
တောင်ကိုရီးယား အလုပ်အကိုင်အရည်အချင်းစစ်စာမေးပွဲ (EPS-Topik) ကို ဝန်ဆောင်မှုလုပ်ငန်း ကဏ္ဍမပါဘဲ တခြားလုပ်ငန်း အမျိုးအစားတွေအတွက် အခုနှစ်မှာ ကျင်းပမယ်လို့ စစ်အာဏာရှင်အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)က ကြေညာပါတယ်။
အခုနှစ်အတွက် EPS-Topik စာမေးပွဲမှာ စိုက်ပျိုးရေး/မွေးမြူရေး၊ ဆောက်လုပ်ရေးလုပ်ငန်း အမျိုးအစားတွေ ပုံမှန်အတိုင်း ဆက်ပါခဲ့ပြီး သစ်တောလုပ်ငန်း အမျိုးအစားကို ပထမဆုံး ထည့်သွင်းလာပါတယ်။
အရင်နှစ်တွေက ပါလေ့ရှိတဲ့ ကုန်ထုတ်လုပ်ငန်းအမျိုးအစား မပါလာတော့သလို နောက်ဆုံးပြုလုပ်ခဲ့တဲ့ စာမေးပွဲမှာ အမျိုးသမီးတွေပါ တောင်ကိုရီးယားနိုင်ငံ သွားလုပ်ခွင့်ရစေမဲ့ ဝန်ဆောင်မှုလုပ်ငန်းကဏ္ဍကိုလည်း အခုကျင်းပမဲ့ စာမေးပွဲမှာ ချန်လှပ်ထားတာ တွေ့ရပါတယ်။
ကိုရီးယားဘာသာစကားသင်တန်း နည်းပြတယောက်က “ခေါ်ယူတဲ့ အရေအတွက် နည်းတာရယ်။ အလုပ်ခေါ်စာ စောင့်နေရတဲ့သူ များနေတာတွေကြောင့် ကဏ္ဍ ၂ ခု ပါမလာတာလို့ ယူဆတယ်။ အဲဒီအတွက် သင်တန်းတက် ပြင်ဆင်ထားသူတွေတော့ နစ်နာစရာဖြစ်ရတာပေါ့” လို့ ပြောပါတယ်။
EPS-Topik စာမေးပွဲမှာ ဝန်ဆောင်မှုကဏ္ဍ ဖြေဆိုအောင်မြင်ထားတဲ့ အမျိုးသမီး ၃,၀၀၀ နီးပါး ရှိပေမဲ့ တနှစ်ကျော်သက်တမ်းအတွင်း အလုပ်ခေါ်ယူခန့်ထားတာ ဦးရေ ဆယ်ဂဏန်းလောက်ပဲ ရှိခဲ့တာလို့ မှတ်တမ်းတွေအရ သိရပါတယ်။
အဲဒီလို အမျိုးသမီးလုပ်သား ခေါ်တာနည်းခဲ့လို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ အလုပ်ခေါ်စာ သက်တမ်းမတိုးတော့သူတွေ ရှိခဲ့တယ်လို့လည်း အလုပ်သမားတယောက်က ပြောပါတယ်။
“အခြေအနေက မကောင်းတော့ ဆက်မစောင့်ချင်ကြတော့တာ။ ဒီနှစ်စာမေးပွဲမှာ ထပ်ထည့်ရင်တောင် အရင်လောက် စိတ်ဝင်တစား ဝင်ဖြေကြတော့မယ် မထင်ဘူး။”
အဲဒီဝန်ဆောင်မှုလုပ်ငန်း ထည့်သွင်းပြုလုပ်တဲ့ EPS-Topik စာမေးပွဲကို ၂၀၂ ခုနှစ်မှာ ကျင်းပခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ စာမေးပွဲမရှိခဲ့ပဲ အခုနှစ်မှာ ၁၇ ကြိမ်မြောက်အဖြစ် ပြန်လုပ်တာ ဖြစ်ပါတယ်။
အခုနှစ်မှာ စိုက်ပျိုးရေး/မွေးမြူရေး၊ ဆောက်လုပ်ရေး၊ သစ်တောလုပ်ငန်းတွေအတွက် EPS-Topik စာမေးပွဲကို စက်တင်ဘာ ၉ ရက်ကနေ အောက်တိုဘာ ၉ ရက်အထိ ပြုလုပ်သွားမယ်လို့ POEA က အသိပေးထားပါတယ်။
စာမေးပွဲအောင်မြင်နိုင်မဲ့ ခွဲတမ်းလျာထားချက်အနေနဲ့ စိုက်ပျိုးရေး/မွေးမြူရေးမှာ အယောက် ၇၀၀၊ ဆောက်လုပ်ရေးအယောက် ၅၀၀၊ သစ်တောလုပ်ငန်းအယောက် ၁၀၀ ဖြစ်ပါတယ်။










