ပါဘူး။ ပြည်သူတွေ ဆင်းရဲတာမို့လို့ ကျမတို့လည်း ပြည်သူတွေနဲ့အတူ သွားရမယ်ဆိုတာ နားလည်ပါတယ်။ ဒီကဏ္ဍကို ကျမတို့လည်း မဆုံးဖြတ်လိုပါဘူး။ လူထုရဲ့ အမြင်တွေကိုလည်း နားထောင်ဦးမှာ ဖြစ်ပါတယ်။”
မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကတော့ လွှတ်တော်အမတ်တွေရဲ့ လစာ၊ သာမန်ဝန်ထမ်းတွေရဲ့ လစာနဲ့ အစိုးရ၀န်ကြီးတွေရဲ့ လစာတွေဟာ ကွာခြားချက် များလွန်းတယ်လို့ ပြောပါတယ်။
“လွှတ်တော် ကိုယ်စားလှယ်တွေကတော့ ၃ သိန်း ရတယ်ပေါ့နော်။ ဒါပေမယ့် သာမန်ဝန်ထမ်း တွေနဲ့စာရင် များသလိုတော့ အတိုင်းအတာရှိတာပေါ့။ ဒါပေမယ့် အထက်အောက် ကွာခြားမှုကတော့ တော်တော့ကို များပါတယ်။ သာမန် ၀န်ထမ်းတွေအနေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ များသလို ယူဆနိုင်သလို လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့လည်း သမ္မတက အစ ပြည်ထောင်စုဝန်ကြီးအဆင့် တွေနဲ့ သိပ်ပြီးတော့ ကွာသွားတယ် ခင်ဗျ။ ပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေဆိုတာက နိုင်ငံတကာမှာလည်း ၃ သိန်းလောက်ဆိုတာ ဒေါ်လာ ၃၀၀ လောက်ပဲရှိတဲ့ ကိစ္စက နိုင်ငံတကာစံနှုန်းနဲ့ဆိုရင် ဘယ်လိုမှ မကိုက်ညီပါဘူး။ လက်တွေ့ နယ်ပယ်မှာကျပြန်တော့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက နယ်တွေကို ဆင်းတဲ့အခါမှာ ကိုယ့်စရိတ်နဲ့ ကိုယ် ဆင်းရတာခင်ဗျ။ ကိုယ့်စရိတ်နဲ့ကိုယ် ဆင်းရတယ်၊ ပြည်သူတွေရဲ့ အသံတွေကို နားထောင်ရတယ်။ သူတို့ ကျွေးတာ မွေးတာကအစ လွှတ်တော်ကိုယ်စားလှယ် တဦးဆိုတော့ နည်းနည်းဝိုင်းပြီးတော့ စိုက်ခံပေးရတာပေါ့။ နောက် ဖုန်းကတ်တွေကော စာစီစာရိုက် ကအစ အများကြီးပါ။ နောက်ပြီးတော့ ကိုယ်ကလည်း လွှတ်တော်ကိုယ်စားလှယ် ဆိုတော့ အလှူကအစ မင်္ဂလာဆောင်ကအစ ဖိတ်တဲ့အခါမှာ အရင်တုန်းက သာမန်ပုဂ္ဂိုလ်ဆိုတော့ ၂ ထောင် ၃ ထောင်လောက်နဲ့ရတယ်၊ အခုဆိုရင် ၁ သောင်းလောက်က အနည်းဆုံး။ အဲဒီလိုမျိုးပေါ့ဗျာ ကျားကြီးရင် ခြေရာကြီးတာမျိုး အဘက်ဘက်က ကုန်ကျစရိတ်တွေ တကယ်များပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ခြိုးခြိုးခြံခြံနဲ့ပဲ သုံးနေရတဲ့ အနေအထား မျိုးပေါ့နော်။ တကယ်လို့ လစာတွေ ချေးငွေတွေ တိုးပေးမယ်ဆိုရင် ပိုပြီးတော့ နယ်တွေကို ဆင်းရာမှာလည်း အဆင်ပြေမယ်၊ ပိုပြီးတော့ အလုပ်လုပ်နိုင်မယ်ပေါ့။ အဲဒီလို အတိုင်းအတာမျိုးကြောင့် ကျနော်တို့က နိုင်ငံတကာစံနှုန်း အနေနဲ့ရော ကိုယ့်ပြည်တွင်းမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ချိန်ထိုးလိုက်ရင်တော့ လွှတ်တော်ကိုယ်စားလှယ်တွေ ဒီထက် ပိုပြီးတော့ အလုပ်လုပ်နိုင်မယ်ဆိုရင်တော့ ဒီထက်ပိုပြီး တိုးဖို့လိုမယ်လို့ မြင်ပါတယ်။”
ဒီမိုကရက်တစ်ပါတီ မြန်မာရဲ့ ဥက္ကဋ္ဌ ၀ါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေကို ပါလီမန်ခေတ်အမတ်တွေလစာနဲ့ ခံစားခွင့်တွေအကြောင်းမေးမြန်းရာမှာ အခုလို ပြောပါတယ်။

“ဟိုတုန်းက လွှတ်တော်အမတ်တွေဟာ လစာ ၃၀၀ ပဲရတယ်။ နေ့တွက်ရတယ်။ လွှတ်တော်ရှိတဲ့အချိန်မှာ တနေ့ကို ၂၅ ကျပ်ရတယ်။ အဲတုန်းက ဒုဝန်ကြီးက ၈၀၀ ပဲ ရတယ်။ ဒါပေမယ့် လုံလောက်တယ်၊ ပြဿ နာ မဖြစ်ဘူး။ ရွှေ ၁ ကျပ်သားကို ၁၀၀ မရှိသေးဘူး။ ရွှေ ၃ ကျပ်သားလောက် ရမှာပေါ့။ အဲဒီခေတ်တုန်းက အနိမ့်ဆုံးက ၇၅ ကျပ်ရတယ်။ အထက်တန်းစာရေးတောင်မှ ၁၁၀ ပဲရတယ်။ အဲဒီကာလတုန်းက မိသားစုတွေ လုံလောက်တယ်။”

ငြိမ်းချမ်းရေးနဲ့ လူမှုတရားမျှတမှု ဖော်ဆောင်ရေးအဖွဲ့ ညွှန်ကြားရေးမှူး ဒေါက်တာ သောင်းထွန်း ကတော့ နိုင်ငံတကာနဲ့ယှဉ်ပြီး အခုလို သုံးသပ် ဆွေးနွေးပါတယ်။

“အထူးသဖြင့် လုပ်ငန်းတွေကို အထောက်အကူပြုဖို့ ၀န်ထမ်းတွေ ခန့်အပ်ပေးထားတာပေါ့။ အမေရိကားမှာဆိုရင် လွှတ်တော်အမတ်တယောက်ဆိုရင် ၀ါရှင်တန်မှာလည်း ကွန်ဂရက်အဆောက်အဦမှာ သူ့အတွက် ရုံးခန်းရှိတယ်။ အနည်းဆုံး ၀ါရှင်တန်က ရုံးမှာ တကယ်ဥပဒေရေးအရ အတိုင်ပင်ခံပုဂ္ဂိုလ်တွေအပါအ၀င် စာရေးစာချီနဲ့ ရုံးဝန်ထမ်းက ၁ ဒါဇင်လောက်ရှိတယ်။ အဲဒါအပြင် မဲဆန္ဒနယ်တွေမှာလည်း မဲဆန္ဒရှင်ပြည်သူနဲ့ ဆက်သွယ်လုပ်ဖို့ ရုံးတရုံးနဲ့ ၀န်ထမ်းတွေ ရှိတယ်။ ၀န်ထမ်းတွေရဲ့လခကို နိုင်ငံတော်ကပဲ ပေးအပ်ပါတယ်။ ဒီအဆင့်ထိက ချက်ချင်း မလိုသေးပေမယ့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ သက်ဆိုင်ရာ ဥပဒေပြုစုတဲ့နေရာမှာ လိုအပ်တဲ့အထောက်အကူပေးနိုင်ဖို့ ရေးရာကော်မတီမှာ ၀န်ထမ်းတွေ ခန့်ထားသင့်သလို နေထိုင်တဲ့နေရာမှာလည်း အင်တာနက်ကြည့်တာကအစ၊ ဖတ်ရှုလေ့လာစရာ လိုင်ဘရီကအစ အလွယ်တကူရနိုင်အောင် ကွန်ပျူတာတွေ အသုံးပြုနိုင်ဖို့ ပိုပြီး အထောက်အကူပြုတဲ့ပစ္စည်းတွေ၊ ၀န်ထမ်းတွေ ထားပေးဖို့ လိုမယ်လို့ ထင်တယ်။ တယောက်ချင်း ထားမပေးနိုင်ရင်တောင် ကော်မတီလိုက်ဖြစ်စေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနေတဲ့ တည်းခိုခန်းတွေမှာပဲ ဖြစ်စေ အများအသုံးပြုနိုင်တဲ့ အင်တာနက်၊ ကွန်ပျူတာ၊ ပရင်တာ စတဲ့ကိရိယာတွေ ပံ့ပိုးပေးသင့်တယ်လို့ ထင်ပါတယ်။”

မြန်မာ့လွှတ်တော်မှာ အမတ်ပေါင်း ၆၀၀ လောက်ရှိပြီး ဒီထဲ တပ်ကိုယ်စားလှယ်တွေ ဖယ်လိုက်ရင် အမတ်ပေါင်း ၄၀၀ လောက် ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013