DVB Logo
Home
မြန်မာသတင်း
ရဲရင့်နွေဦး စီမံကိန်းမှ ၂၄ နာရီမပြည့်မီ ကန်ဒေါ်လာ ၁၀ သန်းကျော်ရရှိ
DVB
·
January 24, 2023
ရဲရင့်နွေဦး စီမံကိန်းမှ ၂၄ နာရီမပြည့်မီ ကန်ဒေါ်လာ ၁၀ သန်းကျော်ရရှိ
Donate to DVB

ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်က ၁၀၆ အကြမ်းဖက်တပ်ပိုင်မြေနေရာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကွန်ဒိုမီနီယမ်တိုက်ခန်းတွေ ဆောက်လုပ်ပြီး ရောင်းချသွားမယ့် အစီအစဉ်ကနေ ၂၄ နာရီမပြည့်ခင် အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၃၅ သန်းထိ ရရှိခဲ့တယ်လို့ NUG အစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောပါတယ်။

ဒါဟာ NUG အစိုးရက စီမံဆောင်ရွက်နေတဲ့ အာဏာရှင်အဆုံးသတ်နိဂုံး အစီအစဉ်ကနေ “Spring Valour Condominium Apartments (ရဲရင့်နွေဦး) အဖြစ် ဆက်လက်ပြီးတော့ တော်လှန်ရေးရဲ့ အထူးလိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေ အမြန်ဖြည့်ဆည်းနိုင်ဖို့ ရောင်းချတာဖြစ်ပြီး အရောင်းစတင်ဖွင့်လှစ်ချိန်ကနေ ၁၈ နာရီအတွင်းမှာ အခန်းအားလုံး ရောင်းချနိုင်ခဲ့တာလို့ ဆိုပါတယ်။

NUG အစိုးရ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က “ဒေါ်လာ ၁၀ သန်းကျော် ထောက်ပို့မှုကို ၂၄ နာရီမပြည့်ခင် ပြည့်မီ..။ အိမ်ရာ တိုက်ခန်း ပိုင်ဆိုင်လိုမှုထက် အာဏာရှင်အဆုံးသတ်နိဂုံး စစ်ပွဲမှာ ငါတို့လည်း ပါဝင်ဆင်နွှဲမယ်ဟေ့ဆိုတဲ့ ဆန္ဒာဓိပတိ ပြဋ္ဌာန်း။ သိပ်ကို လှပပြည့်စုံလွန်းပါတယ်။ ကမ္ဘာမှာ ဖြစ်ထွန်းပေါ်ပေါက်ခဲ့ဖူးသမျှ တော်လှန်ရေးပေါင်းများစွာထက်.. မြန်မာ့နွေဦးတော်လှန်ရေးဟာ အတုယူစံပြုစရာ၊ အောင်မြင်ခဲ့တဲ့ သမိုင်းသင်ရိုးအဖြစ် ကျန်ရစ်ခဲ့မယ့် တော်လှန်ရေးပါ..။ တကယ်တော့ ရဲရင့်နွေဦး စီမံကိန်းဟာ ပြည်သူ့အောင်ပွဲ။ ပြည်သူ့ဆန္ဒ။ ပြည်သူ့မျှော်ရည်ရာ။ အရေးတော်ပုံ မအောင်မြင်စရာ ဘာအကြောင်းမှမရှိ..။” လို့ ပြောပါတယ်။

Spring Valour Condominium Apartments (ရဲရင့်နွေဦး) စီမံကိန်းကတော့ အချက်အချာကျတဲ့ မြေနေရာဖြစ်တဲ့အတွက် တော်လှန်ရေးကာလအလွန်မှာ စီးပွားရေး အဆင့်မြင့်အဆောက်အဦတွေ၊ Hotels, Business Centres စတာတွေကို ဆက်စပ် ဖော်ဆောင်သွားဖို့ ရည်ရွယ်ထားပြီး တော်လှန်ပြည်သူတွေအတွက် နွေဦးအလွန်ကာလမှာ ဖော်ဆောင်ပေးမယ့် “Innya Walk” နဲ့လည်း ဆက်စပ်တည်ရှိနေတဲ့နေရာ ဖြစ်ပါတယ်။

Studio အခန်း ၇၀၊ 1-Bedroom အခန်း ၁၀၀၊ 2-Bedroom အခန်း ၂၄၀၊ 3-Bedroom အခန်း ၃၆၀ ပါဝင်တဲ့ ကွန်ဒိုမီနီယမ် တိုက်ခန်းဈေးနှုန်းတွေကိုတော့ တခန်းကို အမေရိကန်ဒေါ်လာ ၁၈,၇၅၀၊ ၂၄,၀၀၀၊ ၃၁,၅၀၀ နဲ့ ၄၀,၅၀၀ စီ အသီးသီးနဲ့ ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဒီမတိုင်ခင်ကလည်း အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်ကုန်မြို့ အမှတ် ၁၄၊ အင်းယားလမ်း နေအိမ်ကို အပြီးသတ် ရောင်းချနိုင်ခဲ့ပြီး ဒုတိယပရောဂျက်အဖြစ် ရန်ကုန်မြို့ ၆ မိုင်ခွဲ Inya View နေရာကိုလည်း ရောင်းချခဲ့တာဖြစ်ကာ ရန်ကုန်မြို့က နွေဦးရိပ်မွန်-မင်းဓမ္မနဲ့ နွေဦးမော်ကွန်းသစ်စီမံကိန်း-သံသုမာတွေ၊ မန္တလေးမြို့က နွေဦးမန္တလေး ပြည်တော်ဝင်စီမံကိန်း Spring Mandalay Investment တွေကိုလည်း ရောင်းချခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အာဏာရှင်အဆုံးသတ်နိဂုံး The End of Dictatorship-EOD အနေနဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရား ရယူသိမ်းပိုက်ထားတဲ့ တခြားသော အိမ်နဲ့ အဆောက်အအုံတွေ၊ စစ်ကောင်စီခေါင်းဆောင်တွေ မတရားပိုင်ဆိုင်ထားတဲ့ အိမ်ခြံမြေတွေကို တခုပြီးတခု ကြိုပွိုင့်နဲ့ရောင်းချပြီး တော်လှန်ရေးအတွက် အရေးတကြီး လိုအပ်နေတဲ့ ဘဏ္ဍာရန်ပုံငွေတွေကိုလည်း ဆက်လက်ရှာဖွေသွားမယ်လို့ ပြောထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013