
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို မင်းတပ် ပ.အ.ဖနဲ့ CDF-မင်းတပ်က ၉၅ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်သားတွေက မြို့ပေါ် ၄ ရပ်ကွက်မှာ နေထိုင်ကာ မြို့ပြင်ကို ထွက်မလာရဲဘူးလို့ မင်းတပ် ပ.အ.ဖရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုယောမာန်က ဒီဗွီဘီကို ပြောပါတယ်။
မြို့နယ်ထဲမှာ အုပ်ချုပ်ရေးယန္တရားတွေလည်း အရင်ကထက် ပိုမိုပီပြင်လာပြီး ဆေးရုံတွေ၊ စာသင်ကျောင်းတွေ၊ ရဲဌာန၊ တရားစီရင်ရေးဌာနနဲ့ အခွန်ကောက်ခံတဲ့စနစ်တွေ ကောင်းကောင်းလည်ပတ်နေပြီလို့ ကိုယောမာန်က ပြောပါတယ်။
စာသင်ကျောင်းပေါင်း ၁၈၀ ကျော်မှာ ဆရာ ဆရာမ ၁,၃၀၀ ကျော်လောက်နဲ့ ပညာသင်ကြားနေပြီး မြေပြင်မှာလည်း အခြေခံပညာပြီးမြောက်ကြောင်း စာမေးပွဲဖြေဆိုဖို့ လှုပ်ရှားနေတာတွေ ရှိတယ်လို့ ဆိုပါတယ်။
အခွန်စနစ်နဲ့ ပတ်သက်လို့လည်း ထိန်းချုပ်နယ်မြေထဲမှာ တချို့ ခွင့်ပြုလို့ရတဲ့ လုပ်ငန်းတွေကို လိုင်စင်တွေ ထုတ်ပေးတာ၊ တင်ဒါတွေ ပေးတာတွေ လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။
“မင်းတပ်မြို့ပေါ်မှာလည်း စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းတွေ ကောက်ခံနေတယ်လို့ သိရတဲ့အတွက် မင်းတပ် ပ.အ.ဖ က စာထုတ်ပြီး သတိပေးထားတယ်။ ကျနော်တို့ မြို့နယ်မှာတော့ ရွေးကောက်ပွဲ လုံးဝ ကျင်းပခွင့်ရမှာ မဟုတ်ဘူးလို့ ပ.အ.ဖနဲ့ CDF-မင်းတပ်က အာမခံတယ်” လို့ ကိုယောမာန်က ပြောပါတယ်။
မင်းတပ်မြို့နယ်ကို ဇန်နဝါရီ ၇ ရက်ကနေ ၂၃ ရက်နေ့အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ် ပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူ ၅ ယောက် ဒဏ်ရာရရှိခဲ့ပြီး မိဘပြည်သူတွေအနေနဲ့ သတ်မှတ်ချက်နဲ့ပြည့်မီတဲ့ ပုန်းခိုကျင်းတွေ တူးထားကြဖို့ သတိပေးထားတယ်လို့ သိရပါတယ်။
မင်းတပ်မြို့နယ်ထဲမှာ ဒီရက်ပိုင်း တိုက်ပွဲမရှိဘဲ အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတွေ နေထိုင်ရာ ဘုန်းကြီးကျောင်းနဲ့ သိမ်တို့ ပျက်စီးပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။
မင်းတပ်မြို့နယ်၊ ပလိပ်ထွီရွာက လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းကို မနက် ၁၁ နာရီလောက်မှာ အကြမ်းဖက်စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားတာပါ။
ဒါ့အပြင် တိုက်နယ် ၂ ထဲက ရွာတွေကိုလည်း မင်းတပ်မြို့ပေါ်မှာ အထိုင်ချထားတဲ့ စစ်တပ်က အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
လေယာဉ်နဲ့ ဗုံးကြဲခံရတဲ့ ရွာဘုန်းကြီးကျောင်းဟာ မြို့နယ်စစ်ဘေးရှောင်တွေကို ကူညီနေတဲ့ စေတနာရှင် လုပ်အားပေးတွေ နေထိုင်တာဖြစ်လို့ ဒီတိုက်ခိုက်မှုဟာ ဘာသာရေးအဆောက်အဦကို တိုက်ခိုက်ရုံသာမဟုတ်ဘဲ အရပ်ဘက်စစ်ဘေးရှောင်တွေကို ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။
လေယာဉ်နဲ့ ပစ်ခတ်၊ ဗုံးကြဲတိုက်ခိုက်တာကြောင့် လူနေအိမ် ၂ လုံး၊ ဘုန်းကြီးကျောင်း ၁ ခုနဲ့ သိမ် ၁ ခုတို့ ပျက်စီးခဲ့ပြီး လူတချို့လည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မနေ့ကပဲ ဝမ္မသူးရွာကိုလည်း မင်းတပ်မြို့ပေါ်ကနေ အမြောက်နဲ့ပစ်လို့ ဒဏ်ရာရသူ နည်းနည်းရှိပြီး နေအိမ်တွေ ဘယ်လောက်ပျက်စီးတယ်ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ဇန်နဝါရီ ၂၂ ရက် ညပိုင်းမှာလည်း စွန်တောင်ကျေးရွာကို လေယာဉ်နဲ့ ဗုံးကြဲတာကြောင့် နေအိမ်တွေပျက်စီးပြီး အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက် ဒဏ်ရာရခဲ့ပါသေးတယ်။