DVB Logo
Home
မြန်မာသတင်း
ဒိုက်ဦးမြို့နယ်၌ ခလရ ၃၀ တပ်ရင်းမှ ဗိုလ်မှူးနှင့် တပ်သားများထွက်ပြေး၊ မြိတ်ခရိုင် တပ်ရင်း ၅၆၁ မှ တပ်သား ၂ ဦး ထွက်ပြေး
DVB
·
January 21, 2023
ဒိုက်ဦးမြို့နယ်၌ ခလရ ၃၀ တပ်ရင်းမှ ဗိုလ်မှူးနှင့် တပ်သားများထွက်ပြေး၊ မြိတ်ခရိုင် တပ်ရင်း ၅၆၁ မှ တပ်သား ၂ ဦး ထွက်ပြေး
Donate to DVB

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောကျေးရွာ ခလရ ၃၀ တပ်ရင်းမှ ဗိုလ်မှူးကိုယ်တိုင်ဦးစီးတဲ့ စစ်သား ၄၀ ကျော်လောက်ဟာ အခုသီတင်းပတ်အတွင်း ထွက်ပြေးသွားလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပူတပြင်း ရှာဖွေနေတယ်လို့ တပ်တွင်း သတင်းအရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရှေ့တန်းမှာ အသေအပျောက်များပြီး ရှေ့တန်းလည်းထွက်ရ၊ နောက်တန်းမှာလည်း မနားရ၊ လုံခြုံရေးတွေပါ ထပ်မံပြန်ယူပေးရတာလည်း ရှိတယ်။ တပ်တွင်းမှာက လူအင်အားလည်း မလုံလောက်တော့လို့ စိတ်ဓာတ်ရေးရာ ကျဆင်းလာနေသလို စစ်ခေါင်းဆောင်ပိုင်းတွေက ဖိအားပေးတာတွေလည်း ရှိနေတယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

“အခုလို စစ်တပ်ကနေ စွန့်ခွာထွက်ပြေးတဲ့ တပ်သားအရေအတွက်ကို မသိရပေမဲ့ အရေအတွက် မနည်းတော့ဘူး။ စစ်တပ်ဘက်က သတင်းကို အမှောင်ချထားပါတယ်” လို့ စစ်တပ်နဲ့နီးစပ်တဲ့သူက ပြောပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်မှာလည်း ညောင်ပင်ကွင်းကျေးရွာအနောက်ကမ်းရှိ စစ်ကောင်စီ တပ်ရင်း ၅၆၁ မှ ထွက်ပြေးသွားတဲ့ တပ်သား ၂ ယောက်ကို လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁၉ ရက် ည ၁၁ နာရီခွဲလောက်က ထွက်ပြေးသွားတဲ့ တပ်သား ၂ ယောက်ကို တပ်ရင်းက သေနတ်နဲ့ပစ်ခတ်ကာ ရှာဖွေဖမ်းဆီးတာတွေရှိတယ်လို့ သိရပါတယ်။

ဒေသခံ တဦးက "ည ၁၁ ခွဲအချိန်လောက်မှာ လက်နက်ကြီးသံ ၄ ချက်လောက်ကြား ရတာ။ စစ်သား  ၂ ယောက် ထွက်ပြေးတာကြောင့် သူတို့ ထွက်လမ်းကို လက်နက်ကြီးတွေနဲ့ ပစ်တာ။  ပြီးတော့ သေနတ်တွေနဲ့လည်း လိုက်ပစ်ပြီး ဖမ်းတာပါ။ အရင်ကတည်းက ဒီတပ်ရင်းက တပ်သား တွေပြေးနေကြပါ။ တချို့အကြောက်လွန်ပြီး ပြန်ဖမ်းမိတာတွေလည်း ရှိတယ်"လို့ ဆိုပါတယ်။

တပ်သား နှစ်ယောက် ထွက်ပြေးပြီးနောက် တပ်ရင်းမှ ရွာဝင်တံတားတွေ၊ တပ်ရင်းရှေ့တွေမှာ အသွားအလာ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ညောင်ပင်ကွင်းကျေးရွာတွင် ခုရက်ပိုင်း တပ်ရင်းက လက်နက်ကြီး ပစ်ခတ်တာတွေ ကြားနေရတာ ကြောင့် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာ အကြောင်းအမျိုးမျိုးကြောင့် တပ်တွင်းကနေ မစွန့်ခွာနိုင်ကြသေးပေမဲ့ စစ်ဘက်ဆိုင်ရာ အရေးကြီးတဲ့ သတင်းအချက်အလက်တွေကို သတင်းအဆင့်အတန်းပေါ် မူတည်ပြီး ပေးပို့သူတွေကို ဆုကြေးငွေနဲ့ NUG အစိုးရက ဖိတ်ခေါ်ထားခဲ့တာပါ။

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စစ်ဖြစ်ပွားနေတဲ့ဒေသတွေမှာ စစ်ကောင်စီတပ်သားတွေ သောင်းနဲ့ချီ ထိခိုက်သေဆုံးထားသလို စစ်ကောင်စီတပ်ကနေ အာဏာဖီဆန် ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ CDM လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေလည်း ထောင်နဲ့ချီ ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013